ရှေးဟောင်းပစ္စည်း

Wednesday, February 13, 2013

 ~


 ရွက်စိမ်း ~

    ရေဒီယို၊ ပန်းပုရုပ်၊ ကြွေထည်မျိုးစုံ၊ တံဆိပ်ခေါင်း၊  ရေနွေခရား စတဲ့ စတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို Antique Shop လို့ ခေါ်တဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွေမှာ တွေ့ရလေ့ရှိပါတယ်။

ဒီဆိုင်တွေမှာရှိတဲ့ ပစ္စည်းတွေကို  -
ဘယ်လိုလူတွေက၀ယ်နေကြလဲ?
ဘာအတွက် ၀ယ်ကြတာလဲ?

ရန်ကုန်မြို့    အမှတ်၁၁၄၊ ကမ္ဘာအေးဘုရားလမ်းမှာ AUNG AUNG antique decoration and handicraft shop ကို ဖွင့်ထားတဲ့ ကိုအောင်အောင်က -
 “ရှေးဟောင်းပစ္စည်း ဆိုတာထက် အများစုက ဒုတိယကမ္ဘာစစ်ဝန်းကျင်က ပစ္စည်းတွေ များပါတယ်။
ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပါတယ်၊
ဒီကိုလာတဲ့နိုင်ငံခြားသား ဧည့်သည်တွေက ဒါကို စိတ်ဝင်စားပြီး ၀ယ်ကြတယ်၊ နောက်ပြီး ၀ယ်ရောင်းသမားတွေက တစ်နှစ်ကို တစ်ခါလောက် ၀ယ်ကြတယ်၊
အခုနောက်ပိုင်းမြန်မာတွေလည်း နိုင်ငံခြားနဲ့ အထိအတွေ့ များလာပြီး သူတို့တန်ဖိုးထားတဲ့ပစ္စည်းတွေ ငါတို့မှာရှိတယ်ဆိုပြီး ၀ယ်လာကြတယ်ဗျ”
လို့   ပြောပါတယ်။

ဒါ့အပြင် အိမ်အတွင်းပိုင်း၊ ရုံးခန်း၊ ဟိုတယ်ဧည့်ခန်းဆောင် အလှဆင်တဲ့အခါမှာ သုံးဖို့လည်း ရှေးဟောင်းပစ္စည်းတွေကို ဝယ်ကြတာ ရှိပါတယ် တဲ့။ 

ရှေးဟောင်းပစ္စည်းတွေကြားထဲက ကိုအောင်အောင်
ရှေးဟောင်းပစ္စည်းတွေ ဘယ်ကလာသလဲ
    “ဒီပစ္စည်းတွေကို အိမ်ဟောင်းတွေ ပြောင်းရွေ့တာကနေ ရသလို မိဘလက်ထက်က ပိုင်ဆိုင်ခဲ့တဲ့ဟာတွေကို သားသမီးတွေ လက်ထက်မှာ ပြန်ပြီး ရောင်းချတာမျိုးလည်း ရှိတယ်။
နောက်ပြီး တကမ္ဘာလုံးပတ်နေတဲ့ ပွဲစားတွေရှိတယ်၊ ဘယ်ပစ္စည်းက ဘယ်လောက်ရမယ်ဆိုတာ သူတို့က သိတယ်၊ သူတို့ဆီကလည်းရတယ်”
လို့ antique တွေ ဆိုင်ပေါ်ရောက်လာပုံကို ရှင်းပြပါတယ်။

    ရောင်းရတဲ့ပစ္စည်းတွေဟာ နှစ်ကြာမြင့်တဲ့အပေါ်မှာ မူတည်တာ မဟုတ်ပါဘူး တဲ့၊ ၀ယ်သူတွေအကြိုက်ပေါ်မှာ မူတည်ပြီး အရောင်းအ၀ယ်ဖြစ်နေတာပါ တဲ့။
“အဟောင်းတိုင်းတော့အလုပ်မဖြစ်ပါဘူး။ တချို့ နှစ် ရာနဲ့ချီပြီး ကြာနေပေမဲ့ ရောင်းမထွက်တာတွေ ရှိတယ်၊ တချို့ နှစ်  သုံးလေးဆယ်နဲ့လည်း ဈေးကွက်မှာ အလုပ်ဖြစ်တယ်”
 လို့ ကိုအောင်အောင်ကပြောပါတယ်။

လမ်းတကာ လျှောက်သွားပြီး ပစ္စည်းမျိုးစုံ လိုက်ဝယ်သူတွေဆီကလည်း ရှေးဟောင်းပစ္စည်းတွေ ထွက်လာတတ်ပုံပါပဲ။
အဟောင်းဆိုင်များကို ၀င်ထွက်နေသူတွေထဲမှာ တွန်းလှည်းတစီးနဲ့ ပစ္စည်းစုံလိုက်ဝယ်သူများလည်း ပါပါတယ်။

ကမ္ဘာအေးဘုရားလမ်း ရှေးဟောင်းပစ္စည်းဆိုင်တွေရှေ့မှာ တွေ့ရတဲ့ တွန်းလှည်းသမား ၂ ယောက် 

ဈေးနှုန်း

    “ဒေါ်လာ တထောင်ကျော်တာတွေလည်း ရှိတယ်၊ ဒါပေမဲ့ အများစု ၀ယ်နိုင်တဲ့ဈေးက ဒေါ်လာ ၃၀၊ ဒေါ်လာ ၅၀ လောက်ပေါ့၊
အဲဒီဝန်းကျင်ဈေးနှုန်းရှိတဲ့ ပစ္စည်းတွေကတော့ အလုပ်ဖြစ်တာ ပိုများတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။ 

အတုအပ ပေါများတဲ့ ခေတ်ကြီးမှာ ရှေးဟောင်းပစ္စည်းကိုလည်း အတုလုပ်ပြီး ရောင်းတာတွေ ရှိပါတယ် တဲ့။

    “စီးပွားရေးအရ ထိုက်သင့်တဲ့ အကျိုးအမြတ်ရပေမဲ့ ပစ္စည်းအတုကို အဟောင်းဈေးနဲ့ ဘယ်တော့မှမရောင်းဘူး၊
အတု ဈေးနဲ့ပဲ ရောင်းတယ်။ ပိုက်ဆံရဖို့တစ်ခုတည်း အတွက်တော့ အလုပ် မလုပ်ပါဘူး” လို့ ကိုအောင်အောင်က ပြောပါတယ်။       

ဒီဆိုင်ဖွင့်ခဲ့တာနှစ်ပေါင်း နှစ်ဆယ်ရှိပြီ၊ စိတ်ဝင်စားတဲ့အတွက် သူငယ်ချင်းဆိုင်မှာ လေ့လာရင်းနဲ့ ဖွင့်ဖြစ်သွားတာလို့ ဆိုင်ရှင် ကိုအောင်အောင်က ပြောပါတယ်။

ကိုယ့်အိမ်ထဲ ရှေးဟောင်းပစ္စည်း ရှိနေမလား
ကဲ ... ကိုယ့်အိမ်က ပစ္စည်းအဟောင်းအမြင်းတွေထဲကလည်း ရွှေဖြစ်တတ်တာမျိုး ရှိနိုင်ပါတယ်။

ဒီတခေါက် အိမ်ပြန်ရောက်ရင် ရှာဖွေရေး လုပ်ရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။

အဟောင်းဆိုင်တွေမှာ ဈေးကောင်းကောင်းနဲ့ သွားရောင်းသင့် ရောင်းဖို့၊ သို့မဟုတ် ကိုယ့်ဧည့်ခန်းကို ကိန်းခန်းကြီးအောင်  အလှဆင်တာမျိုး လုပ်ဖို့ တခုခုတော့ တွေ့မယ်လို့ ထင်ပါတယ်။
 



























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved