မဲဆောက်မှာ လက်နက်အများအပြားမိ

Monday, November 5, 2012

~ 




 ပြည်တော်မြင့် ~


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် စနေနေ့ညက လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။

ထိုနေ့ည ၇ နာရီခွဲအချိန်တွင် မဲဆောက်မြို့ပြင် နယ်ခြား သောင်ရင်းမြစ်အနီးရှိ မဲ့ကိုကင်း ကျေးရွာ စစ်ဆေးရေးဂိတ်တွင် မဲဆောက်ဘက်မှ လာသည့်ကားတစီးကို ထိုင်းစစ်သားတို့က စစ်ဆေးရာတွင် M 60 အမျိုးအစား ၅ လက်၊ အမျိုးအစားတူအမည်ကွဲ ၁ လက်နှင့် ၎င်းကျည် ၁၄,၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


မဲဆောက်အခြေစိုက် အမှတ် ၄ ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်တွင် တွေ့ရသော ဖမ်းဆီးရမိသည့်လက်နက်ခဲယမ်းများ

ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတဦးနှင့် ယာဉ်မောင်း အမျိုးသားတဦးအနက် ယာဉ်မောင်းသူမှာ ထွက်ပြေး လွတ်မြောက်သွားပြီး၊ မဲဆောက် အခြေစိုက် အမှတ် ၄ ဒေသ ဆိုင်ရာ ကွပ်ကဲရေးတပ်မှ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် မဲဆောက်ရဲစခန်းသို့ ယမန်နေ့က လွှဲပြောင်းပေးလိုက်သည်ဟု ဆိုသည်။

မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ”အဖမ်းခံထားရတဲ့ နော်ခုစေး ထွက်ဆိုတာက ကားပေါ်မှာ လက်နက်ခဲယမ်းတွေပါတာ မသိဘူး။ သူ့နဲ့လည်း မပတ်သက်ဘူး။ ထွက်ပြေးသွားတဲ့သူက စောထူးဂေဖြစ်တယ်လို့ ပြောတယ်” ဟု ဒေသခံသတင်းထောက်များကို ယနေ့ မွန်းလွှဲပိုင်းတွင် ပြောသည်။

 
ထိုင်းစစ်တပ်မှတပ်မှူးတဦးက  အဖမ်းခံရသူနှင့် ထွက်ပြေးသွားသူသည် နယ်စပ်အခြေစိုက် လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း၊  မြန်မာဘက်မှ လက်နက်ကိုင်အဖွဲ့များ  ထိုင်းမြေကို ခြေကုတ်ယူအသုံးချခြင်း လုံးဝ ခွင့်မပြုကြောင်း သတင်းထောက်တို့ကို ပြောသည်။

ထိုင်းနယ်စပ် လုံခြုံရေး အာဏာပိုင်တို့က ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကို ဆက်သွယ် မေးမြန်းခဲ့ကြောင်း၊ KNU က လက်နက်ခဲယမ်းများသည် ၎င်းတို့နှင့် လုံးဝ ပတ်သက်ခြင်း မရှိဟု ပြန်လည် ဖြေဆိုခဲ့ကြောင်း

စနေနေ့ညက ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းတို့သည် အရေအတွက် များပြားသဖြင့် ပြစ်မှုထင်ရှားပါက တသက်တကျွန်း ပြစ်ဒဏ်အထိ ထောင်ဒဏ် ကျခံရနိုင်ကြောင်း၊ အလားတူ ပြစ်မှုမျိုးကို ယခင်က ကျူးလွန်ခဲ့ဖူးသူဖြစ်ပါက ၎င်းထက် ကြီးလေးသည့်ပြစ်ဒဏ်ကို ကျခံရနိုင်ကြောင်း မဲဆောက်ရှိ အငြိမ်းစား အစိုးရရှေ့နေတဦးက ပြောသည်။













- -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved