၆၆ နှစ်မြောက်ပြည်ထောင်စုနေ့အတွက် ၈၈ ရဲ့ သ၀ဏ်လွှာ

Tuesday, February 12, 2013

ယနေ့ ဖေဖော်ဝါရီလ ၁၂  ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ၈၈ မျိုးဆက် 
ကျောင်းသားများကလည်း သ၀ဏ်လွှာပေးပို့ထားပါတယ်။ 

သ၀ဏ်လွှာမှာ  အမျိုးသား ခေါင်းဆောင်ကြီးများ အုတ်မြစ်ချ တည်ဆောက်ပေးခဲ့သော ပြည်ထောင်စု စစ်စစ် နိုင်ငံတော် သစ်ကြီး ပေါ်ထွန်းခိုင်မာ စေရေးအတွက် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား တန်းတူ ညီမျှရေး၊ နိုင်ငံရေး ဦးတည်ချက်များကို လက်တွဲ ဖော်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းထားပါ တယ်။ 


 



စာအမှတ် - ၂/၂၀၁၃ (သ) 
ရက်စွဲ - ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ ရက် 

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) 

၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ 
သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ 
ဖုန်း - ၀၉ ၇၃၀၈၁၇၀၁ 
Email – office@the88generation.org 

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ 
၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )မှ ပေးပို့သော သဝဏ်လွှာ 

ဤနေ့ဤရက်သည်ကား (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယပင်ဖြစ်သည်။ လွန်ခဲ့သော (၆၆) နှစ် က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်ကြီး များ စုဝေး တိုင်ပင်၍ လွတ်လပ်ပြီးစနိုင်ငံတော်သစ်ကို အုတ်မြစ်ချခဲ့ကြသည်။ 

သို့သော် ပြည်တွင်းစစ်ပဋိပက္ခသည် ယခုအချိန် အထိ သွေးမတိတ်သော ဒဏ်ရာတစ်ခုပမာ ပြည်သူ တစ်ရပ်လုံး ခံစားနေရဆဲဖြစ်သည်။ 

တိုင်းရင်းသားတန်းတူ ညီမျှရေးသည် နိုင်ငံရေးပြဿနာဖြစ်သည်။ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရမည်။ ငြိမ်းချမ်းရေး မရှိပဲ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေ 
သော ဒေသခံတိုင်းရင်းသားများအနေဖြင့် ပြည်တွင်းစစ် ၏ အနိဋ္ဌာရုံကို တိုက်ရိုက်ခံစားနေရသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအနေဖြင့် နိုင်ငံသားအားလုံး လူမှုစီးပွား ဒုက္ခအဝဝကို ခံစားနေကြရသည်။

ပြည်ထောင်စုမပြိုကွဲရေးသည် ကြွေးကြော်သံသက်သက်မဟုတ်။ တိုင်းရင်းသား တန်းတူညီမျှရေး၊ လူမျိုးဘာသာမရွေး နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိခံစားနိုင်စေရေးသည် ပြည်ထောင်စု မပြိုကွဲရေး၏ အနှစ်သာရဖြစ်သည်။ 

ထို့ကြောင့် ဤ(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မွန်မြတ်သော အခါသမယတွင် အမျိုးသား ခေါင်းဆောင်ကြီးများ အုတ်မြစ်ချ တည်ဆောက်ပေးခဲ့သော ပြည်ထောင်စု စစ်စစ် နိုင်ငံတော် သစ်ကြီး ပေါ်ထွန်းခိုင်မာ စေရေးအတွက် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ နိုင်ငံရေး ဦးတည်ချက်များကို လက်တွဲ ဖော်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပေသည်။ 

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved