သမ္မတ ဦးသိန်းစိန်လည်း သြစီ သွားမယ်

Friday, November 30, 2012


သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးသိန်စိန်ဟာ လာမယ့် လတွင် သြစတြေးလျနိုင်ငံမှာ သြစီ အစိုးရရဲ့ ကော်ဇောနီ ခင်းပြီး ကြိုဆိုမှု တခုကို ရပါတော့မယ်။ 

ဒါဟာ အရှေ့တောင် အာရှနိုင်ငံတခုမှာ သြစီ ၀န်ကြီးချုပ် Gillard အစိုးရရဲ့ သြဇာတည်ဆောက်ဖို့ နည်း လမ်း ရှာဖွေမှု တခုလည်းဖြစ်တယ်လို့ The Sydney Morning Herald ရဲ့ အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။ 

ယခုထိ စစ်တပ်ရဲ့ လွှမ်းမိုးမှု ရှိနေတဲ့ အစိုးရမှာ တချိန်က ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ကန့်သတ် ချုပ်ချယ် မှုတွေကနေ ဖယ်ရှားပေးပြီး မြန်မာနိုင်ငံ ကို ဒီမိုကရေစီ စနစ်ဆီကို ဦးတည် ပဲ့ကိုင်သူဖြစ်တယ်လို့ ချီးမွမ်းထောပနာ ပြုတာ ခံရသူလည်း ဖြစ်ပါတယ်။ 

ဦးသိန်းစိန်ဟာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သြစီက ကန်ဘာရာနဲ့ ဆစ်ဒနီ မြို့တွေကို ၂ ရက်တာ အလည်အပတ် သွားမှာဖြစ်ပါတယ်။ ဒါကလည်း သြစီ နိုင်ငံခြားရေး ၀န်ကြီး Bob Carr ရဲ့ ဇွန်လပိုင်း က မြန်မာ ခရီးစဉ်အတွင်းမှာ သြစီကို လာဖို့ ၀န်ကြီးချုပ် ဂျူလီယာ ဂျီးလတ်ရဲ့ ဖိတ်ကြားမှုကို ကမ်းလှမ်းခဲ့ တာဖြစ်ပါတယ်။ 

ဒါပေမယ့် သြစီ လူ့အခွင့်အရေး သမား Zetty Brake ကတော့ ဦးသိန်းစိန်ကို သြစီမှာ အခုလို ကြိုဆိုဖို့နဲ့ အလည်အပတ် လာဖို့ ကိစ္စဟာ အချိန်မတန်သေးဘူးလို့ ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ လူနည်းစုတွေ အပေါ် အနိုင်ကျင့်မှုတွေ အထင်အရှားဖြစ်နေသေးလို့ စိုးရိမ်မိကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါ တယ်။ 

ဦးသိန်းစိန်ကို မကြာသေးခင်ကာလအထိ ဗီဇာ ကန့်သတ်ပိတ်ပင်ထားမှုရှိခဲ့ပြီး ဘဏ္ဍာရေး ပိတ်ဆို့အရေးယူ မှု စာရင်းထဲမှာလည်း ရှိနေခဲ့တာပါ။ 

လွန်ခဲ့တဲ့ နှစ်ကပဲ သြစီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိုက်တာပါ။ တိုင်းပြည် နာမည်ပြောင်း လိုက်တဲ့ Myanmar ဆိုတာကိုလည်း သြစီ နိုင်ငံခြားရေးဝန်ကြီး Mr Carr က အသိ အမှတ်ပြု ပြောဆိုလိုက်တာ မကြာသေးပါဘူး။ 

မစ္စ Brake ဆိုသူအမျိုးသမီးက ပြောတာကတော့ စစ်အုပ်စု ကြိုးကိုင်ထားတဲ့ မြန်မာနဲ့ ဆက်ဆံပြောဆို မှုတွေဟာ စိုးရိမ်စ ရာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

Griffith Asia Institute က သံတမန်ဟောင်း Andrew Selth က ပြောတာကတော့ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ကို ကြိုဆိုသင့် တယ်လို့ ဆိုပါတယ်။ 

 “မြန်မာနိုင်ငံမှာ မရေမတွက်နိုင်တဲ့ ပြဿနာပေါင်းများစွာ မဖြေရှင်နိုင်သေးချိန်မှာ အကောင်းဆုံးနည်း လမ်းကတော့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်ပြီး သွားနေဖို့ ပြုပြင်ပြောင်းလဲရေး သမားတွေကို အားပေး ထောက်ခံသင့်တယ်” လို့ သူက ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved