အဆိုတော်အသားပေးတဲ့ခေတ်

Sunday, January 13, 2013




~



ရွက်စိမ်း ~

 
    စထွက်လာတော့ Big Bag အဖွဲ့။
နောက်တော့ Big Bag (ကျားပေါက်)။
သိပ်မကြာပါဘူး ကျားပေါက်(Big Bag) ဆိုပြီး အဆိုတော် နာမည်က ရှေ့ထွက်လာတယ်။
ဒါက ဥပမာအနေနဲ့ ပြောတာပါ။ ပရိသတ်ကလည်း အဆိုတော်ကိုပဲ ကြည့်ပြီး အားပေးတာလေ။
ရိုးပွဲတွေမှာလည်း အဆိုတော်တွေရဲ့ နာမည်တွေကိုသာ အော်ဟစ် အားပေးကြတာကိုပဲ တွေ့ရတာ များပါတယ်။

တီးဝိုင်းတခုမှာပါဝင်တဲ့ တခြား အနုပညာသမားတွေဖြစ်တဲ့ ဂစ်တာသမား၊  ဒရမ်သမားတွေကို အားပေးမှုက ကွာခြားပါတယ်။

ဒီလိုဖြစ်နေပေမဲ့ တီးဝိုင်းတခုမှာပါဝင်တဲ့ တခြားသောအနုပညာရှင်တွေရဲ့နေရာကိုတော့ မေ့ထားလို့ မရပါဘူး။

ဒါပေမဲ့လည်း မြန်မာပြည်မှာတော့ အဆိုတော် အသားပေး တဲ့ခေတ်ဖြစ်နေတော့ Big Bag ကနေ ကျားပေါက် ဆိုတဲ့ အဆိုတော် နာမည်ကသာ ရေပန်းစားပြီးတော့ တီးဝိုင်း ရဲ့နာမည်ကတော့ မှိန်ဖျော့သွားပါတော့တယ်။ 

 
    “လူငယ်တီးဝိုင်းအဖွဲ့တွေ ထွက်လာနိုင်တာ ကောင်းတယ်။ ကျွန်တော်တို့ အားပေးတယ်။ အဲလိုဖြစ်လာအောင် ကျွန်တော် မြှောက်ပေးတယ်။ Antibiotic ၊ Big Bag၊ Reason၊ Wanted၊ Idiod စတဲ့ လူငယ် အဖွဲ့တွေ ထွက်လာကြတာ ကောင်းတယ်၊
ဒါပေမဲ့ အဖွဲ့ နာမည်က ကြာရင် ပျောက်သွားပြီး အဆိုတော် တဦးတည်းရဲ့ နာမည်ကသာ ရှေ့ရောက်လာတာ သိပ်မကောင်းဘူး၊ ကမ္ဘာမှာလည်း ရှိပါတယ်၊ Metallica အဖွဲ့မှာ ဆိုရင် အဆိုတော် James hetfield သူနေရာမှာ ပဲသူ ရှိတယ်လေ အဆိုတော်ဖြစ်လို့ ပိုပြီး အသာရတယ်ဆိုတာမျိုး မရှိပါဘူး” လို့ ဂစ်တာပလေယာတဦးဖြစ်တဲ့ ဆရာ ညီညီထွေးကပြောပါတယ်။

    ညီညီထွေး(Metal Guitarist) ဆိုတာ ၆နှစ်သား ကတည်းက ဂစ်တာကို စတင် တီးခတ်သူ တဦး ဖြစ် ပြီး ၁၉၈၈ ခုနှစ်မှာ စတင်ပြီး ဂစ်တာသင်တန်းတွေကို ဖွင့်လှစ်ခဲ့သူတဦး ဖြစ်ပါတယ်။

 “သင်တန်းမှာ အုပ်စုနှစ်ခု ကွဲ တယ်၊ သီချင်း အရမ်းဆိုချင်တဲ့သူနဲ့ ဂစ်တာတီးချင်တဲ့သူ ဆိုပြီးတော့ ရှိတယ်။ အဲဒီမှာ သီချင်းဆိုချင်တဲ့သူက ရာခိုင်နူန်းအရပြောရင်၃း၂လောက်ရှိတော့၊ သီချင်းဆိုချင်တဲ့သူကပိုများနေတဲ့သဘော့ပေါ့” လို့
အမှတ် ၁၅၂ မြန်မာ့ ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဂစ်တာသင်တန်း ဖွင့်ထားတဲ့ ဆရာညီညီထွေးက ဆိုပါတယ်။

    ဟုတ်မှာပါ အားပေးမှုခံရတာ၊ အကျိုးအမြတ်ရတာက အဆိုတော်က ပိုများပါတယ်။
ခေတ်ကလည်း ဂီတ တီးဝိုင်းတခုမှာ အဆိုတော်ကို အသားပေးနေတဲ့ခေတ် ဆိုတော့ ဂီတ ၀ါသနာပါတဲ့ လူငယ်တွေထဲမှာလည်း အဆို တော်ဖြစ်ချင်နေတဲ့ သူတွေက ပိုများနေပါတယ်။

 
    “Chanal 7 တို့ ဘာတို့မှာ လာနေတဲ့ အစီစဉ်တွေမှာလည်း သီချင်းဆိုပြိုင်ပွဲတွေပဲ ရှိတယ်၊  အတီးပိုင်းနဲ့ ပတ်သက်တဲ့အစီစဉ်တွေ၊ ပြိုင်ပွဲမျိုးတွေ မရှိဘူး၊ အဲဒါတွေကိုလည်းပြင်စေချင်တယ်”
လို့ ဆရာညီညီထွေးက လက်ရှိ ဂီတလောကမှာ အတီးသမားတွေ အားနည်းနေလို့ မီဒီယာတွေရဲ့ပံပိုးမှုတွေ လိုအပ်တဲ့အကြောင်းကို ပြောပါတယ်။

“မီဒီယာအပိုင်းကနေ  ပရိသတ်ကို အနုပညာနဲ့ ပတ်သက်ပြီး နားထောင်တတ်အောင်၊  အဆင့် မြင့်မြင့် ခံစားတက်အောင် လုပ်ဆောင် ပေးသင့်တယ်” လို့ သူက ဆိုပါတယ်။    

    “မြန်မာ့အသံ ဦးသန်းမြင့်ရဲ့ ကမ္ဘာ့ဂီတ ဆိုတဲ့ အစီစဉ်ကို ငယ်ငယ်က ရေဒီယိုကနေ နားထောင်ခဲ့ရတာ၊  အဲဒီလိုအစီစဉ်တွေ ရှိသင့်တယ်၊
အခု ရုပ်သံမီဒီယာလိုင်းတွေလည်း တိုးတက်လာတယ်။ ဒါပေမဲ့ လက်ရှိ မီဒီယာ အနေနဲ့ ကြော်ငြာရရင်ပြီးရော ဆိုပြီး လုပ်နေတာမျိုးက မကောင်းဘူး” လို့ ဆရာညီညီထွေးက ပြောလိုက်ပါတယ်။
                                                                                                            

  





























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved