ရန်ကုန်မြို့ တိုက်ခန်းကျဉ်းများမှာ ပြွတ်သိပ်နေထိုင်ခြင်း

Saturday, December 1, 2012

 
~
ရွက်စိမ်း ~

ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှား ဈေးကွက်မှာတော့ တိုက်ခန်း တခန်း ငှားမယ်ဆိုရင် ခြောက်လစာ/တနှစ်စာ ကြိုတင်ပေးပြီး စာချုပ် ချုပ် ငှားရမ်းနေထိုင်တာနဲ့ စပေါ်တင်ပြီး ငှားရမ်းနေထိုင်ရတာဆိုပြီး ရှိပါတယ်။
အခုနောက်ပိုင်းမှာ ပိုများပြား လာတာကတော့ တိုက်ခန်း တခန်းကို မိသားစုတွေ စုပြီး ငှားရမ်းနေထိုင်တာတို့၊ အိမ်ရှင်နဲ့ အတူရောပြီး နေထိုင်ရတာတို့ပါပဲ လို့ ကမာရွတ် အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းတွေက ပြောပါတယ်။
ကမာရွတ် မြို့နယ် သဘောင်္ကျင်း အိမ်ယာ ပုံ
ရန်ကုန်မြို့မှာ အိမ်ခြံမြေ တိုက်ခန်း အငှားစရိတ်က တဖြည်းဖြည်း ကြီးမြင့်လာတာကြောင့် အိမ်ငှားနေထိုင်တဲ့ သူတွေ အတွက် ၀င်ငွေအတော်အသင့်ရှိမှ တဦးတည်းပိုင် တိုက်ခန်းကို ငှားနေနိုင်တာပါ။

ဝင်ငွေနည်းပါးတဲ့သူတွေအဖို့တော့ ဈေးအနည်းငယ်သက်သာတဲ့ ဆင်ခြေဖုံးဘက်တွေမှာ ငှားနေကြပါတယ်။

စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ငှားနေထိုင်ချင်တယ် ဆိုရင်တော့ တခြားမိသားစုတွေနဲ့ ရောပြီး အခန်း တခန်း ငှားပြီး နေထိုင်တာတို့ ရှိပါတယ်။

“ကျွန်မတို့ လင်မယား နှစ်ယောက်ထဲလည်း ဖြစ်တယ်။ ၀င်ငွေကလည်း သိပ်မရှိတော့ တိုက်ခန်း တခန်းကို ခြောက်လချုပ်နဲ့က မငှားနိုင်ဘူး။ ဒါကြောင့် အလုပ်နဲ့နီးတဲ့ ကမာရွတ်မှာပဲ အိမ်ရှင်မိသားစု အခန်း တခန်းကို ငွေငါးသောင်းကျပ်နဲ့ ပေးငှားလိုက်တယ်။
မီးဖိုချောင်တွေ ရေချိုးခန်း အိမ်သာကတော့ အတူတူသုံးရတာပေါ့။ မီတာကြေးကတော့ တလကို သုံးထောင် ထပ်ပေးရတယ်”
လို့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန် တိုက်ခန်းမှာ ငှားရမ်းနေထိုင်သူ တဦးက ပြောပါတယ်။

အများနဲ့ ရောပြီးအခန်းတွေ ကန့်ပြီး နေထိုင်တဲ့ အငှားစရိတ်ကတော့ အခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး သုံးသောင်းကနေ ငါးသောင်းဝန်းကျင် အထိ ရှိပါတယ်။ အဲဒီလိုမျိုး အခန်းတွေမှာတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက် စုငှားတာတို့ လင်းမယား နှစ်ယောက် ငှားနေတာတို့ များပါတယ် လို့ တိုက်ခန်းပွဲစား တဦးက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တိုက်ခန်း အငှားဈေးကွက်တော့ ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ လှိုင်၊ ကျောက်တံတား၊ ပုဇွန်တောင် စတဲ့မြို့နယ်တွေမှာ  ငှားနေမယ်ဆိုရင်တော့ လက်ရှိ ပေါက်နေတဲ့ ဈေးက မြေညီထပ်ကို တသိန်းကျော် နှစ်သိန်းကျော် သုံးသိန်းကျော်လောက် အထိ နေရာကောင်းရင် ကောင်းသလို ပေးရပြီး  အပေါ်ဆုံးလွှာတွေကိုတောင် အနည်းဆုံး ၇သောင်းလောက် ရှိနေပါတယ်။
ခြောက်သောင်းတန် ဆိုတာကတော့ မရှိသလောက် ရှားနေပါပြီ။

ခုနှစ်သောင်း ရှစ်သောင်းကို ခြောက်လ တနှစ်ချုပ်ပြီး ပေးရတဲ့ ငွေပမာဏဟာ လူအများစု မတတ်နိုင်တဲ့ နှုန်းဖြစ်နေတာကြောင့် အခုလို အများနဲ့ ရောပြီး တိုက်ခန်း အိမ်ခန်းတွေ မှာ ကျပ်ကျပ်တည်းတည်း နေနေရတဲ့လူတွေ များနေတာ ဖြစ်ပါတယ်။

 မြို့ထဲ နဲ့ ဝေးတဲ့ နေရာမျိုးမှာ နေရင် သည့်ထက်မက ဈေးသက်သာနိုင်ပေမယ့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာနဲ့ သွားလာရ ဝေးတဲ့အတွက်နဲ့ ပေးရတဲ့ လမ်းစရိတ်နဲ့  ကားတိုးစီးရတဲ့ ပင်ပန်းမှုတွေကြောင့် အခုလိုမျိုး နီးတဲ့နေရာမှာပဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လမ်းမတော် လသာမြို့နယ်တို့မှာ ဆိုရင် အိမ်ထောင်ရှင်တွေအတွက် အဆောင်ငှားသလို အခန်းတွေနဲ့ ငှားတဲ့ အိမ်ထောင်ရှင် သီးသန့်တိုက်ခန်းတွေ ရှိနေပြီး အငှားဈေးကွက်လည်း အောင်မြင်နေပါတယ်။

ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်ရှင်တွေအတွက်ကတော့ ဒီလို အများစုပြီး ရောနှော နေထိုင်ရတဲ့ အခန်းတွေကိုပဲ အားကိုးနေရတယ်လို့ လသာမြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။


















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved