စတားဘတ်ကော်ဖီ မျက်စေ့လည်ပြီး ရန်ကုန်ရောက်လာ

Saturday, January 26, 2013

~



မြန်မာပြည်ကို  စတားဘတ် (Starbucks) ကော်ဖီ ရောက်လာမယ့် ပုံစံက နည်းနည်း ထူးခြားနေမယ်လို့ ယူဆရပါတယ်။

စတားဘတ် ကော်ဖီဆိုင် ဆိုပြီး ဖွင့်မှာ မဟုတ်ဘဲ တခြားနာမည်တခုခုနဲ့ ပေါ်လာမယ့်ဆိုင်မှာ စတားဘတ်ကော်ဖီကို ရောင်းမယ့်သဘော ရှိနေပါပြီ။

(ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)
မနေ့က ရန်ကုန်မှာ စတားဘတ်ဖွင့်မယ်လို့ ယူဆရတဲ့ သတင်းတခုကြောင့် သတင်းထောက်တွေ အပြေးအလွှား သွားကြပါတယ်။
ဧရာဝတီ သတင်းထောက်က စတားဘာ့ဂ်စ် ရန်ကုန် အလည်ခဏ လာခြင်း ဆိုပြီး Facebook မှာ အခုလို ရေးလိုက်ပါတယ်။

ကမ္ဘာကျော် နာမည်ကြီး စတားဘာ့ဂ်စ်(STARBUCKS) ကော်ဖီဆိုင် ရန်ကုန်မှာ ဖွင့်တော့မယ် ဆိုလို့ ဝမ်းသာတကြီး ပြေးသွားကြည့်တာပေါ့။
ဟိုရောက်တော့ ကျနော့လို သတင်းထောက်တွေက ကမ္ဘာကျော် ဘရန်းဒ်ကြီး မြန်မာပြည် ဆိုင်ခွဲ လာဖွင့်ပြီဟဲ့ လို့ရေးမလို့ ရောက်နေကြပြီ။
မကြာပါဘူး၊ ဆိုင်ဖွင့်မယ့်သူက ကိုယ်စားလှယ်လွှဲတာကို အခုမှအမေရိကန်မှာ ညှိတုန်း တဲ့။
ဒါပေမဲ့ စတားဘာ့ဂ်စ်ကထုတ်တဲ့ ကော်ဖီမှုန့်တွေ ဝယ်ထားတော့ ဖျော်ရောင်းမှာမို့ စတားဘာ့ဂ်စ် တံဆိပ် တပ်လိုက်တာ တဲ့။
မကြာပါဘူး၊ ကပ်ထားတဲ့ တံဆိပ်ကြီး ဖြုတ်လိုက်တယ်။ တော်သေးရဲ့၊ မဖြုတ်ခင် ဓာတ်ပုံ ရိုက်ထားမိလို့။

နိုင်ငံတကာမှာ စီးပွားရေး မရေရာမှုတွေ ဖြစ်နေပေမယ့် အမေရိက နဲ့ အာရှမှာ မျှော်လင့်ထားတာထက် ပိုပြီး ရောင်းကောင်းခဲ့တယ်လို့ Starbucks က ထုတ်ပြန်ကြောင်း ရိုက်တာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

အာရှမှာ Starbucks ဆိုင်ခွဲတွေ နိုင်ငံတိုင်းမှာ မရှိပါဘူး၊ လူဦးရေသန်းတထောင်အိန္ဒိယမှာတောင် ဆိုင်ခွဲ ၃ ဆိုင် အစပြုဖွင့်တာ ၃ လပဲ ရှိပါသေးတယ်။

မြန်မာနည်းတူ တခြား အာဆီယံနိုင်ငံ အများအပြားမှာလည်း စတားဘတ် မရှိသေးပါ။
ဗီယက်နမ်မှာတော့ ပထမဆုံးဆိုင်ခွဲကို လာမယ့်လဆန်း ဖွင့်တော့မယ်လို့ ဆိုတယ်။ ဒါတောင် ဗီယက်နမ် ဆိုတာ ဘရာဇီးပြီးရင် ကမ္ဘာပေါ်မှာ ကော်ဖီ အများဆုံး ထွက်တဲ့နိုင်ငံပါ။ ကမ္ဘာအနှံ့ Starbucks ဆိုင်တွေမှာ သုံးနေတာ ဗီယက်နမ်ကထွက်တဲ့ကော်ဖီတွေ အများကြီး ပါမှာပါပဲ။

မြန်မာပြည်က လက်ဘက်ရည်နိုင်ငံဖြစ်တာကြောင့် စတားဘတ်ကို မတွေ့ရသေးတာလည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ကော်ဖီဈေးကွက်ထဲမှာ ပန်းပန်နေတာကတော့ ကော်ဖီဆိုင်တွေ မဟုတ်ဘဲ ကော်ဖီမစ်အထုပ်တွေ ဖြစ်ပါလိမ့်မယ်။

Starbucks ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀ ၀န်းကျင်က ထွက်ခဲ့တဲ့ အမေရိကန်ဝတ္ထုထဲက ဇာတ်ကောင်တကောင်ရဲ့ နာမည်ကို ယူထားတာပါ။

Herman Melville ရေးတဲ့ Moby Dick ၀တ္ထုစာအုပ်လို့ ဆိုတယ်။ စာအုပ်ထဲကဇာတ်ကောင်အဖြစ်ကနေ ကော်ဖီဆိုင် တဆိုင် ဖြစ်လာတာတော့ နှစ်ပေါင်း ၄၀ ကျော်စပြုလာပါပြီ။

ခုဆိုရင် ကမ္ဘာအရပ်ရပ်မှာ Starbucks  ကော်ဖီဆိုင်ခွဲပေါင်း နှစ်သောင်းဝန်းကျင် ရှိနေပါပြီ တဲ့။

ဆိုင်ခွဲပေါင်း ၁၈ ဆိုင်ဖြစ်ဖို့ ၁ဝ နှစ်လောက် စောင့်ခဲ့ရပါတယ်။
အနှစ် ၄၀ ကြာတော့ အဲဒီ ၁၈ ဆိုင်ရဲ့ အဆတထောင် ဖြစ်လာပါတော့တယ်။

ဆိုင်ခွဲအများဆုံးရှိတဲ့ ကော်ဖီဆိုင်ပါပဲ။

စတားဘတ်ဝက်ဆိုက် အစားအသောက်စာရင်းကို ကြည့်လိုက်ရင် အမယ်မျိုးစုံတာ တွေ့ရမှာပါ။ Ice Cream ဆိုတာကို ကလစ်လိုက်ရင် ရေခဲမုန့် ၈ မျိုး တွေ့နိုင်ပါတယ်။
ပထမဆုံးဆိုင်ကို အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်မြို့မှာ ဖွင့်ခဲ့တာပါ လို့ Starbucks  ၀က်ဆိုက်မှာ ရေးထားပါတယ်။

စတားဘတ် ဆိုင်ခွဲ ဖွင့်ချင်တယ် ဆိုရင် သူတို့ရဲ့ အွန်လိုင်းစာမျက်နှာ http://www.starbucks.com/business/licensed-stores မှာ စုံစမ်းနိုင်ပါတယ်။
သူတို့ကို မေးခွန်း မထုတ်ခင် ကိုယ့်အကြောင်း အများကြီး ပြောပြရပါလိမ့်မယ်။ ကိုယ်လုပ်ငန်းအမည်ကအစ ရင်းနှီးမြှုပ်နှံနိုင်မယ့် ငွေပမာဏအထိ လျှောက်လွှာထဲမှာ ဖြည့်ရတာ တွေ့ရပါတယ်။

ဖွင့်ဖို့ သဘောတူပြီ ဆိုရင် ဆိုင်အခင်းအကျင်းတို့ဘာတို့နဲ့ ပတ်သက်ပြီး ကိုယ့်ကို အကြံပေးပါလိမ့်မယ်။
တံဆိပ်က နာမည်ကြီးပြီးသား၊ လူကြိုက်များ ယုံကြည်မှုရပြီးသားဆိုတော့ ကိုယ့်ဆိုင်က အဲဒီ အရှိန်အ၀ါတွေ ရလာမှာပါ။
ဆိုင်ဖွင့်သူက ဆိုင်ဖြစ်မြောက်ရေးအတွက် ကုန်ကျရမယ်၊ တံဆိပ် နဲ့ နာမည် သုံးတဲ့အတွက် Starbucks   ကို နှစ်စဉ်ကြေးတို့ ဘာတို့ ပေးရမယ်လို့ သိရပါတယ်။
ဖရန်ချိုက်ဆိုင်ခွဲတွေ ထုံးစံမပျက် လိုက်နာရမယ့် စည်းကမ်းချက်တပုံတပင်ကိုလည်း လိုက်နာရတော့မှာပါ။

ကမ္ဘာကျော် Coke နဲ့ Pepsi က မြန်မာပြည်တံခါးအဖွင့်မှာ ပြေးဝင်လာကြပေမယ့် Starbucks  ဆိုင်ခွဲတွေ ရန်ကုန်မှာ ဖြစ်လာဖို့တော့ ဘယ်လောက်ကြာမယ် မသိပါ။
အမေရိကန်တွေ ၀င်ထွက်နေတဲ့ ဗီယက်နမ်မှာတောင် အခုမှ ဖွင့်ဖို့ ပြင်နေတယ်၊ ဆိုတော့ မြန်မာပြည်မှာ ဆိုင်ခွဲပေါ်ဖို့က ကာလအတန်ကြာမယ်လို့ ယူဆရပါတယ်။

ဆက်စပ် -

 အိန္ဒိယမှာ Starbucks သောက်နိုင်တော့မယ်
 နတ်ကော်ဖီ မြန်မာပြည်ထဲ ပြန်လှုပ်ရှားမည်
 အရက်နာကျခြင်းအတွက် အကောင်းဆုံး ဖြေဆေး
 သောက်ကြမလား ဆင်ချေးတုံးကော်ဖီ



 























-

1 comments :

  1. sour grain said... :

    As a hand-to-mouth man,I can't drink this expensive coffee.I only drink super.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved