ရေကြည်လယ်သမားတွေ ဘာကြောင့် ဆန္ဒပြကြလဲ

Monday, December 3, 2012



သန့်စင်ငြိမ်းချမ်း ~

နိုင်ငံတော်စိုက်ကွင်းအဖြစ် သိမ်းဆည်းထားခဲ့သည့်လယ်မြေ ၇၅၀ ဧကအား လုပ်ပိုင်ခွင့် ပြန်ပေး ရန် ရေကြည်မြို့ နယ်မှတောင်သူ ၁၃၀ ကျော်က ယမန်နေ့ နေ့လည်ပိုင်း က ရေကြည်မြို့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ 

တောင်သူများက မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးခဲ့သည့်မြေများအား နိုင်ငံတော် စိုက်ကွင်းအဖြစ် သိမ်းဆည်းပြီး လုပ်ငန်းရှင်များအားလုပ်ပိုင်ခွင့် ချထားနေသည့် အတွက် မကျေနပ်သဖြင့် တောင်သူများက ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။ 

“ကျနော်တို့တောကြီးကို ရှင်းလင်းပြီး လုပ်ခဲ့တယ်။ စိုက်ကွင်းမှူးက ၁ ခွဲနှုန်း (၈ ပြည်)၊ ၁ တင်းနှုန်း (၁၆ ပြည်) တောင်းတယ်။ ကျနော်တို့ဘက်ကလည်း မှန်မှန်ကန်ကန် ပြန်သွင်းခဲ့တယ်။ ခုကျတော့ ကျနော်တို့ လုပ်လို့ ပြောင်နေတဲ့မြေကြီးတွေကို ကျနော်တို့ကို ချမပေးဘဲ ပိုက်ဆံရှိတဲ့လူတွေကို ချပေးနေ တယ်။ ကျနော်တို့ ဓားမဦးချလုပ်လာတဲ့ မြေကြီးကို ပြန်လိုချင်တဲ့အတွက် ဆန္ဒထုတ်ဖော်တာပါပဲ”ဟု သရက်ချောင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာမှ တောင်သူ ဦးအေးသန်းက ဧရာဝတီကို ပြောသည်။

ယင်းမြေယာများကို ၁၉၇၆ ခုနှစ်ကစတင်ကာ တောင်သူများက ဖော်ထုတ်စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်စိုက်ကွင်းအဖြစ် သိမ်းဆည်းသွားသည်ဟု တောင်သူများက ပြောသည်။ 

“ကျမတို့မှာ အရမ်းကြီးတဲ့သစ်မြစ်တွေကို ပေါက်တူးနဲ့ဖော်၊ စားစရာမရှိလို့ ထမင်းကို ဆားလေးနဲ့စားပြီး လုပ်လာခဲ့တာ။ စိုက်ပျိုးလို့ရတဲ့အချိန်ကျမှ စိုက်ကွင်းဆိုတာပေါ်လာပြီး ဒါတွေက စိုက်ကွင်းထဲပါတယ်ဆိုပြီး သိမ်းသွားတာ။ လယ်သမားတွေက ဖယ်မပေးတော့ ထွန်စက်ကြီးတွေ ၀င်မောင်းပြီးဖျက်၊ စိုက်ထားတဲ့ အပင်တွေကို မြင်းတွေနဲ့တက်နင်းပြီး သိမ်းသွားခဲ့တာ”ဟု ပိုင်ဆိုင်သမျှလယ်ယာများ သိမ်းဆည်းခံခဲ့ရသူ အလယ်စုကျေးရွာမှ ဒေါ်လှလှဝင်းက ပြောသည်။ 



“ကိုယ့်လယ်သိမ်းခံလိုက်ရတော့ လယ်မရှိတော့ဘူးလေ။ အဲဒါနဲ့ သူများဆီမှာ နေ့ကောက် (နေ့စား လုပ် သား) လိုက်ဆင်းပြီး ခုချိန်အထိ မိသားစုဘ၀ကို ကြုံသလိုပဲ ရပ်တည်ခဲ့ရတာ”ဟု သူက ဆက်ပြောသည်။ 

နိုင်ငံတော်ကသိမ်းဆည်းခဲ့သည့် ယင်းစိုက်ကွင်းများကို ၁ ဧကလျှင် ပဲ ၆ ပြည်နှုန်းဖြင့် တောင်သူများကို သီးစားပြန်လည်ချထားပေးခဲ့သဖြင့် တောင်သူများ ၁၀ နှစ်ခန့် လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ၂၀၀၈ ခုနှစ် တွင် အစိုးရ၀န်ထမ်းစိုက်ကွင်းမှူးများက လုပ်ငန်းရှင်များကို ဧက ၃၀၊ ၅၀၊ ၁၀၀ စသဖြင့် လုပ်ပိုင်ခွင့် ချထားပေးခဲ့သည်။ 

“တောင်သူတွေက ဒီနေရာခုတ်လိုက် ပြောင်သွားရင် တခြားနေရာချပေးလိုက်ဆိုတော့ တောင်သူတွေ က တောတည်သမားတွေ ဖြစ်နေတယ်။ တကယ်က ပလပ်မြေတွေနော်။ နောက်ပိုင်းကျတော့ တောင် သူတွေတောရှင်းလို့ ပြောင်ခဲ့တဲ့မြေတွေကို သူဌေးတွေကို ချပေးလိုက်တော့ တို့တောင်သူတွေက ကိုင်း လုပ်ဖို့ကို အဲဒီသူဌေးတွေဆီ ခြေသလုံး သွားဖက်ရတယ်”ဟု အလယ်စုကျေးရွာမှ တောင်သူ ဦးခင်အောင် က ပြောသည်။ 

ယင်းမြေယာများအား လုပ်ငန်းရှင်သူဌေးများလုပ်ပိုင်ခွင့်ရပြီးနောက် သီးစားခ ၁ ဧက ၁ တင်း နှုန်း 
ဖြင့် တောင်သူများ ကို တဆင့် ပြန်လည်ချထားပေးခဲ့သည်။ 

“မနှစ်က ပဲဈေးနဲ့ တောင်သူတွေက သီးစားခ၊ စက်မောင်းခ၊ ပေါင်းသတ်စရိတ်၊ မျိုးစရိတ်၊ ပိုးသတ် စရိတ်တွက်ကြည့်လိုက်တော့ တို့တောင်သူတွေက ရှုံးရော။ ထွန်ခြစ်ထမ်းပြန်ရတဲ့ဘ၀ ရောက်ကုန်ရော။ ဒီနှစ်ကျတော့ သီးစားခထပ်တက်တော့ အဲဒါကို မခံမရပ်နိုင်လို့ အဆင့်ဆင့်တွေကို တိုင်ကြား တယ်။ ဖြေ ရှင်း မပေးဘူး”ဟု ဦးခင်အောင်က ပြောသည်။ 

ယမန်နေ့ ဆန္ဒဖော်ထုတ်ပွဲအတွင်း တောင်သူများက ယင်းမြေဧက ၇၅၀ အား တရားဝင် အတည်တကျ လုပ်ကိုင်ခွင့်ပေးရန်၊ သီးစားခအဖြစ် နိုင်ငံတော်အား ၁ ဧက ၁ တင်းနှုန်း နှစ်စဉ် ပေးသွင်းသွားမည်ဖြစ်ပြီး သီးစားခတာဝန်ကျေနေသရွေ့ သားစဉ်မြေးဆက် လုပ်စားခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

တောင်းဆိုချက်များ မရမခြင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု လယ်သမားများက ဆိုသည်။

“ကျနော်တို့ ဒီကိစ္စတွေကို ၀န်ကြီးချုပ်ဆီ စာ ၅ ကြိမ်တင်ခဲ့တယ်။ တတိယမြောက် ပို့တဲ့အချိန်မှာ အဲဒီ စာဟာ ၀န်ကြီးချုပ်ရုံးထဲမှာ ဆန်မရှိတဲ့အိုးထဲမှာ ကြွက်ကခေါင်းမူးနေသလိုပဲ ကိုယ်ကိုယ်တိုင် ၀င်ရှာခဲ့ရ တယ်။ အဲဒီစာ ရှာလို့မတွေ့ဘူး။ အဲတော့ ဒီအစိုးရအဖွဲ့အနေနဲ့ ပြည်သူကိစ္စကို ဘယ်လောက်ထိ မလေးစား သလဲဆိုတာ။ ဒါတွေကို ဆင်ခြင်သင့်ပြီ”ဟု လိုက်ပါကူညီပေးနေသည့် ပုသိမ်မြို့မှ လူ့အခွင့်အရေးလှုပ်ရှား သူ ကိုမောင်မောင်ကြီးက ပြောသည်။ 


ယင်းမြေယာပြဿနာအား ဖြေရှင်းပေးရန် ယခုလ ၁ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး
နှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင် ရေကြည်မြို့သို့လာရောက်ခဲ့ပြီး စိုက်ကွင်းမှူးများ ဌာနဆိုင်ရာများနှင့် 
တွေ့ဆုံခဲ့သော်လည်း တောင်သူများနှင့် တွေ့ဆုံခြင်းမရှိဘဲ ပြန်သွားခဲ့သည်။ 

ဆန္ဒပြပွဲကို လုံခြုံရေး ယူပေး ထား သည့် ငါးသိုင်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတဦးက “ဒီကိစ္စက လယ်သမားတွေ တကယ်နစ်နာနေတာဗျ။ ကလေးတွေလည်း ကျောင်းမထားနိုင်၊ စားဝတ်နေ
ရေးလည်း တအားကြပ်၊ ဒါတွေ ကျနော်တို့ သိနေတာပဲ။ သူတို့ဘာသာ ဘောလုံးကွင်းထဲ ဆန္ဒပြ လည်း လေထဲ တင် ပျောက်သွားမှာ။ ခုလို မီဒီယာတွေလာပြီး ရေးသားဖော်ထုတ်တော့ သူတို့ ဒုက္ခတွေ ပြေ လည်သွားမယ်ထင်ပါတယ်”ဟု ပြောသည်။ 

တောင်သူများက ရေကြည်မြို့ နေ၀န်းရပ်ကွက်ဘောလုံးကွင်းမှစတင်ကာ 

”ပြည်သူကို လေးစားပါ၊ လယ် သမား ကိုင်းသမားကို သနားကြပါ”၊ 

“တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ လယ်ယာမြေဥပဒေ ကို လေးစားရေး”၊ 

“အစိုးရ၏ကတိများ တာဝန်ခံမှုများ ပြောတဲ့အတိုင်း လုပ်ပေးရေး” 

စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ နေ့လည် ၁ နာရီမှ ၃ နာရီခန့်အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved