လားရှိုး ပုံရိပ်များ

Thursday, December 20, 2012

စည်သူလင်း ~ 

နာမည်ကျော်လားရှိုးမြို့ဟာ ရှမ်းပြည်နယ်ရဲ့ ဆောင်းရာသီအောက်မှာ အေးချမ်းနေပါတယ်။ တရုတ် ပစ္စည်းတွေ ပေါပေါများများ တွေ့ရတဲ့ လားရှိုး၊ စိုင်းဆိုင်မောဝ်သီချင်းထဲက လားရှိုး၊ ကားကြီး ကားငယ်တွေ ဖြတ်သန်းသွားလာရာလမ်းပေါ်က လားရှိုးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ရတဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

ဓာတ်ပုံများ၊ စည်သူလင်း/ ဧရာဝတီ

မနက်စောစောစီးစီး ခရီးထွက်မယ့်သူတွေက အနွေးထည်ထူထူဝတ်ပြီး ကားဖြူလေးထဲ ၀င်ထိုင်နေ ကြပါတယ်။ သူတို့ကို မေးကြည့်တော့ မုံရွာကို ပြန်ကြမှာပါ လို့ အညာလေသံနဲ့ ဖြေပါတယ်။ အဝေးသွား ရမယ့် ခရီးအတွက် ကားထဲ လောင်စာဆီ အများအပြား ထည့်သွားပါလိမ့်မယ်။ ခရီးသည်တွေ အတွက် လောင်စာကတော့ ကားခေါင်မိုးပေါ်က ပလပ်စတစ်ဘူးကြီးထဲ အပြည့်ထည့်ထား တာ တွေ့ရပါတယ်။ 

မြို့ထဲကနေ ၁၅ မိနစ်လောက် ကားမောင်းသွားရင် သို့မဟုတ် တနာရီလောက် လမ်းလျှောက်သွား ရင် ရောက်တဲ့ တောင်ပေါ်ရွာလေးက နံနက်ခင်း မြင်ကွင်းတခုပါ။ သူတို့ ကတော့ တောထဲမှာ ထင်းကောက်၊ ထင်းခုတ် သွားကြသူတွေပါ။ အိမ်အတွက် ဖြစ်နိုင် သလို ရောင်း ဖို့လည်း ဖြစ်နိုင်ပါတယ်။ တရက် ၂ ခြင်း ရရင် အိမ်အတွက် တခြင်း၊ မြို့ထဲသွားရောင်းဖို့ တခြင်းပေါ့ လို့ ဒေသခံတယောက်က ဆိုပါတယ်။ မြို့ထဲက လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်တို့မှာ သွားသွင်းရင် ထင်းတခြင်း ကျပ် ၂၅၀၀ ၀န်းကျင် ရပါတယ် တဲ့။ ထင်းအပြည့်ထည့်လာရင်လည်း ခြင်း/ပလိုင်းကို ပုံမှာ တွေ့ရတဲ့အတိုင်း သယ်ပိုးရတာပါ။ သူတို့ရဲ့ရွာအမည်က နမ့်စမ် ကျေးရွာ ဖြစ်ပါတယ်။ 

စားပွဲခင်းအဖြစ် အသုံးပြုထားတာကတော့ ခြင်ဆေးခွေ ကြော်ငြာပါပဲ။ Eazy Sleep ကို အေးဇေးအိပ် လို့ မြန်မာမှု ပြုထားတာကတော့ ထိရောက်တဲ့၊ ပြုံးစရာကောင်းတဲ့ စိတ်ကူးပါပဲ။ ခုံအောက်က စုတ်ဖွားလေး ကတော့ တကောင်တည်း အေးဇေးအိပ်နေတာ ဓာတ်ပုံသွား ရိုက်တော့ ခေါင်း ထောင် လာ ပါတယ်။ မြို့မဈေးကြီးနား ရိုက်ထားတဲ့ပုံပါ။ 

သူတို့ကတော့ လားရှိုးမြို့ပြင် ရွာတရွာက ကလေးတွေပါ။ နေပူစာလုံနေကြဟန်တူပါတယ်။ ဖိနပ်ကတော့ မရှိလို့ မစီးတာ ဖြစ်နိုင်ပါတယ်။ 


ဟွေလော့ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွင်းဘက် မြင်ကွင်းပါ။ Donated by Mr & Mrs Jammie London, UK July 2012 ဆိုတဲ့ ဆိုင်းဘုတ် တွေ့ရပါတယ်။ တကျောင်းလုံး မှာ ကျောက်သင် ပုန်း ၂ ချပ်ပဲ ရှိတာ ဘာကြောင့်လဲ မေးကြည့်တော့ မနှစ်ကမှ စဖွင့်တဲ့ကျောင်းဖြစ် တာကြောင့် အတန်း ၂ တန်းပဲ ရှိပါတယ်၊ ဒါကြောင့်ပါ တဲ့။ 

လားရှိုး မြို့မဈေးကြီး လျှပ်စစ်ပစ္စည်းဆိုင်တွေမှာတော့ နေရာခြည်စွမ်းအင်ယူမယ့်ဆိုလာပြားတွေ အများ အပြား ခင်းကျင်းထားကြပါတယ်။ မြို့ထဲ မီးလင်းပေမယ့် ကျေးလက်ဒေသမှာ မီးမရပါဘူး။ ကျေးလက် 
ဒေသ မီးမရပေမယ့် နေရောင်ခြည်ရတဲ့အတွက် ဆိုလာပြားတွေ အရောင်းသွက်ဟန်တူပါတယ်။ 


ကျးလက်ဒေသ အိမ်တလုံးမှာ တွေ့ရတဲ့ ဒီဆိုလာပြားအရွယ်အစားနဲ့ ဆိုရင် မီးချောင်း ၂ ချောင်း 
လောက်တော့ လင်းပါပြီ။ အိမ်ခေါင်မိုးအပြည့် ဆိုလာပြား ဆင်ထားနိုင်ရင်တော့ လျှပ်စစ်ဓာတ် ဖောဖော သီသီ ရပါလိမ့်မယ်။ သို့သော်လည်း ဆိုလာပြားက ဈေးမသေးတဲ့ပစ္စည်းဖြစ်လို့ ဒီလို အပြားသေးလေးကို အိမ်တချို့ကပဲ တပ်နိုင်၊ တတ်နိုင်ကြတာပါ။ 

ကလေးပိုး၊ ကလေးထိန်းနေတဲ့ ပလောင်အမျိုးသားတဦး။ ရှမ်းပြည်နယ်မှာတော့ ကလေးတွေကို ဒီလိုပဲ ချီပိုးလေ့ရှိပါတယ်။ 

မြို့လယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတရုံးပါ။ မီးသတ်ကားတစီးလည်း ရပ်ထားပါတယ်။ ဒီကားက ဘရိတ်မမိလို့ ဖြည်းဖြည်းတွန်းရမယ့်ကား ဟုတ်မဟုတ် မသိရပါ။ 

မြို့ပြင်ရွာတရွာမှာတော့ ကလေးတွေက ကားကို အုံကြည့်နေကြပါတယ်။ သူတို့ဆီကို ရောက်လာတဲ့ ကားတွေက အကြမ်းခံတဲ့ ဒေသသုံး ထော်လာဂျီတွေ၊ ဂျစ်ကားတွေ များပါတယ်။ ဒီလိုကားမျိုး သူတို့ဆီကို ရောက်တတ်ဟန်မရှိပါ။ 

လားရှိုးကနေ ကျေးလက်ဒေသကို သွားတဲ့လမ်းတွေက မြေသားလမ်းတွေပါပဲ။ သစ်တင် ကားတွေကြောင့် လမ်းတွေ ဆိုးဆိုးရွားရွား ပျက်ပါတယ်။ သစ်ကို တရားဝင်/တရားမ၀င် ခုတ်တဲ့ လုပ်ငန်းရှင်များ က ဒေသခံ အာဏာပိုင်တို့ကို ဆက်ကြေးပေးပြီး ဒီလမ်းတွေကနေ သစ်လုံးတွေ သယ် ထုတ်ကြတယ် ဆိုတဲ့ စကား လည်း ကြားရပါတယ်။ ပိုက်ဆံရရ မရရ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်က လမ်းပြင်ဖို့ တာဝန်ရှိ ပါတယ်။ 

လားရှိုး ပုံရိပ်များ - ၂ ကို ဆက်လက် ဖော်ပြပါမယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved