နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကွယ်လွန်

Friday, January 4, 2013

~


နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင်ဟာ ယနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၃ နာရီက ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ 



ရန်ကုန်မြို့ X2O ရေကစား မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သေဒဏ် ချမှတ်ခံခဲ့ရပြီး ကင်ဆာရောဂါ ခံစားနေရချိန် ယမန်နှစ် သြဂုတ်လက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာမိန့်နဲ့ လွတ်မြောက်လာခဲ့သူ ကိုဖြိုးဝေအောင်ဟာ အသဲကင်ဆာ ဝေဒနာဖြင့် တာမွေမြို့နယ်၊ သီတာလမ်း နေအိမ်မှာ ယနေ့ နံနက်ပိုင်း က ကွယ်လွန်သွားတာဖြစ်တယ်လို့ မိသားစုဝင် တဦးဖြစ်သူ ကိုအောင်မြင့်က ဧရာဝတီကို ပြောပါတယ်။ 

"အခု သူ့ကို သုဿန်မှာ ရေးချိုးသန့်စင်တာတာတို့ ဘာလို့ လုပ်နေပါတယ်။ မဌေးဌေး ( ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ) ကတော့ စကားမပြောနိုင်လို့ ခွင့်လွှတ်ပါ။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ကလေးတွေ လဲ နေကောင်းကြပါတယ်။ နေ့လယ် ၁ နာရီခွဲမှာ သဂြိုလ်မှာပါ" လို့ သူက ပြောပါတယ်။

ယနေ့ နေလယ် ၁ နာရီ ခွဲတွင် အစ္စလမ် ဘာသာ ထုံးစံနှင့် အညီ ရေဝေး သုဿန်တွင် သဂြိုလ်မှာဖြစ်တယ်
လို့သိရပါတယ်။ 

X2O သင်္ကြန်မဏ္ဍပ် ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ် ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့် ပုဒ်မ ၄၀၁ နဲ့ ပြန်လွတ်လာခဲ့တာပါ။ ပြန်လွတ်လာစဉ်ကတည်းက ခန္ဓာကိုယ် အောက်ပိုင်း 
သေ နေခဲ့ပြီး အသဲကင်ဆာဝေဒနာကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးစစ်ဆေးချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ညင်းပမ်းနှိပ်စက်ပြီး အဓမ္မဝန်ခံထွက်ဆို ခိုင်းတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

အသည်းကင်ဆာ ခံစားနေရတဲ့ ကိုဖြိုးဝေအောင်ဟာ ၃ လ နီးပါးကြာ အင်းစိန်ဆေးရုံ မှာ ဆေးကုသ ခွင့်ရခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား မြန်မာပြည်ကို လာရောက်စဉ် ကိုဖြိုးဝေအောင်ကို သွားရောက် တွေ့ဆုံပြီးနောက် လေး ရက်မြောက်နေ့မှာ လွတ်မြောက်လာခဲ့တာပါ။ 


ကိုဖြိုးဝေအောင် အကျဉ်းထောင်က ပြန်လွတ်လွတ်ချင်း ဧရာဝတီက ဆက်သွယ်မေးမြန်းထားခဲ့ရာ ကိုဖြိုးဝေအောင်က ဘာတွေ ပြောခဲ့တယ်ဆိုတာ သိနိုင်ဖို့  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


မေး။ ကိုဖြိုးဝေအောင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေ ဘယ်လိုနေပါလဲ။
ဖြေ။ ကျနော် အသည်း ကတော့ ဆေးသောက် ရတယ်။ အောက်ပိုင်း ကတော့ လှုပ်လို့ မရတော့ဘူး။

မေး။ ကိုဖြိုးဝေအောင် ဒီနေ့ လွတ်လာတဲ့ အပေါ် ဘယ်များပြောချင်ပါလဲ။
ဖြေ။ ဖမ်းပြီးရင် တနေ့တော့ လွတ်ရမှာပေါ့။ ဘယ်နေ့ လွတ်မလဲ ဆိုတာသာ မသိတာပေါ့နော်။ တနေ့နေ့တော့ လွှတ်ပေးရမှာ စပြီးဖမ်းကတည်းက မှားပြီးဖမ်းတာ။

မေး။ ကျန်းမာရေး ကလည်း မကောင်းတော့ ဒီလို လွတ်လိမ့် မယ်လို့ မျှော်လင့် ထားလား။
ဖြေ။ တနေ့ မဟုတ် တနေ့တော့ ကျနော် တို့ကို လွှတ်ပေးရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အမှုတွေက ပွင့်ပွင့် လင်းလင်း ပြောရရင် အမှုတွဲထဲမှာ ကိုက ရှင်းရှင်း လင်းလင်း ပေါ်နေပြီးသား။ အဲဒါကို သူတို့ ဘယ်လိုမှ ဖုံးထားလို့မရဘူး။ လွှတ်တာတော့ အနှေးနဲ့အမြန် လွှတ်ရမယ်။ ဘယ်နေ့လဲတော့ ကျနော်တို့ မသိဘူး။ တနေ့နေ့ လွတ်မယ် ဆိုတာတော့ ကျနော်က သိပြီးသား။ ယုံကြည်ပြီးသားပဲ။

မေး။ မစ္စတာ ကင်တားနား လာတွေ့တယ် ကြားရတယ်။ ဘာတွေ ပြောဖြစ်ကြလဲ။
ဖြေ။ မစ္စတာ ကင်တားနား ဆေးရုံမှာ ကျနော့်ကို လာတွေ့တယ်၊ အဓိက သူနဲ့ ကျန်းမာရေး အကြောင်း အဓိက ပြောဖြစ်တယ်။ နောက် ထောင်အကြောင်း နည်းနည်း ပါးပါးမေးတယ်။ ဒီလောက်ပါပဲ။

မေး ဖမ်းဆီးပြီးတဲ့နောက် စုံစမ်းစစ်ဆေး တာတွေလည်း ကြမ်းတယ်လို့ ကြားရတယ်။ ဒီလို စုံစမ်းစစ်ဆေး တဲ့ အပေါ်မှာရော နောက် အကို့ကို တရားစီရင်တဲ့ အပေါ် ဘာများ ပြောချင်လဲ။
ဖြေ။ ဒါကတော့ ဖြစ်ကာစ ကတော့ လူပဲ၊ စိတ်ဆိုးတယ်။ ခံစားချက် ရှိတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်းပြောရရင် ခေတ်စနစ်တခုမှာ ဒါကို မောင်နီလုပ်ရင် လုပ်မယ် မောင်ဖြူ လုပ်ရင်လုပ်မယ်။ တယောက်ယောက်တော့ လုပ်နေကြမှာပဲ။ ဒါကတော့ စနစ် မပြောင်းမချင်း ဒါတွေ ရှိနေမယ်။ လူပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ကတော့ ကျနော် ဖြူသည် မဲသည် မပြောလိုတော့ပါဘူး။

မေး။ ဆေးကုသခံနေရစဉ်မှာရော ဆက်ဆံမှုက ဘယ်လိုရှိပါလဲ။
ဖြေ။ ဒီ (အင်းစိန်) ဆေးရုံမှာတော့ ဆရာဝန်တွေက အားလုံး ပရော်ဖက်ရှယ်နယ်တွေပဲလေ။ အားလုံး စိတ်ချရပါတယ်။ အဆင်ပြေပါတယ်။ ထောင်ဆေးရုံမှာကတော့ ရှင်းရှင်းပြောရရင် ဆရာဝန်တွေက ဆရာဝန်မဟုတ်ဘူးပေါ့ဗျာ။ ပရော်ဖက်ရှင်နယ် မဆန်ဘူး။

မေး။ အခုအင်းစိန်ဆေးရုံကနေ တခြားဆေးရုံကို လွှဲပြီးပြီလား။
ဖြေ။ မလွှဲရသေးဘူး။ လောလောဆယ် အင်းစိန်ဆေးရုံမှာပဲ ရှိသေးတယ်။

မေး။ မိသားစုနဲ့ ပြန်နေခွင့်ရပြီဆိုတော့ ခံစားချက်ကလေး ပြောပြပါအုံး။
ဖြေ။ ကျနော့်သားတွေ သမီးတွေနဲ့ ပြန်ဆုံရမယ်ဆိုတော့ ကြည်နူးတာပါ့ဗျာ။ ကလေးတွေနဲ့ ၂ နှစ်လောက် ခွဲနေရတာဆိုတော့။

မေး။ ပြောချင်တဲ့ စကားလေးရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ။ ကျနော် အထဲမှာ ရှိနေတဲ့အချိန်မှာ ကျနော်နဲ့ ပတ်သက်ပြီး ကူညီပေးတဲ့အဖွဲ့တွေ မီဒီယာတွေကို အားလုံးကို ကျနော်က ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။


ဆက်စပ်

 သင်္ကြန်ဗုံးကွဲမှု သံသယရှိသူ ၅ ဦး ထောင်ချ
 ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ အလွဲများ
 သင်္ကြန်ဗုံး အမှု တရားခံနှင့်ရှေ့နေ အခွင့်အရေးဆုံးရှုံးနေ



















-

3 comments :

  1. Anonymous said... :

    လွတ်လပ်ရေးနေ့မှာ လွတ်လပ်သွားရှာပြီပေါ့

  1. လူတော် တယောက်။ ကံခေ ရှာသူ တယောက်၊ စနစ်ဆိုးတခုအောက်မှာ နစ်မွန်း အသက်ပျောက်သွားရတာ ၀မ်းနည်တယ်။ သူ့ နံမည်၊ သူ့မျိုးဆက် အတွက် သူ မတရားခံ ခဲ့ရတာတွေကို ပြန်လည်သန့်စင်ဖေါ်ထုတ်ပေးကြပါ။ သူ့အပေါ် လူမဆန် ခဲ့သူ မတရားစွပ်စွဲ ပြစ်ဒါဏ်ပေးခဲ့ကြသူတွေကို ပြန်လည်ဖေါ်ထုတ် အရေးယူနိုင်အောင် လုပ်မှ သူ့ရဲ့ နောက်သားစဉ်မြေးဆက် အဆက်ဆက် အတွက် မတရားမှုအရိပ်ဆိုးကြီးက ကင်းလွတ်မှာဖြစ်တယ်။

  1. Anonymous said... :

    တရားခံအစစ်ကဘယ်မှာလဲ
    မြန်မာပြည်ရယ် လိုပါသေးတယ်ကွာ ဒီမိုး ဒီလေ ဒီလူတွေနဲ့
    သွားလေသူအတွတ်တော့ တကယ်စိတ်မကောင်းပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved