ငြိမ်းချမ်းရေးအတွက်လုပ်တဲ့ ပုသိမ် စာပေဟောပြောပွဲ

Monday, December 17, 2012

 ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း/ဧရာဝတီ

သန့်စင်ငြိမ်းချမ်း ~ 

“စာပေအလင်းရောင်ဖြင့် ငြိမ်းချမ်းသောလူ့ဘောင်သို့” ခေါင်းစဉ်ဖြင့် မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ပြုလုပ်သော စာပေဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ၂ ရက် ဆက်တိုက် ကျင်းပခဲ့သည်။


ဟောပြောပွဲကို ပုသိမ်အခြေစိုက် စာရေးဆရာအသင်း၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေချစ်သူများစုပေါင်း၍ ကျင်းပကြခြင်းဖြစ်ပြီး ဦးဘုန်း (ဓာတု)၊  
ကျော်စောမင်း၊ ချစ်ဦးညို၊ အော်ပီကျယ် စသည့် နိုင်ငံကျော် စာရေးဆရာများ လာရောက် ဟောပြောခဲ့ကြ သည်။ 


“ငြိမ်းချမ်းသော လူ့ဘောင်သစ်ဆီသို့ ဆိုတာက မငြိမ်းချမ်းလို့ပေါ့ဗျာ။ ကျနော်တို့က အကုန်လုံး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အဲဒါကြောင့် ဒီစာပေဟောပြောပွဲလေးကို ငြိမ်းချမ်းရေးအတွက် သီးသန့် လုပ်တာလို့ ဆိုနိုင်ပါတယ်”ဟု ပုသိမ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ကဗျာဆရာတိုးဝေက ဧရာဝတီ ကို ပြောသည်။ 



စာရေးဆရာ ဦးဘုန်း (ဓာတု) နှင့် ဆရာ ကျော်စောမင်းတို့က ၁၄ ရက်နေ့ညတွင် ဟောပြောခဲ့ပြီး ဆရာ အော်ပီကျယ်နှင့် ဆရာ ချစ်ဦးညိုတို့က ၁၅ ရက်နေ့ညတွင် ဟောပြောခဲ့ကြသည်။ 

ဆရာ ဦးဘုန်း (ဓာတု) က “လက်အလှပြိုင်ကြရအောင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ ကြသည်။ 


ဆရာက ဟောပြောရာတွင် မြန်မာပြည်ကို ကားတစီးနှင့်နှိုင်းယှဉ်၍ “ကားရဲ့အင်ဂျင်ပါဝါက သမ္မတကြီး ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တူတယ်ဗျ။ အရည်အချင်းအပြည့်နော်။ တအားကောင်းတာ။ ကားဘီးလေးဘီးက မဏ္ဍိုင်လေးရပ်နဲ့တူတယ်ဗျ။ ရှေ့ဘယ်ဘက်ဘီးက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့တူတယ်။ ဘီးကခဏခဏ ပေါက်ပေါက်နေတာ။ ရှေ့ညာဘက်ဘီးက တရားစီရင်ရေးမဏ္ဍိုင်နဲ့တူတယ်။ တာယာ ကဆွေးပြီး ဂွေကလိမ်လိမ်နေတာ။ အဲဒီဂွေနဲ့တာယာ လဲသင့်တာတော့ကြာပြီ”ဟု ပြောလိုက်ရာ ပရိတ်သတ် က တခဲနက်လက်ခုပ်တီး၍ အားပေးကြသည်။ 



ဆရာ ကျော်စောမင်းက “ပုသိမ်သားလေးကျနော်”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာ အော်ပီကျယ်က ဤခရီးနီးသလား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ 

စာရေးဆရာ ၄ ဦးစလုံးက လက်ပံတောင်းတောင်  ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ သံဃာတော်များ ထိခိုက် ဒဏ်ရာရမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်း ပြောဆိုသွားပြီး သပိတ်စခန်းအား အကြမ်းဖက်ဖြိုခွင်းသည့် အစိုးရ၏ လုပ်ရပ်အပေါ် ဟာသနှော၍ လှောင်ပြောင်ပြောဆိုသွားခဲ့ကြသည်။ 

“ရန်ကုန်မှာ ဇော်ဝင်းထွဋ်က ဆေးပေါင်းခတဲ့ညဆိုပြီး ဟဲနေတုန်း လက်ပံတောင်းတောင်မှာ နံနက် ၃ နာရီ 
လောက်ကြီး သွေးပေါင်းခတဲ့ည ဖြစ်ကုန်ရော။ ဒီသပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စအပေါ် ကျနော်ကန့်ကွက်ရှုံ့ချကြောင်း ဒီနေရာက ကြေညာပါတယ်”ဟု ဆရာ ချစ်ဦးညိုက ဟောပြောပွဲ တွင် ပြောဆိုခဲ့သည်။  

ဟောပြောပွဲအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က မတည်ငွေ ၅ သိန်းကျပ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ၁ သိန်းကျပ် ထည့်ဝင်ခဲ့ကြောင်း သိရသည်။ 

“ပုသိမ်ဟောပြောပွဲက ကျနော့်တသက် မကြုံဖူးဘူးဗျ။ မြို့တိုင်းမြို့တိုင်း လမ်းဘေး ကြည့်ချင်ပွဲလို ပဲ ပြောခဲ့ရတာ အခုက မြို့တော်ခန်းမကြီးမှာ ဂုဏ်သရေရှိရှိ ကျက်သရေရှိရှိ ပြောရတာ အရမ်းတန်ဖိုး ရှိတယ်။ ဒီလိုစိတ်ဓာတ်မျိုး တတိုင်းပြည်လုံး ရှိရင် ကောင်းမယ်ဗျ”ဟု စားရေးဆရာ ဦးဘုန်း (ဓာတု) က ဧရာဝတီကို ပြောသည်။ 

စာပေဟောပြောပွဲနှင့်အတူ “ငြိမ်းချမ်းပါစေ မြန်မာ့မြေ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပကာ ပုသိမ်ရှိ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပြီး ဟောပြောပွဲ ကျင်းပရေးကော်မတီက ဆုများပေး အပ်ခဲ့ကြောင်း သိရသည်။

1 comments :

  1. Khin Maung said... :

    ငြိမ်းချမ်းရေးဆိုတာမြန်မာပြည်ကလူသားအားလုံးအတွက်လာ?
    ရခိုင်အရေးမှာ မတရားလိမ်လည်ဖိနှိပ်ရက်စက် လုယက်သတ်ဖြတ်၊ လုပ်ကြံသမိုင်းတုနဲ့ဝါဒဖြန့်စေ့ဆော် ကြတဲ့ အဓမ အမျိုးသားဝါဒီ တွေ နဲ့ သမိုင်းမှန်ရှိ လျှက်နဲ့ပြုသမျှအဖိနှိပ်ခံတွေ ငြိမ်းငြိမ်းချမ်ချမ်း ရှိဘို့သမိုင်းအမှန်ဖြစ်ရပ်မှန်တွေကို ၀ါဒစွဲကင်းကင်း မျက်စိဖွင့်ရှာကြပါစို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved