အအေးပိုလာတဲ့ တောင်ကြီးမြို့ အခြေအနေ

Monday, January 21, 2013

~



ပြီးခဲ့သည့် လကုန်ပိုင်းက စတင်ပြီး  အအေးဓာတ်ပိုကဲလာသည့်  တောင်ကြီးမြို့သည် ယခု လလယ်ပိုင်းတွင် လလယ်ပိုင်းတွင် ပိုမိုအေးခဲလာသည်။

(ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)
ယမန်နှစ်က ယခု ကာလမျိုးတွင် ၁၀ စင်တီဂရီတ်ခန့်ရှိခဲ့သော်လည်း၊  ယခုအခါ  ၈ စင်တီဂရိတ်ခန့်သာရှိပြီး နံနက်ခင်းအစောပိုင်းနှင့်ညနေ နေ၀င်ပြီးနောက်ပိုင်း  အအေးဓာတ်ပိုမို ပြင်းထန်လာသည်။

     အအေးဓာတ် ပိုကဲလာမှုနှင့် အတူ ဆောင်းတွင်းဝတ် အနွေးထည်များ၊ ဂွမ်းအကျီ်၊ ဘောင်းဘီ၊  ခြေအိတ်၊  လက်အိတ်၊  အနွေးထည်များ၊  ခေါင်းစွပ်၊ ဂွမ်းစောင်ထည်များ ရောင်းကောင်းကြောင်း ဈေးသည်များကပြောသည်။

အအေးဓာတ်ပိုလာသော်လည်း မိုးမသောက်မီကပင် ကိုယ်လက်လှုပ်ရှားပြုလုပ်ကြသူများကို တွေ့မြင်ရသည်။

    အနွေးစာများဖြစ်သည့် တိုဟူးနွေး၊ တိုဟူးကြော်၊ ခေါပုတ်ကြော် ရှမ်းခေါက်ဆွဲ၊  ယခင်ရာသီထက် ပိုမိုရောင်းကောင်းလာကြောင်း ဒေသခံ ခေါက်ဆွဲဆိုင် ပိုင်ရှင် အချို့က ဆိုသည်။


တရုတ် နှင့်အိန္ဒိယတွင် အအေးလိုင်း ဖြတ်နေကြောင်း၊ ထို ၂ နှစ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာပြည်အထက်ပိုင်းဒေသတွင် ယခင်နှစ်များထက် အအေးဓာတ်  ပိုမိုခြင်းကို ဖေဖော်ဝါရီလကုန်ပိုင်းထိ ကြုံတွေ့လာ နိုင်ကြောင်း  မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင် တစ်ဦးက သုံးသပ်သည်။

         တောင်ကြီးမြို့သည်လည်း မြန်မာပြည် အထက်ပိုင်းတွင် ပါဝင်နေသည့်အပြင် ပယ်လယ်ရေမျက်နှာပြင်အမြင့် ပေ ၄၇၁၂ ပေအမြင့်တွင် တည်ရှိနေသဖြင့် အခြားဒေသများထက် အအေးပိုမိုနေခြင်း ဖြစ်ကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။

ဒေသခံ လူကြီးလူငယ် အများစုမှာ တောင်ပေါ် အအေးပိုင်းတွင် မွေးဖွား လာသူများ ဖြစ်သောကြောင့် ကျန်းမာရေး ထိခိုက်မှု သိသိသာသာ ဖြစ်လာကြမည်မဟုတ်ကြောင်း၊  အအေး ဒဏ်ခံနေကျ ဖြစ်သောကြောင့် ခံနိုင်ရည်ရှိပြီးသူများသာဖြစ်ကြောင်း တောင်ကြီးဒေသခံ ဆရာဝန် တစ်ဦးကသုံးသပ်ပြောကြားသည်။

အချိန်မတော် ရေချိုးခြင်း ရှောင်ကျဉ်ပြီး၊  အ၀တ်အစား ထူထူထဲထဲ ၀င်ဆင်သင့်ကြောင်း ၊ ရာသီဥတု နှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်း မရှိပါက လေဖြန်းနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~




 






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved