နွားလှည်းအခွန် ကိစ္စ ကျောက်ဖြူမှာ ဆန္ဒပြ

Friday, December 21, 2012

(ဂျပန်မ ဆိပ်ကမ်းမှ ကုန်တင်ကုန်ချလှည်းများ။ ဓာတ်ပုံ -

 
ခင်ဦးသာ ~ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်က “ဂျပန်မ”လို့ခေါ်တဲ့ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်နေကြ တဲ့ နွားလှည်း တွေကို မြို့နယ်စည်ပင်သာယာအဖွဲ့က အခွန်အခတွေ မတရားကောက်ခံနေတာကို မကျေနပ်ကြတဲ့အတွက် ဆယ်ချီတဲ့ နွားလှည်းတွေက ဆန္ဒထုတ်ဖော်မှု တခုကို မနေ့က လုပ်ဆောင် ခဲ့ပါတယ်။ 

ဂျပန်မ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်နေကြတဲ့ နွားလှည်းတစီးကို ယခင်က ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ် စသဖြင့် ကောက်ခံရာက ယခုအခါ လှည်းပေါ်ပါ ကုန်ပစ္စည်းအပေါ် မူတည်ပြီး ကောက်ခံနေတဲ့ အတွက် နွားလှည်းတစီးရဲ့ တနေ့တာ အခွန်ပေးဆောင်ရတဲ့ စရိတ်ဟာ ကျပ် ၂၀၀၀ ကနေ ၃၅၀၀ ကျပ် အထိ အသီးသီးပေးနေရတာကို မကျေနပ်တဲ့ အတွက် စည်ပင်သာယာကို ဆန္ဒထုတ် ဖော်ကန့် ကွက်ကြ တာပါ။ 

စည်ပင်သာယာက တရားဝင် သတ်မှတ်ထားတဲ့ ဈေးနုန်းကတော့ နွားလှည်း တစီးကို တနေ့ ၂၀၀ ကျပ် သတ်မှတ်ထား တယ်လို့ မြို့ခံတဦးက ပြောတယ်။နွားလှည်း ပိုင်ရှင်တွေက ယခင်အတိုင်းပဲ ကောက်ခံ ဖို့ တောင်းဆိုထားပေမယ့် ဒီနေ့အထိတော့ အဖြေ မရသေးဘူးလို့ သိရတယ်။ 

ဂျပန်မ ဆိပ်ကမ်းဟာ ကျောက်ဖြူမြို့မှာ အဓိကကျတဲ့ ဆိပ်ကမ်း တခုဖြစ်ပြီး ဒေသခံ ပြည်သူတွေ အများအပြား နေ့စဉ်အ၀င်အထွက် အသုံးပြုနေကြတဲ့ မော်တော်ဆိပ်ကမ်းတခု လည်းဖြစ်တယ်။  

ဒေသ အသီးသီးက မော်တော်တွေ၊ စက်လှေတွေနဲ့ ရောက်လာတဲ့ ကန်ုပစ္စည်းတွေကို တခြားဒေသ များသို့ ပို့ဆောင်ဖို့ မော်တော်ကားတွေ မရှိတဲ့ အတွက် နွားလှည်းတွေကိုပဲ အားကိုးအားထား ပြုပြီးတော့ ကုန်စည် ကူးသန်း ရောင်းဝယ်နေကြတာပါ။ 

အခွန်ကောက်ခံရာမှာလည်း စည်ပင်သာယာ ၀န်ထမ်းတွေ ကိုယ်တိုင် ကောက်ခံခြင်း မဟုတ်ဘဲ လူမိုက်တွေ ကို ငှားရမ်းပြီး ကောက်ခံခိုင်းတဲ့ အတွက် ဒေသခံတွေ၊ နွားလှည်းပိုင်ရှင်တွေကို ခြိမ်းခြောက် ပြောဆိုတာမျိုးတွေ နေ့တိုင်းကြုံနေရတယ်လို့ ဒေသခံတွေက ပြောတယ်။

နွားလှည်းတွေ အပြင် ဆိပ်ကမ်းကို ရောက်တာတဲ့ ဆိုက်ကားတွေ၊ လူတွေ ကိုလည်းပဲ အဆင်း ၂၀၀ ကျပ်၊ အတက် ၂၀၀ ကျပ် ကောက်နေကြတယ်လို့ သိရတယ်။ 

ဂျပန်မ ဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ်တွေက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လေလံစနစ်နဲ့ အခွန်ကောက်ခံ ခွင့် ပေးခဲ့ပြီး လေလံအောင်ထားသူက အခွန်တွေ မတရားကောက်ခံအတွက် သက်ဆိုင်ရာအဖွဲ့အစည်း 
တွေ၊ အာဏာပိုင်တွေကို တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် လေလံစည်းကမ်းချိုးဖောက် တယ်ဆို ပြီးတော့ လေလံကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ 

ပုဂ္ဂလိကဆီက လေလံကို ရုပ်သိမ်းပြီး မြို့နယ် စည်ပင်သာယာအဖွဲ့ကိုယ်တိုင် ဦးစီးကောက်ခံနေပြီး မတရား ထပ်မံ လုပ်ဆောင်လာတာကြောင့် နွားလှည်းပိုင်ရှင်တွေက ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved