မန်းတောင်ရိပ်ခို

Friday, January 25, 2013

ဓာတ်ပုံ-မန်းသားလေး(ဧရာဝတီ)~

မန်းသားလေး~

 “အသက်ကယ်တဲ့ ရှည်စေလို မြနန္ဒာ ရေညို(ချို)သန်းတယ်..မန်းတောင်ရိပ်ခို” ဆိုတဲ့ တေး တဘောင် အတိုင်း မန္တလေးတောင်သည် မန္တလေးမြို့၏ အသက်သွေးကြောကြီးပင် ဖြစ်သည်။

 မန္တလေးတောင်၏ အမြင့်မှာ ပျှမ်းမျှအားဖြင့် ပေ၅၀၀ အထက်တွင် ရှိသည့်အတွက် မန္တလေးမြို့၏ ရှုခင်းရှု ကွက်ကို ကောင်းကောင်း ကြည့်ရှုနိုင်သောမျှော်စင်ကြီးလည်း မည်ပေသည်။ 

ဟန်လင်းကိုးမြို့သမိုင်းတွင် မတ္တရာမြို့တည် “ဥဂ္ဂါသေနရာဇ” ခေါ် မင်းကလေး နေထိုင်ခဲ့ဖူးသည့်အတွက် မင်းကလေးတောင်မှ အချိန်ကာလရွှေ့လျားချိန်တွင် မန္တလေးတောင်ဟု အမည်တွင်ခဲ့သည်ဟု ဖော်ပြ ထားသည်။ 

 မန္တလေးတောင်သည် ဆေးဖက်ဝင်အပင်များ စုံညီစွာပေါက်ရောက်သည့်တွက် ယင်းတောင်မှ တိုက်ခတ် လာသော လေများသည် မြို့ဘက်သို့ ပြန့်နှံ့လာသည့်အတွက် မန္တလေးမြို့သူ၊ မြို့သားများ ဆေးဖက်ဝင် သည့် သန့်ရှင်းလတ်ဆတ်သော လေများကို ရှုရှိုက်ကြရသည်။ 

 သို့ကြောင့်လည်း အသက်ရှည်စေလိုလျှင် မန်းတောင်ရိပ်ခိုဆိုသည့် တေးတဘောင်ပေါ်ပေါက်လာခဲ့ခြင်း  
ဖြစ်သည်။ ယခုခေတ်နောက်ပိုင်းတွင် မန္တလေးတောင်သည် တောင်ကတုံးဖြစ်နေပြီး ပျက်စီးမှုများလည်း များပြားနေကြောင်း သိရသည်။

 မန္တလေးတောင်ကို ယခုနှစ် ဇန်န၀ါရီလ ပထမအပတ် စတင်ပြီး မန္တလေးတောင်ဘက်စုံ ပြုပြင် မွမ်းမံများ အတွက် မန္တလေးတောင်နှင့် ပတ်သက်သည့် လုပ်ငန်း(၇) ခုကို ဂေါပကအဖွဲ့မှ လုပ်ကိုင်တော့မည်   ဖြစ်ကြောင်း ကြားသိရသည်။

 ယခင်က ယင်းလုပ်ငန်းများကို လေလံစနစ်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ လုပ်ငန်း(၇)ခုမှာ တောင်ပေါ် ယာဉ်တက်ခွင့် အခွန်၊ တောင်ပေါ်ယာဉ်ရပ်နားခွင့်အခွန်၊ တောင်ပေါ်သန့်စင်ခန်း သုံးစွဲခွင့်အခွန်၊ ဗီဒီယို ကင်မရာ ရိုက်ကူးခွင့် အခွန်၊ ဘိုးဘိုးကြီး နတ်နန်းယာဉ်ရပ်နားခွင့်အခွန်၊ တောင်ပေါ် ဖိနပ်အပ်နှံခွင့် အခွန် နှင့် စက်လှေကားစီးနင်းခွင့် အခွန်ကောက်ခံခြင်း လုပ်ငန်းတို့ ဖြစ်သည်။ 

 ဘိုးဘိုးကြီးနန်းသို့ လာရောက်သော ကားနှင့်ဆိုင်ကယ်များ ရပ်နားခွင့်ကိုကား ကျပ်၃၀၀၊ ဆိုင်ကယ် ကျပ်၂၀၀နှင့် စနစ်တကျ ကောက်ခံလျှက် ရှိပြီး ဗျာဒိတ်ပေးမောင်းတံ ယာဉ်တက်ခွင့်ကို ကား ၃၀၀၊ ဆိုင်ကယ် ၂၀၀ ကောက်ခံလျှက် ရှိသည်။

 တောင်ပေါ် ယာဉ်ရပ်နားခကို ကား၃၀၀၊ ဆိုင်ကယ် ၂၀၀ ပေးဆောင်ရသည်။ ဘုရားဖူး ဧည့်သည်များ အတွက် တောင်ခြေမှ တောင်ပေါ်သို့ တက်သည့် ဓါတ်လှေကားကို နံနက် ၉နာရီမှ နေ့လည် ၁၂နာရီအထိ လည်ကောင်း၊ ညနေ ၃နာရီမှ ည ၆နာရီထိ လည်ကောင်း သတ်မှတ်ဆောင်ရွက်ပေးလျှက်ရှိ သည်။

 တောင်ပေါ်သို့ ကားလမ်းအတိုင်း ခြေလျင်တက်သူများကိုလည်း ကားလမ်းဘေးမှကပ်လျှောက် ရန် အတွက်  သတိပေး နှိုးဆော်စာများ ကပ်ထားသည်။ 

ထို့ပြင် ဘုရားပေါ်သို့ တက်သည့်အခါတွင် အဂါရ၀ ဖြစ်စေသည့်ဝတ်စားဆင်ယင်မှုများနှင့် တက်ခွင့် မပြုတော့ပေ။ စကပ်၊ ဘောင်းဘီတို၊ ရင်ဟိုက်များဖြင့်လည်ကောင်း၊ ခြေအိတ်စီးခြင်းနှင့် ဖိနပ်များ ကိုင်ဆောင်ခြင်းများကို ခွင့်မပြုတော့ကြောင်း သိရသည်။ 

အဂါရ၀ဖြစ်စေသည့် အ၀တ်စားများကို လဲလှယ်ရန်တွက်လည်း အ၀တ်လဲခန်း ထားပေးကြောင်း သိရသည်။ ဘုရားရင်ပြင်တော်တွင် မန္တလေးတောင် သန့်ရှင်းသာယာလှပရေးအတွက်အမှိုက်များကို စနစ်တကျအမှိုက်ပုံးများတွင် စွန့်ပစ်နိုင်ရန်အတွက် နှိုးဆော်စာများနှင့် အမှိုက်ပုံးများကို နေရာအနှံ့ ချထားပေးသည်။

 တောင်ပေါ် ပတ်ဝန်းကျင် အတွင် သမီးရည်းစား စုံတွဲများ၏ မဖွယ်မရာ ပြုမူခြင်း၊ အများအမြင်တွင် မတင့်တယ်အောင်နေထိုင်ပြောဆိုခြင်းများ မပြုလုပ်ရန် နှိုးဆော်ထားပြီး တွေ့ရှိပါက ဂေါပကအဖွဲ့မှ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ကြော်ငြာထားသေးသည်။

 တောင်ပေါ်သို့ လာရောက်သည့် ပြည်တွင်း ဘုရားဖူးဧည့်သည်များကို ဓါတ်ပုံနှင့် ဗီဒီယို ကင်မရာခွန် ကင်းလွတ်ခွင့် ပေးထားပြီး နိုင်ငံခြားသားများကို ဓါတ်ပုံနှင့် ဗီဒီယို ကင်မရာခွန် တစ်ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved