အခမ်းအနားမှာ ပျင်းနေသလား၊ ကွန်ပြူတာပြားယူသွား ဖဲကစား

Sunday, February 17, 2013

~

 


 မီဒီယာတွေ့ဆုံပွဲ၊ ဘာပွဲ၊ ညာပွဲ အခမ်းအနားတွေဟာ တချို့အတွက် ပျင်းစရာကောင်း၊ ငိုက်လို့ကောင်းတဲ့ အစီအစဉ်များ ဖြစ်နေမလား။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒီလ ၅ ရက်နေ့ တောင်ကြီးမြို့မှာ
အင်းလေး ဟိုတယ်ဇုန်နဲ့ ပတ်သက်ပြီး မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ပါတယ်၊
တက်ရောက်သူ အရာရှိများထဲမှာ တယောက်က အိပ်ပျော်နေပါတယ်။
 

အိပ်စက်အနားယူတာ ကောင်းပါတယ်။ အိပ်ရေးဝပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်တဲ့အခါ ထိထိရောက်ရောက် ငိုက်နိုင် အဲ ... လုပ်နိုင်ကိုင်နိုင်မယ် မဟုတ်လား။

သူ့ ဘယ်ဘက်ဘေးက
အရာရှိကတော့ အိပ်ရေးဝနေဟန် တူပါတယ်။
သူက တွေ့ဆုံပွဲအခမ်းအနားထဲယူသွားတဲ့ iPad ကို ကောင်းကောင်း အသုံးချနေပါတယ်။
တက်ဘလက်ထဲရှိတဲ့ စပိတ်၊ ဟတ်၊ ဒေါင့်၊ ညှင်းတွေနဲ့ အလုပ်များနေတာပါ။
သူကတော့ စည်ပင် ညွန်မှုး ဦးစိုင်းထွန်းထွန်း ဖြစ်ပါတယ်။

အိုင်တီခေတ်မှာ
တက်ဘလက်နဲ့ ဖဲကစားတာ ခေတ်မီတယ်လို့ ဆိုရင် ဆိုနိုင်ပါလိမ့်မယ်၊ စိတ်ကူးဥာဏ် ထက်သန်စေတယ်လို့ အကောင်းဘက်တွေးသူလည်း ရှိနိုင်ပါတယ်၊ သေချာတာကတော့ ဥပဒေကိုဆန့်ကျင်ရာ မရောက်တဲ့ (လောင်းကစားတာ မဟုတ်တဲ့) အချိန်ဖြုန်းနည်းပါပဲ။
 

 
မီဒီယာကို ရှင်းပြနေတဲ့ ပြည်နယ်ဝန်ကြီးကတော့  စည်ပင် ညွန်မှုးတယောက်  iPad နဲ့ အလုပ်များနေတာကို နားလည်ပေးလိမ့်မယ်လို့ ယူဆရပါတယ်။iPad နာမည်ကြီးလို့ iPad လို့သာ ပြောလိုက်တာပါ။ သူ သုံးနေတာ iPad မဟုတ်တဲ့ သင်ပုန်းကွန်ပြူတာတခုခု ဖြစ်ပါလိမ့်မယ်။
နိုင်ငံချို့မှာ ကျောင်းသားတယောက် သင်ပုန်းကွန်ပြူတာတချပ် စီမံကိန်း ဆိုတာမျိုး ရှိပါတယ် တဲ့။
ရှမ်းပြည်နယ်အစိုးရကလည်း အရာရှိတယောက်
သင်ပုန်းကွန်ပြူတာတချပ် စီမံကိန်း မလုပ်ဘူးလို့ ဘယ်ပြောနိုင်မလဲ။ အရာရှိတွေ ဥာဏ်ရည်တက်မှ လုပ်ငန်းခွင် ပိုမို အဆင်ပြေနိုင်မယ် မဟုတ်လား။
မီဒီယာရှင်းလင်းပွဲအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သင်ပုန်းကွန်ပြူတာအကြောင်း ရှင်းတာတော့ မဟုတ်ပါဘူး။ အင်းလေးဟိုတယ်ဇုန်နဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲပါ။

ပြည်နယ်ဝန်ကြီးတပါးဖြစ်တဲ့ ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က သတင်းသမားတွေ၊ အရာရှိတွေကို အခုလို ရှင်းပြခဲ့ပါတယ်။

-  အင်းလေးဟိုတယ်ဇုန်မြေနေရာချထားမှုတွင်  ပွင့်လင်းမြင်သာစွာဖြင့် သတင်းစာများမှတဆင့် လျှောက်လွှာများခေါ်ယူသွားမည်ဖြစ်ကြောင်း (ဖေဖော်ဝါရီလကုန်ပိုင်း)၊

- ဟိုတယ်ဇုန်ဖော်ထုတ်ရာတွင်    အင်းလေး ဒေသခံပြည်သူများ၊ ရွာသားများနှင့် အနည်းငယ် ပြေလည်မှု မရခဲ့သဖြင့် လုပ်ငန်းများ နှောင့်နေးခဲ့ရကြောင်း၊

- စီမံကိန်းကိုလည်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အား မထိခိုက်စေရန် စည်းမျဉ်းစည်းကမ်းများနှင့် ပြုမှုဆောင်ရွက်မှသာလျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊

- ပြည်ပလုပ်ငန်းရှင်များသာမက ဒေသတွင်းလုပ်ငန်းရှင်များ ကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း

  
မိုးဝန် (တောင်ကြီး)
~






 





















-
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved