ပုသိမ်ခရိုင် တောပြုန်းသွားတာ ဘယ်သူ့လက်ချက်လဲ

Wednesday, January 23, 2013

 ~





သန့်စင်ငြိမ်းချမ်း ~


ပုသိမ်ခရိုင်အတွင်းက ပုသိမ်၊ သာပေါင်းနဲ့ ငပုတောမြို့နယ် သစ်တော ကြိုးဝိုင်းတွေထဲမှာ  ခေတ်မီ လက်ကိုင်လွှစက်တွေနဲ့ သစ်ခိုးထုတ်နေလို့ သစ်တောပြုန်းတီးမှုတွေ ပိုများလာနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောပါတယ်။ 

လက်ကိုင်လွှစက်တွေကို ဒေသခံတို့က ဟမ်းဆော လို့ အမည်ပေးထားပါတယ်။

 အဲဒီမြို့နယ် ၃ ခုထဲမှာ သစ်ခိုးနေတဲ့ ဟမ်းဆောစက် ၁၇၆ စက် ရှိနေပြီး ငပုတောမြို့နယ် တခုတည်းမှာတင် ဟမ်းဆောစက် ၁၀၀ ကျော် ရှိနေတယ်လို့ ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ဧရာဝတီကို ပြောပါတယ်။

 “ဟမ်းဆောသမားက သစ်ပင်တွေ့ရင် ရေအိုးလုံးလောက်ဆိုတာနဲ့ အပင် ၅၀၊ ၁၀၀ ခုတ်တော့တာပဲ။ သူတို့ခုတ်အားက သာမာန်လူ ၂ ယောက် ၁ နှစ်စာ ခုတ်ရမယ့်တောကို ဟမ်းဆောသမားက ၁၀ ရက်ထဲနဲ့ အပြတ်ခုတ်နိုင်တယ်။ ခုဆိုရင် ငပုတောဘက်မှာ သစ်တောပြုန်းတီးမှု အရမ်းများနေပြီ” လို့  ဦးအေးကြည်က ပြောပါတယ်။

ပုသိမ်ဒေသခံတို့က ဟမ်းဆောလို့ ခေါ်ကြတဲ့ လက်ကိုင်လွှစက်က အချိန်တိုလေးနဲ့ တောကို ပြောင်တလင်းခါစေပါတယ် (ဓာတ်ပုံ - http://thefieldandtable.wordpress.com)
 ငပုတောမြို့နယ်မှာ သစ်တောကြိုးဝိုင်း (၆) ခုမှာ ဧကပေါင်း ၂၇၄,၁၄၉ ဧကရှိပြီး ကြိုးပြင် သစ်တောနေရာ (၉) ခုမှာ ၁၄၇,၉၉၃ ဧက ရှိနေပါတယ်။

ဒါကြောင့် ငပုတောမှာ စုစုပေါင်း သစ်တောဧက ၄ သိန်း ၂ သောင်းကျော် ရှိတဲ့အနက် သစ်တောပြုန်းတီးမှုက ၇၅ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

 ထိုနည်းတူ သာပေါင်းမြို့နယ်မှာလည်း အစိုးရသစ်ထုတ်လုပ်ရေးလုပ်ငန်းက နှစ်စဉ် တန်ချိန် ၂ သောင်းကျော် ထုတ်လုပ်နေပြီးတော့ ဟမ်းဆောစက်တွေရဲ့ တရားမ၀င် သစ်ထုတ်လုပ်မှုကလည်း အစိုးရနဲ့အပြိုင် တနှစ်ကို တန်ချိန် ၂ သောင်းခန့်ရှိနေတယ်လို့ သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောပါတယ်။

 “သာပေါင်းဟာ အရင်က သစ်တောကြီးတွေဟီးထနေတာ။ အခုတော့ မရှိတော့ဘူး။ တောင်ကတုံးတွေ ဖြစ်ကုန်ပြီ။ ပဲခူးတိုင်းက သစ်တောကြီးတွေလိုပဲ သာပေါင်းက သစ်တောတွေကို အနားပေးဖို့ လိုနေပြီ။ ပြန်ပြီး ပြုပြင်ထိမ်းသိမ်းဖို့ လိုနေပြီ” လို့ သူက ပြောပါတယ်။

google map မှာ ကြည့်လိုက်တော့ ပုသိမ်ခရိုင် ၃ မြို့နယ်ရဲ့ စိမ်းလန်းမှုကို အခုလို တွေ့ရပါတယ်
ဒေသတွင်းမှာ သစ်တောကို ထိန်းသိမ်းရမယ့် သစ်တောဌာနရုံးအဆင့်ဆင့် ဖွင့်ထားပါလျက်နဲ့  သစ်တောပြုန်းတီးမှုတွေ ရှိနေတာပါ။

 ဧရာဝတီတိုင်းဒေသကြီးမှာ သစ်တောကြိုးဝိုင်း ၃၅ ခု ရှိပြီး ဧကအားဖြင့် ၁,၇၇၈,၈၅၆ ဧက ရှိကာ တိုင်းဒေသကြီးတခုလုံးရဲ့ ၂၀.၅၅ ရာခိုင်နှုန်းမှာ သစ်တောဖုံးလွှမ်းဧရိယာဖြစ်ကြောင်း တိုင်းသစ်တောဌာနရဲ့ ၂၀၁၂ ခုနှစ် စာရင်းများအရ သိရပါတယ်။ 























-

1 comments :

  1. Anonymous said... :

    ရှင်းရှင်းလေးပါ။ သစ်တောဦးစီးဌာန က တာဝန်ရှိ သူတွေလက်ချက်ပေါ့။ မြို့နယ်မှူး က အထက်ဆုံး လူကိုပေး ထားတော့ ဂွင်မိနေတာပေါ့။ တိုင်းနဲ့ပြည်နယ်အား လုံး ပါဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved