ဓာတ်ဆီ၊ ဒီဇယ်၊ ဟိုင်းဘရစ် ဘယ်ကား ဝယ်ရင် ကောင်းမလဲ

Wednesday, January 2, 2013

~

အောင်ခမ်း (TSJ team) ~



ဒါကတော့ တစ်ယောက်တစ်မျိုး အကြိုက်ခြင်း မတူလေတော့ ဘယ်ကား ဝယ်ပါရယ်လို့ စာရေးသူ မပြောနိုင်ပါဘူး။ သို့ပေမယ့် ဘယ်ကားအမျိုးအစား က ဘာဖြစ်တယ်၊ညာဖြစ်တယ် ဆိုတဲ့ အားသာချက်၊ အားနည်း ချက် လေးတွေကိုတော့ အကြမ်းဖျင်း ထောက်ပြ ၊ ဝေဖန်ပြပေးနိုင်ပါတယ်။ အရမ်း အသေးစိတ်ရင်လည်း စာအုပ်တစ်အုပ်ထုတ်တောင် မကုန်တဲ့ နည်းပညာများ ဖြစ်နေလို့ပါ။

ဓာတ်ဆီ ကားနှင့် ဒီဇယ်ကား ဆိုတာ
ဓာတ်ဆီ၊ ဒီဇယ် အားလုံးက အမေ တစ်ဦးထဲက မွေးလာတဲ့ ကလေး နှစ်ယောက်လိုပါပဲ ရေနံစိမ်းကို ကျိုချက်ပြီး ရတာချည်း ဖြစ်ပါတယ်။ သိုပေမယ့် ဓာတ်ဆီက ပိုပြီး ကျိုချက်ရပါတယ်။ ဆိုလိုရင်းက ဓာတ်ဆီက ပိုပြိး သန့်ပါတယ်။ ဒါက အကြမ်းဖျင်း ဆေးဆိုးခြင်းပါ။ သန့်တဲ့ ဒီဇယ်ဆီတွေလည်း ရှိပါတယ်။ ဓာတ်ဆီ က ပိုပြီး မီးလောင်လွယ်ပါတယ်။ ဒီတိုင်းထားရင်ကို အလိုလိုမီးတောက်တတ် လို့ သင်္ဘောပေါ်မှာတောင် မသုံးရဲပါဘူး။ ဒီဇယ်ကျတော့ သာမန် အခန်း အပူချိန်မှာ မီးထမလောင် တတ်တဲ့အတွက် သင်္ဘောမှာလည်း အဆင်ပြေတဲ့ ဆီမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့အားနည်းချက် ဆာလဖာလို အညစ်အကြေး များခြင်း ဖြစ်ပါတယ်။ ... သူတို့နှစ်ခု ခြားနားချက်က ပြောလို့တောင် ကုန်မှာ မဟုတ်ပါဘူး။

ဒီတော့ ဓာတ်ဆီကားကို ပြိုင်ကားတွေမှာ ပိုသုံးပါတယ်။ ဒီဇယ်နဲ့ မောင်း တဲ့ ပြိုင်ကားတွေလည်း ရှိပေမယ့် ဓာတ်ဆီအင်ဂျင်သုံး ပြိုင်ကားလောက် မစွမ်းနိုင်ဘူးဆိုတာ လက်တွေ့ စမ်းသပ်ထားတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဓာတ်ဆီအင်ဂျင်သုံး ကားက ပိုအန္တရာယ်များပါတယ်။ ကားအက်ဆီးဒန့် ဖြစ်တာတို့ ဆိုရင် ဓာတ်ဆီကားက ပိုမီးလောင်လွယ်ပါတယ်။ ဒီဇယ်က မလောင်ဘူးလို့လဲ မဆိုလိုပါ။ ဓာတ်ဆီက ပိုပြီးတော့ အလားအလာ များခြင်း ဖြစ်ပါတယ်။ ဒီဇယ်ကားက ပျက်ရင် ပြင်ရ လက်ပေါက်ကပ်ပါတယ်။ ဓာတ်ဆီ အင်ဂျင်ကျတော့ ပျက်ခဲပြီး ပြင်ဖို့လည်း ဒီဇယ်အင်ဂျင်လောက် မခက်ပါဘူး။

ဒီတော့ ပြိုင်ကားစီးချင်တယ် သို့တည်းမဟုတ် ခပ်မြန်မြန်ကားတွေပဲ မောင်း ချင်တယ်၊ ပျက်ရင် ပြင်ဖို့ သိပ်အချိန်မပေးနိုင်သူများအတွက် ဓာတ်ဆီကားကို ရွေးသင်ပါတယ်။ သာမန်အရှိန်လောက် မောင်းနေရရင် အဆင်ပြေပါပြီ။ ကားအက်ဆီးဒန့်ဖြစ်မှာလည်း ကြောက်တယ် သို့ပေမယ့် အင်ဂျင်ပျက်ရင် ဝပ်ရှော့ ကောင်းကောင်း အပ်နိုင်မယ်ဆိုရင် ဒီဇယ် အင်ဂျင်ကားကို ရွေးသင့်ပါတယ်။

ဒီမှာ ချွင်းချက် ရှိပါသေးတယ်။ CNG ဂက်စ်အိုး ပြောင်းဖို့ စိတ်ကူး ရှိတယ် ဆိုရင်တော့ ဓာတ်ဆီတစ်မျိုးတည်း ရှာဝယ်ရမှာ ဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်ကိုပဲ CNG ဓာတ်ငွေ့ လောင်စာ အင်ဂျင်ပြောင်းလို့ ရလို့ ဖြစ်ပါတယ်။ ကာပရိုက်တာ မပါတဲ့ ဒီဇယ် အင်ဂျင်မှာ မရပါဘူး။ CNG နဲ့ ပက်သက်တဲ့ နည်းပညာ ကို သီးသန့် ဖော်ပြပါအုံးမယ်။

ဟိုင်းဘရစ်ကား
Hybrid အင်ဂျင်သုံးကားက ၂၀၀၀ ခုနှစ်နောက်ပိုင်းပေါ်ပြီး မြန်မာပြည် မှာ တော့ ခေတ်စားတာ တစ်နှစ်ဝန်းကျင်ပဲ ရှိပါအုံးမယ်။ ကောင်းပါတယ်။ တကယ် ကောင်းပါတယ်။ ဆီစားသက်သာတဲ့အတွက် အနာဂတ် ကမ္ဘာ့နိုင်ငံ များကလည်း ကားတော်တော်များများကို ဟိုင်းဘရစ် ဘက်ကို ပြောင်းနေ ပါတယ်။ လောင်စာဆီ (ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ) သုံး အင်ဂျင်ကို လျှပ်စစ်ဘက်ထရီနဲ့ အားထပ်ဖြည့်ခြင်း ဖြစ်ပါတယ်။ ပုံသေတော့ မှတ်လို့မရပါဘူး။ အချို့ ကျတော့ လျှပ်စစ်ဓာတ်အားသုံး ဘက်ထရီ ကို လောင်စာဆီက ပြန်အားဖြည့်တာမျိုးလည်း ရှိပါတယ်။ ဟိုင်းဘရစ် နည်းပညာမှာတောင်မှ အနည်းဆုံး ၃ မျိုးလောက် ထပ်ကွဲပါသေးတယ်။

မြန်မာပြည်မှာတော့ ဟွန်ဒါ အင်ဆိုက်၊ ဆီးဗစ်တို့က နာမည်ကြီး ဟိုင်းဘရစ် များ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ အလုပ်လုပ်ပုံက ကွဲပါတယ်။ ဥပမာ- ကီလိုမီတာ ဘယ်လောက်ရှိမှ ဘက်ထရီက အလုပ်လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အင်ဆိုက်၊ ဆီးဗစ်တွေက မြို့ တွေမှာထက် ဟိုင်းဝေး လမ်းတွေမှာ ပိုလက်စွမ်းပြပါတယ်။ အင်ဂျင်ကိုတောင် နားစေပြီး ဘက်ထရီချည်း သီးသန့်နဲ့တောင် မောင်းစေတဲ့ ဟိုင်းဘရစ် နည်းပညာ သုံး ကားများလည်း ရှိပါသေးတယ်။

ဟိုင်းဘရစ် ကတော့ အလှစီးပဲ ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း၊ ခပ်မြန်မြန် စီးချင်သူများအတွက် မကိုက်ပါဘူး။ သူက အင်ဂျင်ပါဝါလည်း နည်းပါတယ်။ မော်တာနဲ့ ပေါင်းမှာ အင်ဂျင်အားကြီးတာမျိုးက ခပ်များ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဆီစား သက်သာတာ တစ်ခု ကတော့ တော်တော်ကောင်းတဲံ အားသာချက် ဖြစ်ပါတယ်။ ဘက်ထရီ ကောင်းတာ မကောင်းတာပဲ စဉ်းစားစရာ ရှိပါတော့တယ်။ ဒီနောက်ပိုင်း ဟိုင်းဘရစ်အင်ဂျင်သုံး ပြိုင်ကားလည်း ကြိုးစားထုတ် လုပ်နေပြီ ဖြစ်ပါတယ်။

အနှစ်ချုပ်

ဘယ် အင်ဂျင်ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ အားလုံးသူ့အားသာ ချက်၊ အားနည်းချက်တွေကိုယ်စီပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ လောင်စာဆီ မရှိတော့ရင် အခြားသော စွမ်းအင်သုံး အင်ဂျင်တပ် ကားများ လည်း ပေါ်လာအုံးမှာ ဖြစ်ပါတယ်။  သို့ပေမယ့် လောလော ဆယ် ရွေးစရာ ရှိတာက ဓာတ်ဆီကား၊ ဒီဇယ်ကား၊ ဟိုင်းဘရစ်ကား ဖြစ်ပြီး ကိုယ်နဲ့ အဆင်ပြေမယ့် အမျိုးအစားကို နှစ်သက်သလို ဝယ်ယူ မောင်းနှင် နိုင် ပါတယ်။


www.facebook.com/motors.com.mm နဲ့ http://blog.techspace.com.mm/2012/12/blog-post_31.html တို့မှာ ဖော်ပြထားတဲ့သတင်း ဖြစ်ပါတယ်။
ဧရာဝတီ Facebook / Twitter
















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved