ကွင်းဟောင်းတွေပြန်ပြင်ပြီး လေယာဉ်ဆင်းမယ်

Monday, November 12, 2012

~




ရွက်စိမ်း ~

(ဂူဂဲရဲ့ ဂြိုဟ်တုမြေပုံမှာ တွေ့ရတဲ့ နောင်မွန်းမြို့ လေယာဉ်ကွင်း)
လေယာဉ်အတက်အဆင်းမရှိဘဲ ပစ်ထားတာကြာပြီဖြစ်တဲ့ ကွင်းတွေကို အသုံးပြုနိုင်အောင် ပြန်ပြင်တော့မယ်လို့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

“မြန်မာနိုင်ငံက တချို့ ကုန်းလမ်း ခက်ခဲ့တဲ့နေရာတွေက ခရီးစဉ်ဒေသတွေကို သွားဖို့အတွက် လေကြောင်းလိုင်းက အရေးပါတဲ့ နေရာမှာရှိပါတယ်။ လေယာဉ်ကွင်းတွေ တိုးချဲ့ဖို့ လိုလာပါပြီ။ အဲဒီအတွက် စီမံချက်တွေ ချပြီး လေယာဉ်ကွင်း အဟောင်းတွေကို ပြန်လည် ပြင်ဆင်ပြီး အသုံးပြု သွားမှာပါ” လို့ သူက ပြောပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းတွေ၊ ဧည့်သည်တွေလည်း အများကြီး ၀င်လာနေတာကြောင့် ကွင်းတွေ ပိုလိုအပ်လာတယ် လို့ သူက ဖြည့်စွက်ပြောပါတယ်။

    ပထမဆုံး ပြုပြင်မယ့် လေယာဉ်ကွင်းကတော့ ရခိုင်ပြည်နယ်က မာန်အောင် လေယာဉ်ကွင်းဟောင်းဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အသုံးပြုနိုင်ဖို့အတွက် အပြီးသတ် ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

 ဒုတိယ ပြုပြင်မယ့် ကွင်းက  ကချင်ပြည်နယ်၊ နောင်မွန်မြို့ လေယာဉ်ကွင်းဖြစ်ပါတယ်။ နောင်မွန်က ပူတာအို၊ မချမ်းဘော စတဲ့ မြို့များအနီးမှာ တည်ရှိပါတယ်။ ရေခဲတောင်များနဲ့ နီးစပ်တဲ့မြို့ပါ။

    မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံးမှာ လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိပြီင်္း အသုံးပြုနေတဲ့ လေယာဉ်ကွင်းကတော့ ၃၃ ကွင်းပဲရှိပါသေးတယ်။ ကျန်တဲ့ ၃၆ ကွင်းကတော့ ဒေသမဖွံ့ဖြိုးတာ၊ ပြီးတော့  အခြေခံ အအောက်အအုံ  နဲ့ လေကြောင်းလိုင်း မဖွံ့ဖြိုးတာကြောင့် ပိတ်ထားတာ ကြာပြီ လို့  အထက်ပါ ပုဂ္ဂိုလ်က ပြောပါတယ်။

    ပြည်တွင်း ပြည်ပ ခရီးသည် အများဆုံးဝင်ထွက် သွားလာနေတဲ့ လေဆိပ်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်ပါတယ်။  ခရီးသည် တနေ့တခြား ပိုများလာတဲ့ ဒီလေဆိပ်ကြီး တိုးချဲ့ဆောက်လုပ်နေပါတယ် တဲ့။

လေယာဉ်ကွင်းတွေ အများအပြား အသုံးပြုလာနိုင်မယ် ဆိုရင်တော့ မြန်မာပြည်တွင်း ဘယ်လောက်ဝေးဝေး နေ့ချင်းပြန် သွားလာနိုင်ကြတော့မှာ ဖြစ်ပါတယ်။

လေယာဉ်အတက်အဆင်း လုပ်ခဲ့တဲ့ နေရာပေါင်း - ၆၉ ကွင်း
လက်ရှိ အသုံးပြုမှု - ၃၃ ကွင်း






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved