"သူတို့ရဲ့စိတ်ဓာတ်က သူတို့ရဲ့ရန်သူ ပြန်ဖြစ်နေတယ်"

Saturday, February 23, 2013




ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ရှမ်းပြည် တပ်မတော် (SSA)ရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ မကြာသေးခင်က အမေးအဖြေ ပြုလုပ်ခဲ့တာကို ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြခဲ့ပြီးပါပြီ။
ကျန်နေသေးတဲ့ အမေးအဖြေ တချို့ကို ဒီဘလော့မှာ  ၂ ပိုင်းခွဲပြီး တင်ဆက်ပါမယ်။
ပထမပိုင်းမှာ မြန်မာ့တပ်မတော်၊  မြန်မာပြည်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ စတဲ့ အကြောင်းအရာတွေကို ဖတ်ရမှာဖြစ်ပါတယ်။
အင်တာဗျူး ပထမပိုင်း
မေး ။    ။  မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအပြောင်းအလဲက သိပ်မြန်တယ်လို့ ပြောကြတာမျိုးတွေရှိတယ်၊ ဥက္ကဋ္ဌ ကရော ဘယ်လိုထင်လဲ။
ဖြေ ။    ။ မြန်တယ်လို့တော့ ကျနော်တော့ မထင်ဘူး၊ နှေးနေတယ်လို့တောင်မှ ထင်သေးတယ်။

မေး ။    ။ အစိုးရ နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဆက်တိုက်၊ ဆက်တိုက် ဖြစ်နေတာကရော တအား မြန်လွန်းတယ်လို့ မယူဆဘူးလား။
 မြန်တော့ မမြန်ဘူး။ မြန်တယ်လို့တော့ မမြင်ဘူး။ သဘောရိုး ရှိတဲ့ဟာတော့ နည်းသေးတာပေါ့၊
တပ်မတော်ပိုင်း အနေနဲ့ကတော့ သူများအပေါ် သံသယစိတ် ထားနေတာ၊ အဲဒါကြောင့် သူတို့ရဲ့ စိတ်ဓာတ်က သူတို့ရဲ့ ရန်သူ ပြန်ဖြစ်နေတယ်။


အခုဟာ တပ်မတော်ပိုင်းက ၃ ပိုင်းလောက် ဖြစ်နေတယ်၊ ဟိုး အထက်ပိုင်းရယ်၊ အလယ်အလတ်အဆင့်အပိုင်းရယ်၊ အောက်လက်ငယ်သားအဆင့် အပိုင်းရယ်။

 အရမ်း သနားဖို့ကောင်းတာက အလယ်တန်းအဆင့်အပိုင်းရယ်၊ အောက်လက်ငယ်သားအဆင့် အပိုင်းရယ် - ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းချမ်းရေးတွေ ဆွေးနွေးနေတယ်၊ အပစ်တွေ ရပ်နေတယ်။ လက်အောက်ငယ်သားတွေကျတော့လည်း သွားတိုက်ခိုင်းနေတယ်၊
အဲဒါကြောင့်မို့လို့ သူတို့က ဘယ်ဟာကို လိုက်လို့ လိုက်ရမှန်းကို မသိဘူး ဖြစ်နေတယ်။


မေး ။    ။ SSA မှာ  ပြည်သူ့စစ်၊ အရန်အင်အား၊ လက်နက်ကိုင် ရဲဘော်တွေ အများကြီးပဲ၊ ဒီလောက်အင်အားကြီးတဲ့ တပ်ရဲ့ စားဝတ် နေရေးတွေကို အဆင်ပြေအောင်လို့ ဘယ်လိုဖြေရှင်းလဲဗျ။
ဖြေ ။    ။ ကျနော်တို့ဘက်မှာလည်း ဖွဲ့စည်းပုံအရ ကျနော်တို့လည်း ရှိပြီးသား။
 ဘယ်ဘက်ပိုင်းမှာ ဘယ်သူက စီးပွားရေး တာဝန်ခံ၊ ဘယ်ဘက်ပိုင်းမှာငွေရှာ၊ ဘယ်ဘက်ပိုင်းက ရိက္ခာတွေရှာ ဆိုတဲ့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအရ ရှိပြီးသား။ ကျနော်တို့ အဲဒီအတိုင်း အလုပ်လုပ်တယ်။
 မျိုးချစ်စိတ်ရှိတဲ့လူတွေ၊ ကျနော်တို့ကို အားပေးတဲ့ စီးပွားရေးပိုင်းမှာရှိတဲ့လူတွေလည်း လာပြီးတော့ ကူညီတာတွေ အများကြီး ရှိပါတယ်။


၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မြင်ကွင်းတခု
 ကျနော်တို့ ဒီ ၆၆ နှစ်မြောက်ပွဲအတွက် ဝတ်စုံတွေက အဟောင်းတွေဖြစ်နေတဲ့ အတွက် ဆိုပြီးတော့ စစ်ဝတ်စုံ ထုတ်ပေးဖို့အတွက် ဒါနလုပ်ပေးတဲ့ လူတွေလည်း ရှိပါတယ်။

ဒီပွဲအတွက်ဆို  ပိုက်ဆံ အများကြီးသုံးရတယ်၊ တော်တော်လေးလည်း ကုန်ကျပါတယ်၊ ဒါပေမယ့်  ကျနော်တို့ အဖွဲ့အစည်းက သိပ်ပြီးတော့ ထုတ်ရတာတော့ မရှိပါဘူး၊ များသောအားဖြင့် အပြင်က ဒါနရှင်တွေက ကူညီတာပါ။
ကျနော်တို့နဲ့ ဆက်သွယ်နေတဲ့ ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီတွေရော သူတို့ကလည်း လာပြီး ကူညီနေတာတွေ အများကြီး ရှိပါတယ်။


ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ သူ့ရဲ့ အရာရှိတချို့
 အခု ပြည်တွင်းမှာ ပြုစုပျိုးထောင်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ နေရာမှာလည်း ပြည်ပမှာရှိတဲ့ ကုမ္ပဏီတွေကို ခေါ်ပြီး ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့ပဲ။

ဒီကုမ္ပဏီတွေ စိုးရိမ်နေတာကတော့ တကယ်လို့ တခါးဖွင့်ပေးပြီ သူတို့ တကယ် လာလုပ်မယ်ဆိုလို့ရှိရင် လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ဘယ်လောက်ထိ ရှိမလဲဆိုတာကိုပဲ သူတို့ စိုးရိမ်နေတယ်။
အကယ်၍ ကျနော်တို့ ပြုစု ပျိုးထောင်ရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိက အပိုင်းကို ခွင့်မပြုဘူး၊ နိုင်ငံတော်အပိုင်းကပဲ လုပ်မယ်ဆိုရင်တော့ သိပ်ပြီးတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။

နိုင်ငံတော်အစိုးရက ဒီလိုမျိုးပြုစုပျိုးထောင်ရေး လုပ်ငန်းတွေအတွက်ကို လွတ်လပ်ခွင့် ပေးရမယ်၊ လုံခြုံရေးတွေ ပေးရမယ်။
 ပုဂ္ဂလိကပိုင် ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေအတွက် ဥပဒေဆိုတာလည်း ရှိထားပေးရမယ်။
အမှန်ဆို ကျနော်တို့ တိုင်းပြည်က ရှက်ဖို့တောင်ကောင်းတယ်၊ ပြည်တွင်းစစ်တွေ အရမ်းဖြစ်တယ်၊ ပြည်သူတွေ ဒုက္ခရောက်နေတယ်၊ အဆင်းရဲဆုံးလည်း ဖြစ်သွားတယ်၊ အဲဒါကြောင့်မို့လို့ နိုင်ငံတကာမှာ တော်တော်လေးကို ရှက်ဖို့ကောင်းတဲ့ နိုင်ငံဖြစ်နေပါတယ်။

ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဆိုရင်တော့ လွတ်လပ်ရေး ရခဲ့တာ ၁၉၄၈။ ဗီယက်နမ် လွတ်လပ်ရေးရတာ ၁၉၇၅။  အခု ဗီယက်နမ်ဆို အရမ်းကြီး တိုးတက်နေပြီ။
ဘာဖြစ်လို့လဲ ဆိုတော့ ဗီယက်နမ်မှာက ပြည်သူလူထုကို လွတ်လပ်ခွင့်ပေးတယ်၊ ပြီးတော့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းတွေ၊ ပျိုးထောင်ပိုင်ခွင့် ပေးတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ ပြည်ပက ကုမ္ပဏီတွေ ဝင်ရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့ အကျိုး ပြန်ခံစားခွင့်ရှိတာက ၁ဝဝ%  မှာ ၈ဝ % က သူတို့ ဗီယက်နမ်နိုင်ငံက အကျိုးခံစားခွင့် ရတယ်။ ထိုင်းနိုင်ငံထက်တောင်ပိုများတယ်၊ ထိုင်းနိုင်ငံက အကျိုးခံစားခွင့်ရတာ ၆ဝ % ပဲ ရှိတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံကလည်း ဒီလိုဖြစ်ရမှာပေါ့၊ ပြည်ပနိုင်ငံက ကုမ္ပဏီတွေ ဝင်ပြီးတော့ ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့ အတွက်  ပြည်ပ ကုမ္ပဏီတွေကို ဆွဲခေါ်ပြီးတော့ လုပ်နိုင်ဖို့ ဘယ်လောက်ရှိမလဲ၊ သူတို့ကို လုပ်ကိုင်နိုင်ခွင့် ဘယ်လောက်ထိ ပေးနိုင်မလဲပေါ့။

 ~ ~ ~ ~ ~  ~ ~ ~ ~ ~  ~ ~ ~ ~ ~  ~ ~ ~ ~ ~  ~ ~ ~ ~ ~  ~ ~ ~ ~ ~  ~ ~ ~ ~ ~ 

ဒါက ဒီဘလော့အတွက် အင်တာဗျူး ပထမပိုင်း ဖြစ်ပါတယ်။

မနက်ဖြန် ဆက်လက် ဖော်ပြမယ့် SSA ခေါင်းဆောင်နဲ့ အင်တာဗျူး ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း တချို့ကို ဖတ်ရမှာပါ။

အင်တာဗျူး ပြုလုပ်ရာ လွိုင်တိုင်းလျန်းက သူ့ရုံးခန်းအ၀င်ဝ စင်ပေါ်မှာတော့ မြန်မာဂျာနယ်တထပ် တွေ့ရပါတယ်။
အပေါ်ဆုံးက ဂျာနယ်က Flower News ဖြစ်ပါတယ်။
စာအုပ်စင် တနေရာမှာတော့ -
စာအုပ်တွေယူဖတ်နိုင်တယ်၊ ပြီးရင် ဒီမှာပဲ ပြန်ထားခဲ့ပါ လို့ ရှမ်း၊ အင်္ဂလိပ် ဘာသာတို့နဲ့ ရေးထားပါတယ်။

အင်တာဗျူးချိန်မှာ မေးခွန်းတွေကို သူက သူ ပိုပြီး အားသန်တဲ့ ရှမ်းဘာသာနဲ့ ဖြေကြားပြီး သူ့လက်ထောက်တယောက်က မြန်မာလို ဘာသာပြန်ပေးပါတယ်။

    သတင်းနှင့်မီဒီယာကွန်ယက် (NMG) က မိတ်ဆက်ပေးတဲ့  RCSS ထိပ်တန်း ခေါင်းဆောင်တယောက်ကတော့ အင်တာဗျူးအတွက် စီစဉ်ပေးပါ့မယ်လို့ အာမခံပါတယ်။ သူ အာမခံသလိုပဲ အင်တာဗျူး အဆင်ပြေခဲ့ပါတယ်။

အလုပ်များတဲ့ RCSS ဥက္ကဋ္ဌ အချိန် သိပ်မပေးနိုင်မှာစိုးလို့ မိတ်ဆက်စကား နည်းနည်းပြောပြီး အင်တာဗျူး အစပြုပါတယ်။

ဆိုခဲ့သလိုပဲ မေးခွန်းတွေကို သူက ရှမ်းလို ဖြေပေမယ့် ကျန်တဲ့ အလ္လာပ သလ္လာ ပ နည်းနည်း ပြောချိန်၊ နုတ်ဆက်စကား ပြောချိန်တွေမှာတော့ သူက မြန်မာလိုပဲ ပြောပါတယ်။

ဥက္ကဋ္ဌက စကားပြောတာ ဖော်ဖော်ရွေရွေပါပဲ။  မြန်မာပြည်တွင်းမှာ လိုအပ်ရင် တောင်ကြီးမှာရှိတဲ့ သူတို့ရဲ့ RCSS ဆက်ဆံရေးရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်လို့ ဆိုပါတယ်။

အင်တာဗျူးလုပ်ခဲ့တဲ့ နေရာ လွိုင်တိုင်းလျန်း ဌာနချုပ်ဟာ ထိုင်းမြန်မာနယ်စပ်မှာပါ။ ရှမ်းပြည်နယ်ထဲမှာ ဌာနချုပ်နဲ့ အနီးဆုံးမြို့က ဟိုမိန်း ဖြစ်ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved