မြန်မာပြည် အထက်ပိုင်း မြေငလျင် နောက်ဆက်တွဲ ငလျင် ၂ ခု ဆက်လှုပ်ခတ်

Sunday, November 11, 2012


မြန်မာနိုင်ငံ အထက်ပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်ကျော်က အင်အား ၆.၆ မဂ္ဂနီကျု အင် အား ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်သွားပြီး နောက်ဆက်တွဲ အင်အား ၅.၀ မဂ္ဂနီကျု အင်အား အသင့်အတင့်ရှိတဲ့ ငလျင် ၂ ခုလည်း ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစဉ် က ကြေငြာပါတယ်။ 

မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၅၉ မိနစ်ကျော်က မန္တလေးမြို့မှ မြောက်ဖက် ၅၉ မိုင်အကွာ၊ ရွှေဘိုမြို့မှ အနောက်မြောက် ဘက် ၂၃ မိုင် ခန့် အကွာ၊ မိုးကုတ်မြို့မှ အနောက်ဘက် ၃၆ မိုင်အကွာ၊ သပိတ်ကျင်းမြို့ မှ အနောက်တောင်ဖက် ၄ မိုင်ခန့် အကွာ နေရာကို ဗဟို ပြု၍ အင်အား ၅.၀ စကေးရှိတဲ့ အင်အားအသင့် အတင့် မြေငလျင် တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။ 

ထို့အပြင် နံနက် ၈ နာရီ ကျော်ကလည်း မန္တလေးမြို့မှ မြောက်ဖက် ၅၃ မိုင်ခန့်အကွာ၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဖက် ၁၆ မိုင်ခန့်အကွာ၊ မိုးကုတ်မြို့မှ အနောက်ဖက် ၄၁ မိုင်ခန့်အကွာ၊ သပိတ်ကျင်းမြို့မှ အနောက်တောင်ဖက် ၁၂ မိုင်ခန့်အကွာ ဒေသကို ဗဟိုပြုပြီး အင်အား ၅.၀ စကေးရှိတဲ့ အင်အား အသင့် အတင့် မြေငလျင်တခု ထပ်မှု လှုပ်ခတ်ကြောင်း နိုင်ငံပိုင် သတင်းစဉ်က ကြေငြာပါတယ်။

အဆိုပါ မြေငလျင်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းများကို MRTV4 မှ နေ့လယ် ၂ နာရီ သတင်းမှာ ထပ်မံ အသိပေး ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နေ့လယ် ၂ နာရီ MRTV 4 က ကြေညာချက်အရ ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ မြို့ထောက်စေတီရဲ့ စိန်ဖူးတော် မြေခခဲ့ရကြောင်း၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ တွင် လုပ်ငန်းခွင် ၀င်နေတဲ့ အလုပ်သမား ၁၅ ဦး ပြုတ်ကျခဲ့ပေမယ့် သူတို့ရဲ့ ထိခိုက်ဒဏ်ရာရမှုကို အတိအကျ မသိရသေးဘူးလို့ ရွှေဘို မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုကြောင်း ပြောသွားပါတယ်။

ဒါအပြင် ကျောက်မြောင်းကျေးရွာရှိ ဆိပ်ခံ ဘောတံတားလည်း ရေမြုတ် လှုပ်ခတ်သွားကြောင်း၊ ထို့အပြင် အနီးအနားကျေးရွာတချို့မှ အုတ်တိုက်တချို့ ပြိုကျပျက်ဆီးခဲ့ကြောင်း၊  စဥ့်ကူမြို့ရှိ ရွှေစည်းခုံ ဘုရား မြေကျ ပြိုကျပျက်ဆီးခဲ့ရကြောင်း၊ ရွှေဂူကြီး မူလတန်းကျောင်းလည်း ပြိုကျပျက်ဆီးခဲ့ကြောင်း၊ ဒါအပြင် ဧရာဝတီ မြစ်ကူးတံတား ရတနာပုံ၏ ခြင်္သေ့ရုပ် ပြိုကျပျက်ဆီးခဲ့ရကြောင်း ကြေညာသွားပါတယ်။ 

စစ်ကိုင်းတိုင်း ဒေသကြီး မိုးလေ၀သ တိုင်းထွာရေး မျှော်စင်လည်း အက်ကွဲပျက်ဆီးခဲ့ကြောင်း၊ မန္တလေးက အရိပ်မထွက်စေတီရဲ့ စိန်ဖူးတော် မြေခခဲ့ရတယ်လို့ လည်း နိုင်ငံပိုင် သတင်းစဉ်က ဆိုပါတယ်။ 

ဧရာဝတီက လတ်တလောသိရှိရသည့် သတင်းများ အရ အဆိုပါ မြေငလျင် လှုပ်ခတ်သွားသော ဒေသများ တွင် ဘုရား စေတီ၊ ပုထိုးများ၊ နေအိမ်၊ အဆောက်အအုံ၊ လမ်း၊ တံတား စသည်များ ပြိုကျ၊ အက်ကွဲ၊ ပျက် ဆီးမှုများ ရှိသည့်အပြင် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း၊ အသေးစိပ်ကို ဧရာဝတီ က ဆက်လက် အသိပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved