လူသတ်ကွင်း၊ ခမာနီခုံရုံးနှင့် မင်းသားကြီး သီဟာနု၏ နောက်ဆုံးခရီး

Wednesday, December 19, 2012






 ~




ဟန်ကြီး ~

အကျဉ်းစခန်းတွင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူအချို့၏ဓာတ်ပုံများ။
ကမ္ဘောဒီးယားနိုင်ငံတွင် ရှိနေခိုက် မြို့တော်ဖနွမ်းပင်ရှိ လွတ်လပ်ရေးအထိမ်းအမှတ်နေရာနှင့် မနီးမဝေးတွင်ရှိသည့် DC-Cam ရုံးသို့  ရောက်သွားသည်။

DC-Cam သည် လွတ်လပ်သည့် သုတေသနဌာနတခုဖြစ်ပြီး မှတ်တမ်းမှတ်ရာများ ထိန်းသိမ်းခြင်းနှင့် တရားမျှတမှုရှာဖွေရေးအတွက် တည်ထောင်ထားသည့် ဌာနတခုဖြစ်သဖြင့် သွားရောက်လေ့လာခြင်းဖြစ်သည်။ DC-Cam တွင် စုဆောင်းထားသည့် မှတ်တမ်းများကို ကျောင်းသားများ၊ သုတေသနပြုသူများနှင့် အများပြည်သူတို့အား လေ့လာခွင့်ပြုထားပြီး ခမာနီ (Khmer Rouge)တို့ အုပ်ချုပ်ခဲ့သည့်  ဒီမိုကရက်တစ်ကမ်ပူးချား သမိုင်းနှင့် ခမာနီတို့ ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများ အတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။

DC-Cam မှ Pechet က အဖွဲ့အစည်း သမိုင်းကြောင်းနှင့် မှတ်တမ်းတင်ခြင်း လုပ်ငန်းများအား လိုက်လံရှင်းပြရင်း သက်ဆိုင်ရာ ဌာနအသီးသီးမှ ၀န်ထမ်းများနှင့် မိတ်ဆက်ပေးသည်။ ဌာနတခုမှာ ခမာနီခေါင်းဆောင်များကို တရားစွဲ၊ ခုံရုံးတင် စစ်ဆေးနေသည့် Extraordinary Chambers in the Courts of Cambodia (ECCC)
 ခုံရုံး ဖြစ်စဉ်များကို မှတ်တမ်းတင်ပြီး နောက်ဆုံးအခြေအနေများကို အများပြည်သူသိရှိစေရန် website စာမျက်နှာမှ ပြန်လည်တင်ပြနေခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဒါရိုက်တာဖြစ်သူ Mr. Youk Chhang က ဖော်ရွေလှိုက်လှဲစွာ ကြိုဆိုရင်း၊ ကမ္ဘောဒီးယား အပြောင်းအလဲအတွေ့အကြုံနှင့် သင်ခန်းစာများ၊ DC-Cam အတွေ့အကြုံနှင့် စိန်ခေါ်ချက်များ၊ တရားမျှတမှုရှာဖွေရာတွင် မှတ်တမ်းများ၏ အရေးပါပုံ၊ မြန်မာနိုင်ငံ အပြောင်းအလဲကိစ္စများ ဆွေးနွေးကြပြီး၊ ကျနော်တို့ ကိုလည်း တတ်နိုင်သလောက် ကူညီဖို့ပြောသည်။ ထို့နောက် ခမာနီ ခေါင်းဆောင်များအား ခုံရုံးတင်နေသည့် ECCC ခုံရုံးကို သွားရောက်လေ့လာရန် စီစဉ်ပေးသဖြင့် အဆိုပါ ခုံရုံးနှင့်ပတ်သက်ပြီး လေ့လာတင်ပြနေသည့် ဌာနမှ Lim က ကားဖြင့်လိုက်ပို့သည်။

ECCC ခုံရုံး အ၀င်
လမ်းတလျှောက် Lim က ECCC ခုံရုံးအကြောင်းပြောလာသည်၊ ယခုအခါတွင် ECCC ခုံရုံးအနေဖြင့် လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေ၍ Lim တို့အဖွဲ့ အနေဖြင့် အလုပ် ပိုရှုပ်လာသည်၊ သူ့အနေဖြင့်လည်း တရက်ကို ၂ နာရီလောက် လမ်းပေါ်တွင် အချိန်ကုန်ကြောင်းပြောသည်။ ဖနွမ်းပင် မြို့ထဲမှ ၁ နာရီခန့် အကွာတွင် တည်ရှိသည့် ECCC ခုံရုံးသို့ သွားရာ လမ်းတလျှောက်တွင် ယဉ်ကြော ပိတ်ဆို့နေပြီး၊ ယဉ်မျိုးစုံ အလုအယက် မောင်းနှင်နေကာ၊ ဟွန်းသံကလည်း နေရာမျိုးစုံမှ အဆက်မပြတ် ကြားနေရသည်။

စစ်တပ်ဌာနချုပ်တွင် တည်ရှိသည့် ECCC ခုံရုံးသို့ အ၀င်တွင် လိုအပ်သည့် စာရင်းပေးသွင်းမှုများ လုပ်ပြီးနောက် လေ့လာသူဆိုသည့် စာရွက်အစိမ်းလေးအား ရင်ဘတ်တွင် ကပ်၍ အထဲသို့ ၀င်လိုက်သည်။ ၀င်ဝင်ချင်း ညာဘက်တွင် လူအများ ခုံရုံးကြားနာမှုကို တီဗီဖန်သားပြင်မှ တဆင့်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားသည့် မဏ္ဍပ်တခုတွေ့ရသည်။ အများစုမှာ ဖနွမ်းပင် အပြင်ဘက် ခရိုင်များမှဖြစ်ပြီး ခုံရုံးကြားနားမှုကို လာရောက်လေ့လာကြခြင်းဖြစ်သည်။ မဏ္ဍပ်နှင့်  မျက်နှာချင်းဆိုင် ခုံရုံးရှိသည့် အဆောက်အဦးပေါ်သို့ တက်ခွင့်မရဘဲ သတင်းသမားများအတွက် ပေးထားသည့် အခန်းတွင်းသို့ Lim က ခေါ်သွားသည်။

ECCC ခုံရုံးကြားနာမှု မြင်ကွင်း
အခန်းတွင်းတွင် ခုံရုံးမှ ကြားနာမှုများကို နားကြပ်များဖြင့် နားထောင်မှတ်တမ်းတင်နေသူ တချို့ကိုတွေ့သည်။ နိုင်ငံခြားသားတချို့လည်း နားကြပ်များတပ်လျက် Laptop ကွန်ပျူတာဖြင့် မှတ်တမ်းတင် နေသည်။  ကျနော်တို့ ရောက်သွားတော့ နေ့လည်ပိုင်းနားမည့် ၁၂ နာရီထိုးရန် ၁၅ မိနစ်လိုသေး သဖြင့် Lim ယူပေးသည့် နားကြပ်ကိုယူ၍ နားထောင်လိုက်သည်၊ တီဗီဖန်သားပြင်တွင်လည်း ခုံရုံးအတွင်း တရားသူကြီးများ၊ မျက်မြင်သက်သေများ၊ တရားခံ၊ တရားလို ရှေ့နေများ အပြန်အလှန် ပြောဆိုမေးမြန်းနေသည်ကိုတွေ့ရပြီး အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက်ဘာသာပြန်ကို နားကြပ်မှတဆင့် နားထောင်နိုင်သည်။

ကျနော်တို့ရောက်သွားချိန်တွင် အမှုအမှတ် ၀၀၂ ကို စစ်ဆေးနေချိန်ဖြစ်သည်။ အမှုအမှတ် ၀၀၂ မှာ ခမာနီခေါင်းဆောင်များဖြစ်သည့် နူအွန်ချီအ (Nuon Chea), အီအန်ဆာရီ (Ieng Sary) နှင့် ခီယူဆန်ဖန် (Khieu Samphan) တို့အပေါ် စွဲဆိုထားသည့် အမှုဖြစ်သည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး ကမ္ဘောဒီးယား တရားလိုရှေ့နေတဦးမှ မျက်မြင်သက်သေကို မေးမြန်းနေသည်။ ECCC ခုံရုံးမှ ကမ္ဘောဒီးယား နှင့် နိုင်ငံတကာ တရားသူကြီးများ၊ တရားလို၊ တရားခံ အကျိုးဆောင်များ အပြန်အလှန်မေးခွန်းထုတ် နေသည်ကိုလည်းတွေ့ရသည်။ ၁၂ နာရီတွင် ခုံရုံးကို ခေတ္တရပ်နားကြောင်း တရားသူကြီးက ကြေညာသည်။ တရားသူကြီးများ မထွက်ခွာမီ တရားခံတဦးဖြစ်သူ  ခီယူဆန်ဖန်ကို မျက်မှန် အမဲကြီးတပ်လျက် မြင်လိုက်ရသည်။ တရားခွင်သို့ တရားခံအကုန်လုံး မလာရောက်နိုင်ပေ။ တချို့မှာ ကျန်းမာရေး စစ်ဆေးမှု ခံယူနေရပြီး၊ တချို့မှာ ကျန်းမာရေးအခြေအနေကြောင့် သူတို့ကို ထိန်းသိန်းထားသည့် နေရာမှသာ ခုံရုံးကြားနာမှုတွင် ပါဝင်နိုင်သည်။ တရားခံအားလုံးမှာ ယခုအချိန်တွင် အသက် ၇၀ ကျော်၊ ၈၀ ကျော်များဖြစ်သည်။

နေ့လည်နားချိန်တွင် ခုံရုံးရှိရာအပေါ်ထပ်မှ ဆင်းလာသည့် လေ့လာသူ ပရိသတ်များကို တွေ့ရသည်။ အပေါ်ထပ်မှ ဆင်းလာသူများရော မဏ္ဍပ်အတွင်းရှိ ပရိသတ်ပါ အားလုံး ၃၀၀ ကျော်ခန့်ရှိမည် ထင်သည်။ သူတို့အတွက် နေ့လည်စာ လိုက်လံဝေငှနေသည်ကို တွေ့ရသည်။

Killing Field ရှိ အသတ်ခံရသူများ၏ အရိုးများအား ပြသထားသည့်။
အထိမ်းအမှတ် အဆောက်အဦး။
Lim ၏ အကူအညီဖြင့် ပရိသတ်အတွင်းမှ အသက် ၆၀ ကျော် အဖိုးအိုတဦးကို သူဘာကြောင့် တရားရုံးသို့ လာရောက်ရသည်ကို မေးမြန်းခွင့်ရသည်။ အဖိုးအိုက “ဖနွမ်းပင် အပြင်ဘက်ရှိ ခရိုင်တခုမှ လာခြင်းဖြစ်ကြောင်း၊ သူကိုယ်တိုင် ခမာနီတို့ လက်ထက်က ညှင်းပန်းနှိပ်စက်ခြင်း၊ အလုပ်ကြမ်းစေခိုင်းခံရခြင်းအပြင်၊ အသက်ဘေးမှလွတ်မြောက်လာသူဖြစ်ကြောင်း၊ ယခုလို ခမာနီ ခေါင်းဆောင်များကို တရားစွဲသည်ကို ကျေနပ်မိကြောင်း” ပြောသည်။

ခုံရုံးသို့ လာရောက်လေ့လာသူများအတွက် သယ်ယူပို့ဆောင်ရေးနှင့် နေ့လည်စာ အခမဲ့ ကျွေးသည်။ ခုံရုံးအပြင်ဘက်တွင် ဘတ်စ်ကား ၄ စင်းခန့် ရပ်ထားသည်ကို ယခုမှသဘော ပေါက်တော့သည်။

ပိုပေါ့ (Pol Pot) ခေါင်းဆောင်သည့် ခမာနီတို့ အာဏာရခဲ့သည့် ၁၉၇၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှ အာဏာ လက်လွတ်ခဲ့သည့် ၁၉၇၉ ခုနှစ် ဇန်န၀ရီလ ၇ ရက်နေ့ မတိုင်မီအထိ (၃ နှစ်ကျော်ကာလအတွင်း) ကမ္ဘောဒီးယား ပြည်သူ ၁.၇ သန်းကျော် မှာ အစာရေစာ ငတ်မွတ်မှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ အတင်းအဓမ္မစေ ခိုင်းခံရမှုနှင့် သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ရသည်။ အဆိုပါကျူးလွန်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ခမာနီထိပ်ပိုင်းခေါင်းဆောင်များကို ခုံရုံးတင် စစ်ဆေးနေခြင်းဖြစ်ပြီး ၁၉၇၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှ ၁၉၇၉ ခုနှစ် ဇန်န၀ရီလ ၆ ရက်အတွင်း ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide), လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့်ပြစ်မှု (Crimes against humanity), ၁၉၄၉ ဂျီနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်မှု အပြင် ၁၉၅၆ ခုနှစ် ကမ္ဘောဒီးယား ပြစ်မှုဆိုင်ရာ ဥပဒေပါ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် ဘာသာရေးအရ နှိပ်ကွပ်သည့် အမှုများအကျုံးဝင်သည်။ 

ခမာနီခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ခုံရုံးတင်စစ်ဆေးနိုင်ရန် ကုလသမဂ္ဂနှင့် ကမ္ဘောဒီးယားအစိုးရတို့ ၂၀၀၃ ခုနှစ်တွင် သဘောတူညီမှုရပြီး၊ ၂၀၀၆ ခုနှစ်တွင် ECCC လုပ်ငန်းများ စတင်ခဲ့သည်။ ECCC ရှိ တရားစီရင်ရေးခုံရုံး (Trial Chamber) တွင် အဖွဲ့ဝင် ၅ ဦးရှိပြီး ကမ္ဘောဒီးယား တရားသူကြီး ၃ဦးနှင့် နိုင်ငံတကာ တရားသူကြီး ၂ ပါဝင်သည်။ တရားရုံးချုပ် (Supreme Court) တွင် အဖွဲ့ဝင် ၇ ဦး ရှိပြီး ကမ္ဘောဒီးယား တရားသူကြီး ၄ ဦးနှင့် နိုင်ငံတကာ တရားသူကြီး ၃ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားလိုများ၊ တရားခံများအတွက်လည်း ခုခံလျှောက်ထားနိုင်ရန် ကမ္ဘောဒီးယားနှင့် နိုင်ငံတကာရှေ့နေများ ခန့်အပ်ထားသည်။ ECCC ခုံရုံး အသုံးစားရိတ်မှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၄၁.၁ သန်း ကုန်ကျပြီး၊ ၂၀၁၂ ခုနှစ်အတွက် ဘတ်ဂျက် ဒေါ်လာ ၄၅.၇ သန်းနှင့် ၂၀၀၃ ခုနှစ်အတွက် ဘတ်ဂျက် ဒေါ်လာ ၄၃.၉ သန်း ရှိသည်။

ECCC ခုံရုံးအနေဖြင့် ၂၀၀၆ ခုနှစ်မှ ယခုအချိန်အထိ ခမာနီခေါင်းဆောင်များအား တရားစွဲဆိုသည့် အမှု ၄မှုကို ကိုင်တွယ်လျှက်ရှိပြီး အမှုတမှု (အမှုအမှတ် ၀၀၁)ကိုသာ အပြီးသတ် စီရင်ချက်ချနိုင်သေးသည်။ အမှုအမှတ် ၀၀၂ ကို စစ်ဆေးနေဆဲဖြစ်ပြီး၊ အမှုအမှတ် ၀၀၃ နှင့် ၀၀၄ အတွက် စုံစမ်းစစ်ဆေးနေသည့် အဆင့်တွင်ရှိသည်။

Killing Field ရှိ အထိမ်းအမှတ် အဆောက်အဦးတွင် ပြထားသည့် အသတ်ခံရသူများ၏ အရိုးခေါင်းများ။
 ထိန်းသိမ်းခံရပြီး ECCC ခုံရုံးတွင် အမှုရင်ဆိုင်နေရသည့် ခမာနီ ခေါင်းဆောင်များမှာ S-21 လုံခြုံရေးအကျဉ်းထောင် တာဝန်ခံ ကိုင်ဂုက်အေဗ် ခေါ် ဒုခ်ျ (Kaing Guek Eav alias Duch), ဒီမိုကရက်တစ် ကမ်ပူးချား လွှတ်တော်ဥက္ကဋ္ဌဟောင်း နူအွန်ချီအ (Nuon Chea), လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း အီအန်ဆာရီ (Ieng Sary), နိုင်ငံတော်အကြီးအကဲဟောင်း ခီယူဆန်ဖန် (Khieu Samphan) နှင့် အမျိုးသမီးတဦးဖြစ်သူ လူမှုရေးရာ ၀န်ကြီးဟောင်း အီအန်သီရိသ် (Ieng Thirith) တို့ဖြစ်သည်။

အမှုအမှတ် ၀၀၁ ဖြင့် တရားစွဲခံရသည့် S-21 လုံခြုံရေးအကျဉ်းထောင် တာဝန်ခံ ကိုင်ဂုက်အေဗ် ခေါ် ဒုခ်ျ (Kaing Guek Eav alias Duch) အား ၂၀၁၀ ခုနှစ်တွင် တရားစီရင်ရေးရုံးက ထောင်ဒဏ် ၃၅ နှစ်အပြစ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ထောင်ဒဏ် တသက် ချမှတ်ခဲ့သည်။

အကျဉ်းစခန်းတွင် နောက်ဆုံးအသတ်ခံရသူများအား မြှုပ်နှံထားသည့်နေရာ။
ခမာနီတို့အုပ်ချုပ်ခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်း ကမ္ဘောဒီးယား ပြည်သူ ၁.၇ သန်းကျော် သေဆုံးခဲ့မှုအတွက် တရားမျှတမှုရှာဖွေနေသည့် ဖြစ်စဉ်မှာ ရှည်လျားပြီး ငွေကုန်ကြေးကျများကာ ခမာနီခေါင်းဆောင်ဟောင်း တဦးကိုသာ အပြစ်ပေး အရေးယူ နိုင်သေးသည့် အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။ တချို့ ပြည်သူများက ECCC ခုံရုံး အသုံးစားရိတ်များကို ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုလျှင် ပိုအကျိုးရှိမည်ဟု ထင်မြင်ကြသလို၊ တရားမျှတမှုကို လိုချင်သည့် ပြည်သူများကမူ ခမာနီခေါင်းဆောင်ဟောင်းများကို ယခုလို ခုံရုံးတင် စစ်ဆေး အရေးယူနေမှုကို ကျေနပ်အားရကြသည်ဟုဆိုသည်။
အကျဉ်းစခန်းရှိ အကျဉ်းသားများအား ထားရှိသည့် အခန်းတခန်း။
ကမ္ဘောဒီးယား လူငယ်များကြားတွင်မူ ခမာနီတို့လက်ထက်တွင် ခမာ အချင်းချင်း ယခုလို ရက်ရက်စက်စက် နှိပ်စက်၊ ညှဉ်းပန်းပြီး သန်းနှင့်ချီသည့် သတ်ဖြတ်မှုများအတွက် အံ့သြ၊ ယူကျုံးမရဖြစ်ကာ ယုံကြည်လက်ခံရန် ခက်နေသူများလည်း ရှိသည်ဟု ကျနော့်ကို လိုက်ပို့သည့် Lim က အပြန်လမ်းတွင် ပြောသည်။

သို့သော်လည်း ကမ္ဘောဒီးယားတွင် ယမန်နေ့က သွားရောက်ကြည့်ရှုခွင့်ရခဲ့သည့် ဖနွမ်းပင်မြို့အစွန်ရှိ ခမာနီတို့လက်ထက်က ရက်ရက်စက်စက် သတ်ဖြတ်ပြီး အစုလိုက်၊ အပြုံလိုက်မြှုပ်နှံထားသည့် Killing Field နေရာတွင် တူးဖော်ရရှိသည့် အရိုးများ၊ မြှုပ်နှံထားသည့်နေရာများ၊ ကလေးများ အမျိုးသမီးများအပါအ၀င် သတ်ဖြတ်ခံရသူများ၏ အ၀တ်အထည် ၊ အသုံးအဆောင်များကို စနစ်တကျ ပြသထားသည့် ပြကွက်များနှင့် S-21 အကျဉ်းထောင်ခေါ် နာမည်ကျော် ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်သည့် အကျဉ်းစခန်းကိုလည်း နှောင်းလူတို့ လေ့လာနိုင်အောင် ထိန်းသိမ်း ထားရှိသည်။ ထို့ကြောင့် အတိတ်က ဆိုးရွား၊ ထိတ်လန့်၊ ကြေကွဲစရာကောင်းသည့် အဖြစ်ဆိုးများကို သင်ခန်းစာယူနိုင်သလို၊ အနာဂတ်တွင် ယခုလိုဆိုးရွားသည့် အနိဌာရုံများ ထပ်မံမဖြစ်ပေါ်စေရေးနှင့်  တာဝန်ခံမှုနှင့် တရားမျှတမှု ရှာဖွေဖော်ထုတ်ရန်လည်း ECCC ကဲ့သို့ တရားစီရင်ရေး ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘောဒီးယား ပြည်သူတဦးတွင် ခမာနီလက်ထက်က ဆိုးရွားသည့် အတွေ့အကြုံတခုစီ ရှိကြသည်ဟု Lim က ကားကို ဂရုစိုက်မောင်းရင်း ဆက်ပြောနေသည်။

ဘုရင်ဟောင်း မင်းသားကြီးသီဟာနု၏ ရုပ်အလောင်းအား ထားရှိရာ ဘုရင့်နန်းတော်
ဖနွမ်းပင်မြို့ထဲပြန်ရောက်ပြီး ဘုရင့်နန်းတော် ဘက်ရောက်တော့ နန်းတော်ရှေ့တွင် ကွယ်လွန်သွားပြီဖြစ်သော ဘုရင်ဟောင်း မင်းသားကြီးသီဟာနုပုံကို တွေ့ရသည်။ ကမ္ဘောဒီးယားသမိုင်းတွင် အထင်ကရဖြစ်ခဲ့သူ ဘုရင်ဟောင်း၏ နောက်ဆုံးခရီးအတွက် သူ့ကို လေးစားကြည်ညိုသူ ကမ္ဘောဒီးယားပြည်သူများက ကြာဖူးလေးများ ကိုင်ပြီး အစုလိုက် တသုတ်ပြီးတသုတ် လာရောက် ဂါရ၀ပြုနေလေသည်။


















--

1 comments :

  1. Anonymous said... :

    this is for Bo Khin Nyunt.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved