နေပြည်တော်၊ မန်း၊ မေမြို့ ဗုံးကွဲမှု အဖြေမပေါ်သေး

Friday, February 15, 2013

~
 

၂၀၁၁ ခုနှစ် မြန်မာပြည်အလယ်ပိုင်း မြို့ကြီးတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
ဒီအမှုကြီးတွေကို အာဏာပိုင်တို့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။

(ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)
ဖောက်ခွဲမှုတွေနဲ့ဆက်စပ်နေတယ်လို့   သံသယရှိသူ ၅ ဦးကို  ရုံးတင် စစ်ဆေးနေပါတယ်။

မနေ့တုန်းက တရားရုံးကို ရောက်နေတဲ့ သူတို့ ၅ ဦးကို ဧရာဝတီ သတင်းထောက်က တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။

စိုင်းလှအောင် (ခ) အားဝေ “ကျနော်က မန္တလေး ဆိုင်ကယ်အပိုပစ္စည်း ရောင်းတဲ့ ကုမ္ပဏီမှာ အင်ဂျင်နီယာ တဦးပါ။ ပထမ ဖမ်းဆီးပြီး လူကို သေမတတ် ရိုက်စစ်ကြတယ်။ နောက်ဆုံး ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကျနော် လွတ်ခဲ့ရတယ်။ အဲဒါ လွတ်ပြီးမှ မကြာသေးဘူး။ ပေါက်ကွဲ ၆ နဲ့ ထပ်ဖမ်းထားတာပါ။ ဘာတွေလဲဆိုတာတော့ ကျနော်လည်း နားမလည်တော့ပါဘူး”

စိုင်းမိုးဟိန်း၊
တက္ကသိုလ် ကျောင်းသား
 “ဒီဗုံးကွဲတဲ့ကိစ္စ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ခု ဗုံးပေါက်ကွဲတဲ့လူနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ကျွန်တော်ကို ဖမ်းဆီးထားတာပါ။
ဖမ်းပြီး ၇ ည တိတိ မအိပ်ရပါဘူး။ ၁ နာရီကို ၂ယောက်ခြားတခါ ကျနော့်ကို ရိုက်စစ်ပါတယ်။
ခြေသလုံးတွေပေါ် သံလုံးတွေနဲ့လိမ့်တယ်။ ကြမ်းပြင်မှာ ဒူးထောက်ခိုင်းတယ်။ မညှာမတာ ရိုက်နှက် စစ်ဆေးခဲ့တာပါ။ ခုဆို ကျွန်တော့်ကို ဖမ်းထားတာ ၂နှစ်နီးပါးဖြစ်နေပါပြီ။ ကျွန်တော် ကျောင်းပြန်တက်ချင်ပါတယ်”

ဒီ ပြောဆိုချက်တွေ အပါအ၀င် သတင်းအပြည့်အစုံကို http://burma.irrawaddy.org/archives/33994 မှာ ဖတ်နိုင်ပါပြီ။

၂၀၁၁ ခုနှစ် ဗုံးကွဲမှု ဖြစ်စဉ်က ဧရာဝတီမှာ တင်ခဲ့တဲ့ သတင်း ၂ ပုဒ်ကို စိတ်ဝင်စားသူများအတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။


Bomb Blasts Hit Naypyidaw, Mandalay and a Major Town


 နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဗုံးဆက်တိုက်ကွဲ

24 June 2011 
   
နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ယနေ့ နေ့လယ်၌ ဆက်တိုက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံးပေါက်ကွဲကြောင်း သိရသည်။

သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုးလန်သွားတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့်  ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး နှစ်ဦး ဒဏ်ရာရကြောင်း၊ မြို့နယ်အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

“အသံကြီးက ကျယ်တယ်။ ထရန်စဖော်မာ ပေါက်တယ်ထင်တာ။ ဈေးချိုက ဥပုသ်နေ့ဆိုတော့ ပိတ်ထားလို့။ ဖွင့်ရင်တော့ မလွယ်ဘူး” ဟု ဆိုသည်။

ယင်းကားဗုံးပေါက်ကွဲမှုအားသည် ကြီးမားကြောင်း၊ အနီးနား အဆောက်အဦးမှ ပြတင်းပေါက် မှန်များလည်း ကွဲကုန်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် ၂ နာရီခန့် တွင် မန္တလေးမြို့ ၃၁ လမ်းနှင့် ၃၂လမ်းကြား၊ ၈၄ လမ်းမကြီးပေါ်ရှိ စိန်စပယ်ဖူး ရွှေဆိုင်အနီးတွင် ဗုံးတလုံးထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ ၃ နာရီကျော်ကျော်တွင် ဗုံးရှင်းလင်းရေးအဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယင်းဗုံးပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး အိမ်ပြိုကျသွားသည်ဟု သိရှိရသည်။

မြို့ ၃ မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေသည့်အတွက် ပြည်သူများအကြား ထိပ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “ဗုံးတွေက ဟိုနားဒီနားမှာ တွေ့နေရတော့ လူတွေကတော့ လန့်နေကြတယ်။ ဒါပေမယ်လည်း သွားစရာလာ စရာရှိတော့လည်း သွားနေရတာပေါ့” ဟု ဆိုသည်။

တခြား မန္တလေးမြို့ခံတဦးကလည်း “လူသွားလူလာများတဲ့ ကျောင်းဆင်ချိန်မှာ နောက်ထပ်ဗုံးဆိုတော့ လန့်နေကြတာပေါ့” ဟု ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာများသည် မန္တလေးမြို့ အချက်အချာကျသည့် ဈေးချိုတော်နှင့် စာသင်ကျောင်းများ ရှိသည့် နေရာဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော် မြို့မဈေးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရေနီမြို့ အမှတ် ၅ လေ့ကျင်ရေးတပ်နေ အသက် ၃၅နှစ် အရွယ်ရှိ ကိုအောင်ကိုလတ်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ဗုံးပေါက်ကွဲမှုများတွင် မည်သည့် အဖွဲ့အစည်းကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ၀န်ခံခြင်းမရှိသော်လည်း အစိုးရကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲရေးသားသည်။

 ဗုံးခွဲမှုများအတွက် ရှမ်းအမည်နှင့် လူ ၃ ဦးကို အစိုးရ စွပ်စွဲ

29 June 2011

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ရှမ်းအမည်နှင့် လူ ၃ ဦးကို ထုတ်ဖော်ပြီး ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဖောက်ခွဲမှု ပြုလုပ်သူများမှာ အသက် ၂၅ နှစ် အရွယ်ခန့်ရှိကြသည့် စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ဖြစ်ပြီ ဗုံးများကို ဖောက်ခွဲရန် နေအိမ်များ ကြိုတင်ငှားရမ်းခြင်း၊ လိုင်စင်မဲ့ကား ၀ယ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားပြီး ၎င်းတို့ သုံးဦး၏ ပုံပန်းသဏ္ဍန်များကို ဖော်ပြကာ ဗုံးဖောက်ခွဲခဲ့သည့် တရားခံများ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “တရားရုံး အမိန့်မချခင် တရားခံလို့တော့ ဥပဒေမှာ သုံးခွင့်မရှိဘူး။ သံသယရှိ သူလို့ပဲ သုံးရမယ်” ဟု ဆိုသည်။

ယခု သတင်းစာတွင် သုံးနှုန်းထားသည့် တရားခံဆိုသည့် အသုံးအနှုန်းမှာ အဆိုပါ ၃ ဦး၏ မိသားစုများကို စော်ကားသကဲ့သို့ သက်ရောက်ကြောင်း ၎င်းကပြောသည်။

စွပ်စွဲခြင်းခံရသည့် စိုင်းအိုက်နှင့် စိုင်းဆမ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့ကတည်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ  ဗုံးကွဲသည့် ဒေါ်သန်းမြင့်၏ နေအိမ်ကို ၆ လစာပေး၍ ငှားရမ်းခဲ့သည့်အပြင် မေလ ၅ ရက်နေ့၌  ပြင်ဦးလွင်ရှိ ဒေါ်စောစန္ဒာ၏ အိမ်ကိုလည်း ၆ လစာပေး ငှားရမ်းခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ဈေးချိုတော် ဟိုတယ်ရှေ့ ဗုံးဖောက်ခွဲရာတွင် သုံးသည့် လိုင်စင်မဲ့ကားကို ငွေကျပ် သိန်း ၆၀ ဖြင့် ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်တို့ထံမှ ၀ယ်ယူခဲ့ပြီး ပြည်သူများ ထိခိုက်သေကျေစေရန် ရည်ရွယ်ချက်ဖြင့် ကားဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း၊
တရားခံများ ဖမ်းဆီးရမိရေးအတွက် မင်္သကာသူများ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပို့ ရန်လည်းရေးသားထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးခြင်းမရှိပေ။

ယခုတလော မြန်မာနိုင်ငံတွင် ဗုံးများ မကြာခဏ ပေါက်ကွဲနေရာ မည်သည့်အဖွဲ့အစည်းကမှ မိမိတို့ လက်ချက်ဖြစ်သည်ဟု ၀န်ခံပြောကြားခြင်းမရှိသော်လည်း အစိုးရကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် အမြန်ရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် မြို့မဈေးတွင် ဗုံးပေါက်ကွဲမှုတွင် KNU ၏ လက်ချက်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကိုမူ မည်သူပြုလုပ်သည်ဟု ဖော်ပြခြင်းမရှိပေ။

၂၀၀၅ ခုနှစ် မေလက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ကုန်သွယ်ရေး ဗဟိုဌာန၊ ဒဂုံစင်တာနှင့် ၈ မိုင်လမ်းဆုံရှိ Juntion 8 ကုန်တိုက်များတွင် ဖြစ်ပွားခဲ့သည့် ဗုံးဆက်တိုက် ပေါက်ကွဲမှုများတွင်လည်း တရားခံအား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved