SSA တောင်ပိုင်း ဌာနချုပ် မြင်ကွင်းများ (၁)

Saturday, February 9, 2013

~





SSA တောင်ပိုင်း ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့  ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား အနယ်နယ်က ရှမ်းတိုင်းရင်းသား အများအပြား တက်ရောက်ခဲ့ကြပါတယ်။

SSA တောင်ပိုင်း ဌာနချုပ် ၀င်ပေါက်တခု
ဌာနချုပ်တည်ရှိတဲ့နေရာက လွိုင်တိုင်းလျန်းမှာပါ။ စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ နာမည်ကျော် "လွိုင်ဆမ်ဆစ်သို့တောင်းပန်ခြင်း" သီချင်းကြောင့် လွိုင် ဆိုတာက "တောင်" လို့ အဓိပ္ပာယ် ရကြောင်း လူသိများပါတယ်။
တိုင်းလျန်းရဲ့ အဓိပ္ပာယ်က ဘာလဲလို့ ရှမ်းတိုင်းရင်းသားတယောက်ကို မေးကြည့်တော့ တိုင်း (tai) ဆိုတာ ရှမ်း၊ လျန်း ဆိုတာ အလင်းရောင် တဲ့။ ရှမ်းတွေကို အလင်းရောင်ပေးတဲ့တောင် လို့ သူက အနက်ဖွင့်ပါတယ်။

SSA တောင်ပိုင်းရဲ့ အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်ကို မနေ့က သူ့ရုံးမှာ လက်ထောက်အရာရှိတွေ၊ လုံခြုံရေးအရာရှိတွေနဲ့အတူ အခုလို တွေ့ခဲ့ရပါတယ်။
အစိုးရတပ်နဲ့ SSA တောင်ပိုင်းတို့  အပစ်ရပ်ဖို့ သဘောတူထားကြတဲ့အတွက် နယ်မြေက ဟိုတုန်းကထက်စာရင် အတော်လေး ငြိမ်းချမ်းနေပါတယ်။ ဒါကြောင့် လွိုင်တိုင်းလျန်းမှာ ကြာသပတေးနေ့က ကျင်းပတဲ့ အခမ်းအနားကို ဒေသတွင်းက ရှမ်းတိုင်းရင်းသားအများအပြား ရောက်လာကြတာလို့ ယူဆနိုင်ပါတယ်။


ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်ရဲ့ လုံခြုံရေးတပ်သားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်

 တောင်ကြီး၊ ခိုလန်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ တာချီလိတ် စတဲ့  မြို့နယ် ၅ ခုမှာ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့အထိ ငြိမ်းချမ်းရေးအခြေအနေ ကောင်းနေပါတယ်။
သို့သော်လည်း တရားဝင် အပစ်ရပ် ငြိမ်းချမ်းရေးယူပြီး တနှစ်ကျော်လာချိန်မှာတော့ တိုက်ပွဲပေါင်း ငါးဆယ် ၀န်းကျင် ဖြစ်ခဲ့ပါတယ် တဲ့။

RCSS/SSA ဌာနချုပ်ရှေ့မှာ ကြာသပတေးနေ့က တွေ့ရတဲ့ စစ်သည်များ
RCSS/SSA
ရှမ်းပြည် တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (Restoration Council of Shan State/Shan State Army) ကို အတိုကောက်အားဖြင့် RCSS/SSA လို့ ခေါ်ကြပါတယ်။ ဒီအဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်များမှာတော့ ရှမ်း လို့ စာလုံးမပေါင်းဘဲ သျှမ်း လို့ စာလုံးပေါင်းပါတယ်။
RCSS က နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး SSA ကတော့ စစ်ရေးအဖွဲ့ပါ။

SSPP/SSA 
  ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် မြောက်ပိုင်း  အတိုကောက် SSPP/SSA ဆိုတဲ့ အဖွဲ့လည်း ရှိပါတယ်။
 အစိုးရက အဲဒီအဖွဲ့နဲ့ အရင်ဆုံး အပစ်ရပ်ခဲ့တာပါ။

နှစ်ဖွဲ့စလုံးက ရှမ်းပြည်နယ် မြောက်ပိုင်းရော၊ တောင်ပိုင်းမှာပါ တပ်တွေ ရှိကြပါတယ်။


လက်ကောက်ဝတ်မှာ ရှမ်းအလံပုံနဲ့ အလှဆင်ထားတဲ့ အမျိုးသမီးတဦးက သူ့တယ်လီဖုန်းသုံးပြီး စစ်ရေးပြစစ်သည်တွေကိုဓာတ်ပုံရိုက်နေတာပါ။
အပစ်အခတ်ရပ်စဲခြင်း  တနှစ်ပြည့်ခဲ့ချိန်မှာ ထုတ်ပြန်တဲ့ RCSS/SSA ရဲ့ ကြေညာချက်မှာတော့ - စစ်ရေးနည်းလမ်းကို   မလွှဲမရှောင်သာ အဆင့်တွင်မှသာ အသုံးပြုရန် ၊ မူးယစ်ဆေးဝါး အမြစ်ပြတ် ချေမှုန်းတိုက်ဖျက်ရန် စသဖြင့် ဖော်ပြခဲ့ပါတယ်။

အခမ်းအနားတက်ရောက်လာသူများထဲမှာ တဦးကတော့ ကြံ့ခိုင်ရေးပါတီ တီရှပ်ကို ၀တ်ဆင်ထားပါတယ်
ကြာသပတေးနေ့ လွိုင်တိုင်းလျန်းဒေသ မြင်ကွင်းတခု

ဧရာဝတီက သတင်းသမား ၂ ယောက်လည်း အခမ်းအနား ကျင်းပရာ လွိုင်တိုင်းလျန်းကို ရောက်ခဲ့ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ အပါအ၀င် အကြောင်းအရာ အများအပြားကို လေ့လာခဲ့၊ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

နေပူဒဏ် ပြင်းထန်တဲ့ လွိုင်တိုင်းလျန်းမှာ ရှမ်းတိုင်းရင်းသားတယောက်ရဲ့ ခမောက်က ဦးခေါင်းကိုသာမက ပခုံးကိုပါ နေရောင်ခြည်ဒဏ်က အကာအကွယ်ပေးနေပါတယ်။


ဒေသအသီးသီးက အခမ်းအနား တက်ရောက်သူများ

အခမ်းအနား တက်ရောက်သူ တချို့က ရှမ်းအလံငယ်တွေ ကိုင်ဆောင်ထားကြပါတယ်။ အလံမှာတော့ We love Shan State ဆိုပြီး ရှမ်း၊ အင်္ဂလိပ် ဘာသာတို့နဲ့ ရေးထိုးထားပါတယ်။


အများစုကတော့ ရိုးရာဝတ်စုံတွေ၊ စစ်ယူနီဖောင်းတွေ ၀တ်ဆင်ထားကြတာ တွေ့ရပါတယ်။
မြေပုံမှာ ကြည့်ရင် လွိုင်တိုင်းလျန်း ရှိတဲ့နေရာက ကယားပြည်နယ်နဲ့ နီးကပ်တာ တွေ့ရမှာပါ။ ရှမ်းပြည်နယ်အတွင်း အနီးဆုံးမြို့က ဟိုမိန်း ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းမှုများထဲက တချို့ကို ဒီဘလော့ နဲ့ ဧရာဝတီ ပင်မ စာမျက်နှာ တို့မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved