လက်ညှိုးညွှန်ရာ

Saturday, December 8, 2012

 
~




 မောင်နှင်းပန်း   ~

 
တစ်နေ့ တွင် အလုပ်မှ အနား ယူ ခွင့် ရသဖြင့် ကျွန်တော့် ၏ သားသမီး များ နှင့် အတူ စိတ်ပါ လက်ပါ ဆော့ ကစား နေမိပါသည်။

သားကြီးက ရှစ်နှစ် ခန့်ရှိ နေပြီ ဖြစ်သော်လည်း သမီးငယ် ကတော့ ဆယ်လ ခန့်သာ ရှိပါသေးသည်။ သမီးငယ်သည် လမ်းစမ်း၍ လျှောက်တတ်ခါစ အရွယ် ဖြစ်သောကြောင့် တခစ်ခစ် ရယ်မော ကာ ဒယိမ်း ဒယိုင် ခြေလှမ်း များဖြင့် အိမ်ရှေ့မှ အိမ် နောက်၊  ခြေရင်း မှ ခေါင်းရင်းထိ ဗြောင်း ဆန် နေအောင် ဆော့ ကစား နေခဲ့ သည်။

ထိုကလေးနှစ်ယောက်နှင့်အတူ ကျွန်တော် ကိုယ်တိုင်လည်း ပါဝင် ဆော့ကစားရင်း အတန်ငယ် မောလာသောကြောင့် သားကြီးကိုပြောပြ၍ ရနိုင်သော်လည်း သမီးငယ်ကိုတော့ အာရုံလွှဲရန် ကြိုးစား ရတော့သည်။ ထို့ကြောင့် သမီးငယ်ကို လက်ညှိုးထိုးကာ“ထိုင်”ဟု မာမာတင်းတင်း ဆိုလိုက် မိပါသည်။ စကားပင် မပြောတတ် သေးသော ကျွန်တော့် သမီးက “ထိုင်” ဆိုသော ဝေါဟာရကို ရေရေ ရာရာ နားလည်ပုံမရ။ ကျွန်တော်နှင့် လက်ညှိုးကိုသာ ကြောင်ကြောင် ငေးငေးနှင့် ပြန်ကြည့် နေခဲ့သည်။ ကျွန်တော်က သမီးငယ်ကို၊ နောက်တစ်ကြိမ် လက်ညှိုး ညွှန်၍ “ထိုင်”ဟု ဆိုလိုက် မိပြန်သည်။

သည်အခါတွင် သမီးငယ်က၊ လက်ခုပ်လက် ၀ါးတီးရင်း ဟက်ဟက် ပက်ပက် ရယ်မောကာ “ဗိုင်း”ခနဲ  ထိုင်ချ လိုက်ပါသည်။ ပြီးနောက် ကျွန်တော်က မတ်တတ် ရပ်ခိုင်းပြန်သည်။ ကလေးက လိုက်ရပ်သည်။ ထို့နောက် ထိုင်ခိုင်းသည်။ ထိုင်သည်။ ထခိုင်းသည်။ ပြန်၍ ထသည်။ သည်တော့မှ သမီးငယ်ကို ညွှန်ထားသော ကျွန်တော့် လက်ညှိုးကို သေသေချာချာ စေ့စေ့ ကြည့်မိရင်း၊ အာရုံထဲသို့ အတွေးတစ်ခု ၀င်လာခဲ့ပါသည်။

လက်ညှိုး တစ်ချောင်းသည် မည်မျှ အစွမ်းထက်၍၊ မည်သည့် အခြေအနေ အထိ စွမ်းဆောင် နိုင်ပါ သနည်း။ လူ မှန်းသိတတ်စ လူမမည် လေးကိုပင် ညွှန်ကြားနိုင်လျှင် အသိတရား ကြီးမားသော လူကြီးများ ကိုရော၊ ညွှန်ကြား နိုင်ပါသလား။ ထိုသို့ ညွှန်ကြား မည်ဆိုလျှင် မည်သည့် လိုအပ်ချက် တွေ ရှိနေနိုင် ပါသနည်း။ အစရှိ သည့်မေးခွန်း တွေက၊ ကျွန်တော့် အသိထဲတွင် အစဉ်လိုက် သွယ်တန်းလာခဲ့သည်။

လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှု၊ ဦးဆောင်မှု၊ ဆက်သွယ် မှုထဲတွင်၊ အခြားသော လူတစ်ယောက် အတွက် မည်မျှအထိ အကျိုးရှိပြီး၊ မည်မျှအထိ အကျိုးယုတ် သွားစေ နိုင်ပါသနည်း ဟုလည်း ဆင့်ပွား တွေးတော မိပြန်သည်။ ကျွန်တော့် အနေဖြင့် ပထမဦးစွာ သတိထား မိလာစေသည့်လက်ညှိုး တစ်ချောင်းမှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးကို အကျွတ် တရားရစေသည့် ဂေါတမ ဘုရားရှင်၏ လက်ညှိုးတော် ပင်ဖြစ်သည်။ ထိုလက်ညှိုးတော်၏ ညွှန်ပြမှုကြောင့် သတ္တ၀ါ အားလုံးအတွက် လောက အမိုက် မှောင်ကို ဖယ်ခွင်း သိမြင်နိုင်သည့် သစ္စာတရားကို ရရှိခဲ့ကြပါသည်။

သို့သော် လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှုကြောင့် ဂျူးလူမျိုးခြောက် သန်းကျော် သေကျေ ပျက်စီးခဲ့ရသော ဟစ်တလာ၏ လက်ညှိုး မျိုးကိုတော့ ကျွန်တော် မနှစ်မြို့နိုင်ပါ။ ထိုနည်းတူ လက်ညှိုး တစ်ချောင်း၏ မှားယွင်း မှုကြောင့် ဗိမ္မိသာရ မင်းကြီးနတ်ရွာ လားခဲ့ရသလို၊ အဇာတသတ် မင်းသားလည်း ငရဲကို သွားခဲ့ရ ပြန်သည်။ ထိုလက်ညှိုးကို အသုံးချခဲ့သည့် ဒေ၀ဒတ် ကိုယ်တိုင်လည်း မဟာပထ၀ီ မြေကြီး၏ ဆုပ်ခြေ ၀ါးမျိုမှုကို ခံယူခဲ့ရပါသည်။

ထို့ကြောင့် လက်ညှိုးတစ်ချောင်း၏ နောက်တွင် သုံးစွဲသူ၏ စိတ်နေ သဘောထား၊ ကိုယ်ကျင့်တရား၊ တာဝန် ယူမှု၊ ဦးဆောင်နိုင်မှု၊ စေတနာ အစရှိသည့် စေတသိက် တွေလည်း မြောက်မြားစွာ ရောနှော ပျော်ဝင်နေမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထို့ကြောင့် လက်ညှိုးတစ်ချောင်းသည် လူတစ်ယောက် အတွက်၊ ပတ်ဝန်းကျင် တစ်ခု အတွက်၊ လူ့အဖွဲ့အစည်း အတွက်၊ တိုင်းပြည်တစ်ခု အတွက်၊ ယုတ်စွအဆုံး၊ လူ့ မျိုးဆက် တစ်ခုလုံး အတွက် ကြောက် ခမန်းလန့် ခမန်း တန်ခိုးကြီး အသုံးဝင် နေသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်း လှပါသည်။

လက်ညှိုး တစ်ချောင်းနှင့် ပတ်သက်၍ ဆက်လက် စဉ်းစားဦး မည်ဆိုလျှင် မြစ်ကို အလျားလိုက် ကူးခပ်နေရ သကဲ့သို့ ခရီးဆုံး နိုင်လိမ့်မည် မထင်ပါ။ ဗုဒ္ဓဘုရားရှင် လက်ထက်က “လက်ညှိုး ပန်းကုံးဆွဲသူ” အမည်ရသည့် အင်္ဂုလိမာလ မှစ၍ မိမိ လက်ညှိုးကို လူပုံ အလယ်တွင် သန်လျက်နှင့် ခုတ်ဖြတ်ဝံ့ခဲ့သော ရခိုင် ဘုရင်မင်းထီး အလယ်၊ “လက်ညှိုး ညွှန်ရာ ရေဖြစ်သည်” ဟု အဆိုရှိသော အလောင်း စည်သူမင်းကြီးထိ ကျွန်တော်၏ အတွေး ကြေးမုံတွင် တရိပ်ရိပ် ပေါ်လာခဲ့ပါသည်။

ရခိုင်ဘုရင် မင်းထီးသည် လွန်စွာ တရား ဖြောင့်မတ်သော မင်းတစ်ပါးဖြစ် ခဲ့သည်ဟု အဆိုရှိ ခဲ့ပါသည်။ နန်းတော်အတွင်း ကွမ်းစားကြသော ၀န်ထမ်း အချို့သည် နန်းတော် တိုင်များကို အမှတ်မဲ့ ထုံးသုတ် ကြလေ့ ရှိသဖြင့်၊ မင်းကြီးက နောင်အခါ ထိုကဲ့သို့ အပြု အမူ မျိုးကိုတွေ့လျှင် လက်ညှိုးကို ဖြတ်ပစ်မည်ဟု အမိန့်ချခဲ့ သည်။ တစ်နေ့တွင် ဘုရင် မင်းမြတ်က သူကိုယ်တိုင် နန်းတော် တိုင်တစ်ခုတွင် အမှတ်တမဲ့ ထုံးသုတ် ခဲ့မိသည်။ ဤသည်ကို တွေ့မြင်ခဲ့သော အမတ် တစ်ဦးက နေ့ရက် အချိန် နာရီနှင့် တကွ မှတ်တမ်း တင်ထားခဲ့လေသည်။

တစ်နေ့သော ညီလာခံတွင် ထုံးပေနေသော နန်းတော်တိုင်ကို မင်းကြီး မြင်တော် မူသဖြင့် တရားခံကို မေးမြန်းရာ အတိအကျ မှတ်တမ်းတင် ထားသော အမတ်က အဖြစ်မှန်ကို ရဲရဲ ၀ံ့ဝံ့တင် လျှောက်ခဲ့ပါသည်။ ထိုအချိန်တွင် မင်းကြီးကလည်း မှူးမတ်များ အလယ် တွင်ပင် အမှတ်တမဲ့ ထုံးသုတ်ခဲ့သော မိမိ၏ လက်ညှိုးကို သန်လျက်ဖြင့် ခုတ်ဖြတ် ခဲ့ပါသည်။ ဤအခြေအနေမှာ အမှားကို တာဝန်ယူရဲသော လက်ညှိုး တစ်ချောင်း အဖြစ် ရာဇ၀င်တွင် ခံ့ညား လွန်းလှပါ သည်။

အလောင်း စည်သူမင်း ကြီးနှင့်ပတ် သက်၍လည်း ကျွန်တော်ငယ်စဉ်က လွန်စွာ သဘောကျခဲ့ဖူး ပါသည်။ ထို မင်းကြီးသည် “လက်ညှိုးညွှန်ရာ ရေ ဖြစ်သည်”ဟု ကြားဖူး ခဲ့သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော့်အဘိုးတွေ၊ အဘွားတွေ ကတော့ အိပ်ရာဝင် ပုံပြင်များထဲတွင် မင်းကြီး၏ ဖောင်တော်ဦး၌ ပြဒါးရှင်လုံး ရှိနေသောကြောင့် ဤမျှ ဘုန်းကံ ကြီးမားနေခြင်း ဖြစ်သည်ဟု ပြောပြ ခဲ့ဖူးပါသည်။ ထိုစဉ်က ကလေး တစ်ယောက် ပီပီ ကျွန်တော်က အဘွား ကို ပြန်လည်၍ မေးခွန်း ထုတ်ခဲ့ဖူးပါသည်။

“အလောင်း စည်သူမင်းကြီး က လက်ညှိုးညွှန်ရင် ရေပဲဖြစ်နေပြီး မုန့်တို့၊ ကားတို့၊ ကစားစရာတို့ မဖြစ်တော့ ဘူးလား” ဆိုတော့ အဘွားက ဟက်ဟက် ပက်ပက် ရယ်မော ခဲ့ဖူး သည်ကိုလည်း မကြာခဏ သတိရ မိသည်။

ကျောင်းတုန်းကတော့ ကျွန်တော်တို့၏ ဆရာတစ်ဦးက အလောင်းစည် သူမင်းကြီးသည် ဖောင်တော် တစ်စီးနှင့် ဧရာဝတီမြစ်ကို အထက်အောက် စုန်ဆန်ကာ ဆယ့်နှစ်ရာသီ သွားလာနေသူ ဖြစ်သောကြောင့် ဖောင်တော်ဦးတွင် မတ်တတ်ရပ်ကာ ရှေ့သို့ လက်ညှိုးညွှန်လိုက်လျှင် ရေသာဖြစ်နေခဲ့ခြင်း ဖြစ်မည်ဟု ခပ်ရွှင်ရွှင်ဖြင့် ရှင်းပြခဲ့ဖူးပါသည်။ သို့သော် ဆရာကပင် ထပ်မံ၍ အလောင်းစည်သူမင်းကြီးသည် ဘုန်းတန်ခိုး အာဏာ ကြီးမားလွန်းသောကြောင့် ၄င်းစေခိုင်း သည့်အတိုင်း မှူးမတ်တို့က မဖြစ်မနေပြီး မြောက်အောင် ဆောင်ရွက်ပေး ကြသဖြင့် “လက်ညှိုး ညွှန်ရာ ရေဖြစ် သည်”ဟု တင်စားခဲ့ခြင်း ဖြစ်တန်ရာ သည်ဟုလည်း အနားသတ်ကာ တွေး ပြခဲ့ဖူးပါသည်။

ထို့ကြောင့် ရှင်ဘုရင် တစ်ပါး၏ လက်ညှိုး၊ အစေအပါး တစ်ဦး၏လက် ညှိုး၊ သူဌေး၏ လက်ညှိုး၊ သူဖုန်းစား၏ လက်ညှိုး၊ ၀န်ကြီးမှူးမတ်တို့၏ လက်ညှိုး၊ စစ်သူကြီး၏ လက်ညှိုး၊ အာဏာ ရှိသူ၏ လက်ညှိုး၊ အာဏာမဲ့ သူ၏လက် ညှိုး၊ သြဇာကြီး သူ၏လက်ညှိုး၊ လူကြီးတို့၏ လက်ညှိုး၊ လူငယ်တို့၏ လက်ညှိုး အစရှိသဖြင့် ကျွန်တော်တို့၏ လူ့သမိုင်း တစ်လျှောက်တွင် လက်ညှိုးပေါင်း ထောင်သောင်း သိန်းသန်းမက ကုဋေကုဋာ ချီ၍ များပြား လွန်းခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ အတွက် လက်ညှိုးပေါင်း များစွာသည် အဓိပ္ပာယ်ပေါင်း များစွာဖြင့် ပြည့်နှက် နေပြီး စိတ်ဝင်စား စရာလည်း ကောင်းနေ ပါတော့သည်။

သေချာသည်က ဘန်ကီမွန်း၏ လက်ညှိုး၊ ကင်ဂျုံအွန်၏ လက်ညှိုး၊ အို ဘားမား၏ လက်ညှိုး၊ ၀ူးကျင်းတောင်၏ လက်ညှိုး၊ မင်ဒဲလား၏ လက်ညှိုး၊ လက်ညှိုး...လက်ညှိုး...လက်ညှိုး ... အစရှိသည့် လက်ညှိုးများသည် လူတစ်ဦးချင်း စီကို၊ အဖွဲ့အစည်း တစ်ခု ကို ကိုယ်စားပြု သည့်လက်ညှိုးများ မဟုတ်ကြဘဲ တိုင်းပြည်တစ်ခုလုံးကို သို့မဟုတ် လူမျိုးစုတစ်ခုလုံးကို ကိုယ်စားပြုထားသည့်လက်ညှိုးများပင် ဖြစ်ကြပါသည်။

ထိုလက်ညှိုး များသည် တိုင်းသူ ပြည်သား တစ်ယောက်ကို၊ ကုန်သည် ပွဲစားကို၊ မှူးမတ်များကို၊ ပြည်သူ့ ၀န်ထမ်းကို၊ လက်လုပ် လက်စားကို၊ ဆင်းရဲသားကို၊ လယ်သမားကို၊ အိမ် ခြေယာခြေမဲ့များကို၊ ဒုက္ခသည် များကို၊ သူတောင်းစားကို၊ နင်းပြားကို မည်သို့ ဦးဆောင် နေသနည်း။ မည်သို့ ညွှန်ကြား နေသနည်း။ မည်သို့ အကျိုးရှိစေပြီး မည်သို့ အကျပ်တွေ့ နေစေသနည်း။ အစရှိ သဖြင့် မဆုံးနိုင်သေးသည့် လက်ညှိုးပေါင်းများစွာသည် မဆုံးနိုင်သော အတွေးပေါင်း များစွာကို သံသရာရှည် စေခဲ့ပါသည်။

သေချာသည်က လူတစ်ယောက် စီမှ လက်ညှိုး ပေါင်းများစွာ၏ ဂုဏ်သိက္ခာနှင့်၊ လက်ညှိုး တစ်ချောင်း၏ တန်ဖိုးကို မည်သည့်ပေတံ၊ မည်သည့် စံဖြင့် တိုင်းတာ မည်နည်း။ မည်သို့ အသိအမှတ် ပြုမည်နည်း။ ထို့ကြောင့် လက်ညှိုး တစ်ချောင်း၏ တန်ဖိုးသည် လူတစ်ယောက်၏ ဂုဏ်သိက္ခာ၊ လူမျိုးစု တစ်ခု၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော် တစ်ခု ၏ဂုဏ်သိက္ခာ ဟုပင်ဆိုနိုင် ပါတော့သည်။

ကျွန်တော်တို့ ကြုံတွေ့ခဲ့ရ သည့် ထင်ရှားသည့် လက်ညှိုးများ ထဲတွင် အနော်ရထာ၏ လက်ညှိုး၊ ဘုရင့်နောင်၏ လက်ညှိုး၊ အလောင်း ဘုရား၏ လက်ညှိုး၊ မင်းတုန်းမင်း၏ လက်ညှိုး၊ သီပေါမင်း၏ လက်ညှိုး၊ ကနောင် မင်းသား၏ လက်ညှိုး၊ ဦးဖိုးလှိုင်၏ လက်ညှိုး၊ ဦးကောင်း၏ လက်ညှိုး၊ သခင် ကိုယ်တော်မှိုင်း၏ လက်ညှိုး၊ ဗိုလ်ချုပ်၏ လက်ညှိုး၊ နယ်ချဲ့၏ လက်ညှိုး၊ ဖက်ဆစ်တို့၏ လက်ညှိုး အစရှိသဖြင့် မဆုံးနိုင်သော သမိုင်းကို ရေးခဲ့ကြ သူတွေ၏ လက်ညှိုးတွေကို ကျွန်တော်တို့ တွေ့ခဲ့ဖူးကြပြီ။ ကောင်းကွက် တွေရှိသလို၊ ဆိုးကွက် ညံ့ကွက် တွေလည်း ကြုံခဲ့ရဖူး ပြီ။ တန်ဖိုးကြီးတွေ ရှိခဲ့သလို၊ တန်ဖိုးမဲ့ တွေလည်း ရှိနေခဲ့ပါသည်။ သေချာ သည်က ထိုလက်ညှိုးများ၏ ညွှန်ကြားမှု များသည် လူ့သမိုင်း အတွက် ကျွန်တော်တို့ အားလုံး၏ ရင်နှလုံးထက်တွင် ကမ္ပည်း ကျောက်စာ အဖြစ် စွဲစွဲထင် ထင်တည် ရှိနေခဲ့ ကြပြီဖြစ်သည်။

ကျွန်တော်၏ အတွေးစဉ်တချို့ သည် လက်ညှိုးနှင့် ပတ်သက်၍ ခရီး မဆုံး နိုင်သေးပါ။ ရပ်တန့်မှု မရှိဘဲ သံသရာတစ်လျှောက်တွင် အစဉ်မပြတ် ခုတ်မောင်း နေသည့် ရထား တစ်စီးလို အရှိန်အဟုန် ပြင်းစွာ ခုတ်မောင်း နေတုန်း ဖြစ်သည်။

သို့သော် ကျွန်တော့်ရှေ့တွင် မောမောနှင့် အိပ်ပျော်နေရှာပြီ ဖြစ်သော သားကြီးနှင့် သမီးငယ်ကို ကြည့်ရင်း သက်ပြင်းမောတစ်ခုကို ခပ်ပြင်းပြင်း ရှိုက်ထုတ် လိုက်မိသည်။ ကျွန်တော်၏ လက်ညှိုး တစ်ချောင်းနှင့် သူတို့လေးတွေ အနာဂတ်ကို လှပ သစ်လွင်အောင် လမ်းညွှန် ရပါဦးမည်။ ကျွန်တော်တို့ တစ် သက် လုံးနီးပါး မလွှဲသာ မရှောင်သာ၊ ရင်ဆိုင် ကြုံတွေ့ ခဲ့ရသော အခြေအနေ ဆိုးမျိုးကိုလည်း သူတို့လေးတွေ မကြုံ တွေ့ရပါစေနှင့်ဟု မျိုးဆက်တစ်ခုလုံးအတွက် ရည်ရွယ်၍ ဆုတောင်းနေမိသည်။

ကျွန်တော့်၏ လက်ညှိုးတစ်ချောင်းသည် သားနှင့် သမီးကို မည်သည့် အခြေအနေအထိ ကူညီ၊ ဦးဆောင် နိုင်မည်ကိုတော့ မခန့်မှန်းနိုင်သေးပါ။ သေချာသည်က ကျွန်တော်သည် လူသားတစ်ယောက် ပီပီ၊ သားနှင့်သမီး အတွက် အကောင်းဆုံး ဦးဆောင်သူဖြစ် အောင်တော့ ကျားကုတ် ကျားခဲ အားထုတ်ရပါဦးမည်။

ထိုနည်းတူ လူတိုင်းသည်လည်း ဒီကနေ့၊ မနက်ဖြန်၊ နောက်တစ်နှစ်၊ နှစ်တစ်ရာ၊ ကမ္ဘာတည် သရွေ့၊ လက် ညှိုး တစ်ချောင်း၏ တန်ဖိုးကို လှလှပပ ထုဆစ်ကြလိမ့်ဦးမည်ဟု ထင်ပါသည်။ သို့သော်...။

ကျွန်တော် အပါအ၀င် လူသား အားလုံး ကလည်း မိမိတို့၏ ပစ္စုပ္ပန်ဘ၀ သာယာ လှပရန်အတွက် အနာဂတ်ဘ၀ အကျိုး ရရှိရန်အတွက် ကမ္ဘာပေါ်ရှိ လူတန်းစား အားလုံးနှင့် တစ်ပြေးညီ တန်ဖိုးမြင့်အောင် ဦးဆောင် ပေးနိုင်မည့် လက်ညှိုး တစ်ချောင်းကို အာသာ ငမ်းငမ်းဖြင့် လိုချင် တပ်မက်နေသည်မှာတော့ အသေအချာပင်ဖြစ်ပါတော့သည်။

 (ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ၂၀၁၂)

ညွှန်း - ရွှေအမြုတေ မဂ္ဂဇင်း အွန်လိုင်း
shweamyutay.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved