အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ် မရှိသင့်

Sunday, February 10, 2013

~



မောင်စွမ်းရည် ~

 
The Voice ဂျာနယ်ဟောင်းတစောင်ကို ၂၀၁၃ ဇန်န၀ါရီ ၃၀ မှာ ဖတ်ရပါတယ်။
ဂျာနယ်ရက်စွဲက ဇန်န၀ါရီ ၂၁ ရက် တနလာင်္နေ့ ထုတ်တာဖြစ်ပါတယ်။ ဒီတော့ သိပ်နောက်မကျလှသေးဘူးလို့ ယူဆပါတယ်။
ဂျာနယ်မျက်နှာဖုံးမှာ “အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားအထိမ်းအမှတ် အဆောက်အအုံဆောက်မည်” ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့တကွ အာဇာနည်ဗိမာန်တပိုင်းတစပုံကို ဖော်ပြထားတာ တွေ့ရပါတယ်။
သံခမောက်ဆောင်း စစ်သားကြီးတယောက်က သေနတ်ကြီး အသင့်ချိန်ထားတဲ့ ပုံလည်း ပါရှိပါတယ်။
အာဇာနည်ဗိမာန်ဆိုတာ ဗမာလူမျိုးတွေအတွက် ဘုရားကျောင်းကန်ပြီးရင် ဒုတိယအလေးထားရမယ့်နေရာမျိုးပါ။
ဂါရ၀ပြုရမယ့်နေရာမှာ လက်နက်ကိုင်တွေ အစောင့်ချထားတာလည်း ကြည့်မကောင်းလှပါဘူး။
ဒါလဲ တောင်ကိုရီးယားဧည့်သည်ကို မြောက်ကိုရီးယားက လုပ်ကြံဖို့ ကြိုးစားရာက ဖြစ်လာတဲ့ ပြဿနာလို့ပဲ မှတ်သားမိပါတယ်။

ကျနော့်သဘောကို ပြောရရင် အာဇာနည်ကုန်းပေါ်မှာ အာဇာနည်ဗိမာန်ကလွဲပြီး ဘာမှ မရှိသင့်ပါဘူး။ ဘာသာရေးအဆောက်အအုံတခုခုလည်း မထားရှိသင့်ပါဘူး။
 ဒီနေရာအထွဋ်အမြတ်ဟာ ဗမာ့အာဇာနည်ကြီးတွေရဲ့ အထိမ်းအမှတ်နေရာသာ ဖြစ်သင့်ပါတယ်။
 ဒါကြောင့် နိုင်ငံခြားသားအထိမ်းအမှတ်တခုခု မဆိုထားနဲ့ အခြားခေါင်းဆောင်မဆို ဗမာပဲဖြစ်ဖြစ် ကမ္ဘာပဲဖြစ်ဖြစ် ဒီပရိဝဏ်အတွင်းမှာ မထားရှိသင့်ပါဘူး။
ဦးသန့်ဟာ နိုင်ငံတကာနဲ့အမျှ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ထူးတဦးပါပဲ။ ဒါပေမယ့် သူဟာ အာဇာနည်မဟုတ်လို့ သီးခြားမြင့်မြတ်တဲ့နေရာမှာ ထားသင့်ပါတယ်။ ထားလည်း ထားခဲ့ပါတာ အများအသိပါ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဒေါ်ခင်ကြည်၊ သီပေါမင်းရဲ့ မဟေသီမိဖုရားကြီးတို့ဟာ သူ့နေရာနဲ့သူ ထိုက်ထိုက်တန်တန် ရှိကြပါတယ်။ အာဇာနည်ဗိမာန်ရှိရာနေရာမှာ ရောမထားပါဘူး။


ခုထားရှိမှာက တောင်ကိုရီးယားခေါင်းဆောင်တဦးကို လုပ်ကြံဖို့ ကြံစည်အားထုတ်ခဲ့တဲ့နေရာပါ။ မပြောကောင်း မဆိုကောင်း ကိုရီးယားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံခေါင်းဆောင်ပဲဖြစ်ဖြစ် မကျဆုံးခဲ့ဖူးပါ။
သူတို့ခေါင်းဆောင်ကို သူတို့သက်ဆိုင်ရာနိုင်ငံမှာပဲ အထိမ်းအမှတ် အဆောက်အအုံထားရှိသင့်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ထားရှိစကောင်းတယ်လို့လဲ မထင်ပါ။ အစဉ်အလာလည်း မကြားဖူးပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်ဗိမာန်မှာ အလေးပြုနေတဲ့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း

ဒါကြောင့် ဗမာပြည်ရဲ့ အာဇာနည်ဗိမာန်မှာ တခြားဘာမှ မရှိစေချင်ပါ။ ရှိသင့်တယ်လို့လည်း မထင်ပါ။
ဒီကိစ္စကို ဗမာတမျိုးလုံးကလည်း ကန့်ကွက်သင့်တယ် ထင်ပါတယ်။ အားလုံးက ကန့်ကွက်ကြပါလို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျား။

ဒီလိုကန့်ကွက်တဲ့အတွက် မယဉ်ကျေးရာကျတယ်လို့လည်း မယူဆပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့နိုင်ငံခေါင်းဆောင်တဦးဦရဲ့ အထိမ်းအမှတ်ကိုလည်း တခြားဘယ်နိုင်ငံမှာမှ မထားရှိ၊ မဆောက်လုပ်ခဲ့ဖူးပါ။
ဆောက်လုပ်စရာလည်း မလိုပါ။ လီနင်၊ စတာလင်၊ ဂန္ဒီ၊ နေရူး၊ မော်စီတုန်း၊ ဘယ်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်မှ မရှိပါ။
သူတို့ကလည်း သူတို့နိုင်ငံလွတ်မြောက်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အာဇာနည်တွေ မဟုတ်ပါ။
သူတို့ကို ဗမာတွေကလည်း လေးစားကြပါတယ်။ ဒါပေမယ့် သူတို့က သူတို့နိုင်ငံအတွက်ပါ။

ဒါကြောင့် ကျနော်တို့နိုင်ငံက အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအဆောက်အဦ လုံးဝ မရှိစေချင်ပါ။

၂၀၁၃ ဇန်န၀ါရီ ၃၀


မိုးမခမီဒီယာ  moemaka.com ကနေ ကူးယူ ဖော်ပြပါတယ်။

 



















-

3 comments :

  1. Anonymous said... :

    လုံးဝမဆောက်သင့်ပါ။

  1. Anonymous said... :

    အပြည့်အ၀ ထောက်ခံပါသည်။

  1. Tun Min Win said... :

    ဒီဆောင်းပါးမှာ ပါတဲ့အတိုင်း အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်အဆောက်အဦသော်လည်းကောင်း၊ အမှတ်အသားသော်လည်းကောင်း ထားရှိခွင့်မပြုသင့်ပါဟု ထောက်ခံပါသည်။ သို့သော် ဂါဝရ ပြုရမယ့်နေရာမှာ လက်နက်ကိုင်အစောင့်ထားတာ ကြည့်မကောင်းပါဘူးဆိုတဲ့ အချက်ကိုတော့ လုံးဝ လက်သင့်မခံနိုင်ပါဘူး။

    အဲဒီအာဇာနည်ကုန်း ပတ်ဝန်းကျင်မှာ မြန်မာ့တပ်မတော်နဲ့ပတ်သပ်လို့ အထိမ်းအမှတ်နေရာ နှစ်ခုရှိပါတယ်။ တစ်ခုက အာဇာနည်ဗိမာန်ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသော နိုင်ငံတော်ခေါင်းဆောင်ကြီးများရဲ့ ဗိမာန်ပါ။ နောက်တစ်ခုကတော့ မြန်မာ့တပ်မတော်မှ ခေတ်အဆက်ဆက် အသက်ပေးလှူတိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းတပ်မတော်သားများအတွက် ဂုဏ်ပြုနေရာတစ်ခုအဖြစ် သူရဲကောင်းစစ်သည်ဗိမာန် ဖြစ်ပါတယ်။ ဒီနေရာ နှစ်နေရာဟာ တပ်မတော်ရဲ့ စံပြုလေးစားရာ သူရဲကောင်းများအတွက် သတ်မှတ်ပေးထားတဲ့ ဂုဏ်ပြုနေရာနှစ်ခုပါ။ တပ်မတော်ရဲ့ ဂုဏ်ပြုနေရာနှစ်ခုဖြစ်သည်နှင့်အညီ ဒီနေရာတွေနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုအစောင့်အရှောက် တပ်သားဆိုတာ ရှိသင့်ပါတယ်။ အခုတော့ မရောက်တာကြာလို့ မသိတော့ပါဘူး။ အရင်တုန်းကဆိုရင် ဒီနေရာ နှစ်နေရာအတွက် တပ်မတော်မှ ဝတ်စုံပြည့် ဂုဏ်ပြုတပ်ခွဲတစ်ခု သီးသန့်ထားရှိပြီး နေ့စဉ် ဂုဏ်ပြုအလေးပြုခြင်းနှင့် အစောင့်ဂုဏ်ပြုတပ်သားလဲလှယ်ခြင်းကို မနက်တိုင်းလုပ်ပါတယ်။ ဒါဟာ ကျဆုံးပြီးသားသူရဲကောင်းများကို လေးစားဂုဏ်ပြုခြင်းအထိမ်းအမှတ်တစ်ခုပါ။

    အင်္ဂလန်မှာ သူတို့ဘုရင့်နန်းတော်ရှေ့မှာ အုပ်ပေါင်းဆောင်း၊ အနီဝတ်၊ ဓါးတပ်သေနတ်ကိုင် စကော့ဂုဏ်ပြုတပ်သားများ ထားရှိသလိုမျိုးဖြစ်ပါတယ်။

    ဒါလုံးဝရှိသင့်တဲ့ အချက်ပါ။ နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြတဲ့ သူရဲကောင်းများကို ဂုဏ်ပြုရာရောက်သလို သူတို့ ငြိမ်းချမ်းစွာ လဲလျောင်းနေတဲ့ ဗိမာန်နေရာကို အဖျက်ရန်မှ ကာကွယ်ရာလည်း ရောက်ပါတယ်။

    အဲဒီတော့ သေနတ်ကိုင်တိုင်း အမြင်မကြည်တတ်တဲ့ ကျွန်တော်တို့ လူမျိုးတွေ .. မဲမဲမြင်တိုင်း လျှောက်မပြောကြပဲနဲ့ အကျိုးအကြောင်းကိုတော့ ဆီလျှော်အောင် တွေးတောသင့်ပါတယ်ခင်ဗျာ။

    အပြုသဘောဆောင်သော ဆွေးနွေးချက်ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved