ဒေသကြီး ၄ ခုကို ဖြတ်သွားမယ့် ဓာတ်ငွေ့ပိုက်လိုင်း

Monday, December 17, 2012

~





ကျောက်မဲမြို့နယ် နောင်အန်းရွာဘေးမှာ ဒီနေ့ နေ့ခင်း တွေ့ရတဲ့ မြင်ကွင်းများ ဖြစ်ပါတယ်။

ပိုက်လိုင်း Pressure test စမ်းနေသည်
ပိုက်အနားမှာ မကပ်ပါနှင့်
Pressure testing အန္တရာယ် ရှိသည်
အနားသို့ မချဉ်းကပ်ပါနှင့်
CCDC မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း EPC ဌာန
စသဖြင့် ရေးထားတဲ့ သတိပေး ဆိုင်းဘုတ်တွေ လုပ်ငန်းခွင်အတွင်း တွေ့ရပါတယ်။


ဒါက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကို ရှည်ရှည်လျားလျား သွယ်တန်းနေတဲ့ ပိုက်လိုင်းကြီး၂ခုရဲ့ အစိတ်အပိုင်းပါပဲ။

ဒီပိုက်တွေကနေ သဘာဝဓာတ်ငွေ့ နဲ့ ရေနံစိမ်း ပို့မှာ ဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့က ရခိုင်ပြည်နယ်ထွက်ပစ္စည်းပါ။
ရေနံစိမ်းကတော့ အရှေ့အလယ်ပိုင်းဒေကပါ၊ တရုတ်ပြည်ကိုရောက်ဖို့အတွက် မြန်မာ့မြေကို ဒီပိုက်လိုင်းကတဆင့် ဖြတ်မှာပါ။



ဒီပိုက်လိုင်းစီမံကိန်းက အငြင်းပွားဖွယ်ဖြစ်နေပါတယ်။

စီမံကိန်းအစပိုင်းကာလဟာ စစ်အစိုးရလက်ထက်မှာ ဖြစ်တာကြောင့် အငြင်းပွားသံတွေက မြန်မာပြည်တွင်းမှာ သိပ်မကျယ်လောင်ခဲ့ပါဘူး။

ပွင့်လင်းလာတဲ့ ဒီကနေ့မှာတော့ အငြင်းပွားသံတွေက ပိုပြီး ထွက်ပေါ်လာပါတယ်။

 ပိုက်လိုင်းဖြတ်သန်းသွားတဲ့ လမ်းတလျှောက် ရှင်းလင်းလိုက်တဲ့ သစ်တော၊ မြေ၊ အိမ်၊ ရွာ တွေ့အတွက် ဘယ်လို စီစဉ်ခဲ့ကြသလဲ လို့ မေးခွန်းတွေ ထွက်ပေါ်နေသလို၊ ပိုက်လိုင်း စီမံကိန်း ပြီးသွားရင် စီးဆင်းမယ့် ဓာတ်ငွေ့၊ ရေနံစိမ်းတွေ မတော်တဆ ယိုစိမ့်ပြီး ဒေသခံတွေ အန္တရာယ်နဲ့ ရင်ဆိုင်ရမလား လို့ မေးမြန်းတာလည်း ရှိပါတယ်။



ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို မြန်မာဘက်က စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ပါဝင်ဆောင်ရွက်ပါတယ်။ တရုတ်ဘက်ကတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္မဏီလီမိတက်က ဆောင်ရွက်ပါတယ်။

ပိုက်လိုင်းက တော်တော်ရှည်မှာပါ။ မြန်မာပြည်ကို ဖြတ်သွားတယ်ဆိုတော့ ဘယ်လောက် ရှည်မလဲ ခန့်မှန်းနိုင်ပါတယ်။ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း စတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေကို ဖြတ်သွားမယ့် ပိုင်းလိုင်း ၂ လိုင်းပါ။

ပိုက်လိုင်းဆောက်မယ့် ကုမ္မဏီကတော့ လူမှုစီးပွားဖွံ့ဖြိုးရေးအစီအစဉ်အရ ဒီဒေသများအတွက် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေ ဆောက်လုပ် လှူဒါန်းတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။



ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်း ကာလအတွင်း ပြည်နယ်တိုင်းဒေသကြီးတခုစီရဲ့ ပညာရေး ကျန်းမာရေး ကဏ္ဍတွေမှာ နှစ်စဉ် ဒေါ်လာတသန်းစီ လှူမယ်လို့လည်း ဆိုတယ်။

ဒါဟာ နှစ်ဘက်အစိုးရသဘောတူခဲ့ကြတဲ့ ထိုက်သင့်တဲ့  လျော်ကြေးပေးမှု တစိတ်တဒေသ  ဖြစ်နိုင်ပါတယ်။



သဘာဝဓာတ်ငွေ့  ရောင်းချရာက ရရှိတဲ့ ၀င်ငွေ ဘယ်လောက်ရှိတယ် ဆိုတာ မသိရပါ။ ဒီဝင်ငွေအတွက် ပွင့်လင်းမြင်သာတဲ့ စီမံခန့် ခွဲမှု မရှိတဲ့အတွက်လည်း အစိုးရက အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ နိုင်ငံနဲ့လူထုအတွက် အကျိုးရှိတဲ့ စီမံကိန်းမှ ဟုတ်ရဲ့လား လို့လည်း အပြောခံနေရပါတယ်။



ပြည်နယ်တိုင်း ဒေသကြီး ၄ ခုမှာ ပိုက်လိုင်းအတွက် နေရာဖယ်ပေးလိုက်ရတဲ့၊ ဒုက္ခရောက်ခဲ့ရတဲ့၊ အနိုင်ကျင့်ခံခဲ့ရတဲ့ ဒေသခံပြည်သူ အများအပြား ရှိတဲ့အတွက် ဒီစီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ ဆက်ဖြစ်နေဦးမှာတော့ အသေအချာပါပဲ။

ဒါဟာ အရင်အစိုးရက အနာဂတ်ကာလ အစိုးရများအတွက် ထားရစ်ခဲ့တဲ့ ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။
ပြဿနာဖြစ်နေတာကို ၀န်ခံဖို့ ၀န်လေးတဲ့ အာဏာပိုင်တို့အတွက် ပိုက်လိုင်းကြီး ၂ ခု ဖြတ်သန်းသွားရာ မြို့ရွာများတလျှောက်မှာ မရှင်းမဖြစ် ရှင်းရမယ့် ပြဿနာတွေ အများအပြား ပေါ်ပေါက်လာဖွယ်ရှိပါတယ်။
 



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved