ဟိုပုံးမြို့တွင် စာရွက်တရွက်အတွက် ကျပ်တထောင် ပေးရ

Friday, November 2, 2012

-


 
ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
 

ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် စာရွက်တရွက်တန်ဘိုးက ကျပ်တထောင် ဖြစ်နေသည်ဟု ဆိုရမည်။

မြန်မာ့ဆက်သွယ်ရေးဌာနထံမှ ဖုန်းကတ် လပေးစနစ်ဖြင့် ၀ယ်ထားသည့် ၀န်ထမ်းတို့ ပြီးခဲ့သည့် လခထုတ်ရက်အတွင်း ငွေသွင်းရာတွင် "ဘဏ်ချလံခ" ဟု ဆိုပြီး ကျပ်တထောင် ပေးခဲ့ရကြောင်း ဟိုပုန်းဒေသ ၀န်ထမ်းတို့ထံမှ သိရသည်။

စာရွက်တရွက်သာဖြစ်သော "ဘဏ်ချလံ"  က  ကျပ်တထောင်ဈေးပေါက်နေရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။

"ဖုန်းလပေးရလို့ ယူတာလည်း ပိုက်ဆံရှိလို့ ယူတာ မဟုတ်ပါဘူး။ တစ်လ တစ်သောင်းဆိုတော့ မသိသာဘူးဆိုပြီး ယူလိုက်တာ။ အခုကျတော့ တစ်သောင်းအပြင် ကျပ်တစ်ထောင် ပိုဆောင်းပေးနေရပါတယ်" ဟု ဟိုပုံးမြို့နယ်မှ ၀န်ထမ်းတဦးက ပြောသည်။

"ဘဏ်ချလံခ" ဟူသည်ကို မည်သည့်ဌာနက ကောက်ခံ ခိုင်းမှန်းမသိကြောင်း၊ လာမည့်လများတွင်လည်း ဤသို့ ကျပ်တထောင် အပိုဆောင်းပေးရပါက ဖုန်းကတ်အတွက် ကျပ်နှစ်သိန်း နှစ်သောင်းကျော် ကုန်ကျရတော့မည့်သဘော ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

အရစ်ကျငွေသွင်းခြင်း ၃ လမြောက်တွင် ဤသို့ "ဘဏ်ချလံ" ဟူသော စာရွက်တရွက် အတွက် တထောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပုံးမြို့တွင် ခြေကြွခလည်း ဈေးမသေးကြောင်း သိရသည်။

"စစချင်း အရစ်ကျဖုန်း လျှောက်လွှာ တင်တုန်းကလည်း သြဂုတ်ကဖြစ်မယ်ဗျ။ ကနဦးပေးသွင်းငွေအပြင် တောင်ကြီးဆက်သွယ်ရေးရုံး သွားခလာခ ဆိုပြီး ကျပ်(၃၀၀၀)စီ ၀န်ထမ်းတိုင်းပေးခဲ့ရတာအားလုံးအသိပါ" ဟု သူက ဆက်ပြောပြသည်။

အောက်ခြေတွင် ဖြစ်ပျက်နေသည်တို့ကို မီဒီယာမှ တဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိစေလိုသည်ဟု ဟိုပုံးဒေသမှ ၀န်ထမ်းတဦးက ပြောသည်။

ဆက်သွယ်ရေးရုံးသွားလာ ခြေကြွခ - ကျပ် ၃,၀၀၀
ချလံ စာရွက် - ကျပ် ၁,၀၀၀

























-

1 comments :

  1. Anonymous said... :

    ခြေကြွခ.. 3000
    ဘဏ်ချလံ. 1000
    ဖောင်ဖြည့်ခ ..1500
    စာရွက်စာတမ်းကြေး 1500
    စေသနာရှိသလောက် အလှုငွေ..==>
    စေသနာရှိရှိမရှိရှိ..ဂျာနယ်.မဂ္ဂဇင်း.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved