အအေးခန်းကားထဲ မြန်မာ ၅၄ ဦးသေဆုံးမှုကို စီရင်ချက်ချပြီ

Saturday, December 29, 2012


~


ထိုင်းနိုင်ငံ ဖူးခက်မှာ အလုပ်ရှာဖွေလိုကြတဲ့ မြန်မာအလုပ်သမားတွေကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အအေး ခန်း ကွန်တိန်နာ ကားနဲ့ တင်ခေါ်သွားခဲ့ရာ လေပေးစက် ပျက်ယွင်းပြီး အသက်ရှု ပိတ်ကာ လူပေါင်း ၅၄ ဦး အသက်ဆုံးရှုံးခဲ့ကြရတာမှတ်မိကြမယ်ထင်ပါတယ်။  

 
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ဓာတ်ပုံ- ဧရာဝတီ

အဲဒီတုန်းက စုစုပေါင်း မြန်မာ အလုပ်သမား ၁၂၁ ဦး ကို အဲဒီလို ကွန်တိန်နာ အအေးခန်းကားနဲ့ တင်ဆောင်ခဲ့ရာ မှာ လေပေးစနစ် ပျက်ယွင်းပြီး ၅၄ ဦးသေဆုံးသွားခဲ့မှုကြောင့် အဆိုပါ အအေးခန်း ကားပိုင်ရှင် ဟာ တရားမ၀င် လူခိုးသွင်းမှုနဲ့ ထိုင်းနိုင်ငံ တရား ရုံး တခုက သောကြောနေ့က ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်တာပါ။

ဒုတိယ တဦးကိုတော့ ထောင်ဒဏ် ၉ နှစ်ချမှတ်ပြီး တတိယ တဦးဖြစ်သူမှာ ထိုင်းနိုင်ငံတောင်ပိုင်း အဆိုပါ မြန်မာ အလုပ် သမားများ လှေနှင့်ဆိုက်ရောက်လာခဲ့တဲ့ လှေဆိပ်က ဂျက်တီပိုင်ရှင်ဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရကာ စတုတ္ထ မှာ အမျိုးသမီး တဦးဖြစ်ပြီး ၀န်ခံ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ်ကနေ တ၀က်လျှော့ပေါ့ကာ ၃ နှစ်ချမှတ်ခဲ့ ပါတယ်။

သူတို့ကို လ၀က အက်ဥပဒေအပါအ၀င် လူသေစေလောက်တဲ့အထိဖြစ်ခဲ့တာကို လျစ်လျူရှု့ခဲ့တာကြောင့် အခုလို အပြစ် ပေး လိုက်တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရနောင်း ခရိုင်တရားရုံးက အရာရှိတဦး က ပြောတာကို The Gulf Today သတင်း တခုက ကိုးကားဖော်ပြထားပါတယ်။

“သူတို့ ထဲက ၃ ယောက်ကတော့ အမှုကို အသနားခံ လျှောက်ထားမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁၃၀၀၀ နဲ့ ၆၅၀၀ အ ကြား အာမခံတင်ခွင့် ရှိပါတယ်” လို့ အဆိုပါ တရားရေး အရာရှိက ဆိုထားပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက ၀မ်းနည်းဖွယ် အခင်းဖြစ်ခဲ့စဉ် ထွက်ပြေးခဲ့တဲ့ အအေးခန်း ကွန်တိန်နာ ထရပ် ကား မောင်းသမားကတော့ မည်သို့မှ အာမခံတင်ခွင့်၊ အသနားခံခွင့် မရဘဲ ထိုစဉ်ကတည်းက ဖမ်းဆီးပြီး သူ့ရဲ့ ရာဇ၀တ်မှု  ကျူးလွန်မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က အသက်ရှင်ကျန်ရစ်ခဲ့သူတွေက သူတို့ အသက်ရှုလို့ မ၀ဖြစ်နေခဲ့တာကြောင့် သတိပေး ခလုပ် ကို နှိပ်ပြီး သတိပေး ရုံ သာမကာ ကွန်တိန်နာ နံရံတွေကိုလည်း အကြိမ်ကြိမ်ထုပြီး သတိပေးခဲ့တာကို ထရပ်ကားမောင်းသူနဲ့ ကားပေါ် ပါလာသူ က လုံးဝ သတိမပြုခဲ့ဘူးလို့ ထိုင်း ရုပ်/သံတခုကို ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းဝန်းကျင်လောက်ကတော့ တရားဝင် မှတ်ပုံတင်မှုတွေ လုပ်ဆောင်ပြီး ခဲ့ပေမယ့် နောက်ထပ် အထောက်အထားမရှိသူ၊ တရားဝင် မှတ်ပုံတင် မလုပ်ရသေးသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစု ပေါင်း ၁ သန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက တရားမ၀င် မြန်မာ အပါအ၀င် လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေ ကို နောက်ဆုံး ရက် သတ်မှတ်ပြီး ထိုရက်ကျော်လွန်ပြီးတွေ့ရှိတဲ့ အထောက်အထားမဲ့ တရားမ၀င် အလုပ်သမားတွေကို အပြစ်ပေးပြီး နယ်နှင်ဒဏ်ပို့မယ်လို့ ဆိုထားခဲ့တာပါ။ 

ဒါပေမယ့် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း ၀န်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ဟာ မြန်မာနိုင်ငံ ထားဝယ် မြို့ မှာ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကိစ္စ ဆွေးနွေးရင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ တောင်းဆိုမှုကြောင့် ထိုင်း အစိုးရဘက်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်မှတ်ပုံတင် ပြုလုပ်ရန် နောက်ထပ် သက်တမ်း ၃ လ တိုးပေးလိုက်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved