မိုဘိုင်းဖုန်းနဲ့ တခြားကဏ္ဍများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

Thursday, March 7, 2013


မြန်မာပြည်ရဲ့  မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၉၀ နီးပါး ရှိတယ် လို့ ဖိုင်နယ်ရှယ်တိုင်းမ် အင်တာနက် စာမျက်နှာမှာ မနေ့က ရေးထားပါတယ်။

မြန်မာပြည်မှာ လက်ကိုင်ဖုန်း မသုံးသေး မ၀ယ်သေးတဲ့သူတွေ အများကြီး ရှိနေပါတယ်။
အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ဖိတ်ခေါ်အပြီးမှာ ဒီလို ဧရာမ  ဈေးကွက်ကြီးအတွက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီပေါင်း ၉၀ လောက် အစိုးရကို ချည်းကပ်ထားပါတယ်။
ဘယ်ကုမ္ပဏီ လုပ်ပိုင်ခွင့် ရမယ် ဆိုတာ မသိသေးပါ။

ဆင်မ်ကတ်တခု ကျပ်ငါးထောင် ဆိုတဲ့ ကုမ္ပဏီတခုက တွက်ချက်ပြ၊ သိပ်မကြာခင်မှာ ကျပ်သောင်းဂဏန်းဖြစ်မယ် ဆိုပြီး ပြောနေကြတဲ့ မြန်မာနိုင်ငံမှာ
ဆင်မ်ကတ်ဈေး အမှန်တကယ် ပြုတ်ကျရင်တော့ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ မိုဘိုင်းဖုန်း ကိုင်ကြတော့မှာပါ။
အဲဒီအခြေအနေရောက်ရင် ဈေးကွက်မှာ မိုဘိုင်းဖုန်းတွေ လက်ရှိ အခြေအနေထက် အဆပေါင်းများစွာ အရောင်းသွက်မှာပါ။
ဘယ်တော့ ဒီအခြေအနေ ရောက်မယ် ဆိုတာတော့ ခန့်မှန်းရ ခက်နေကြပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာပြည်မိုဘိုင်းတယ်လီဖုန်းဈေးကွက်အတွက် အလုအယက် ဖြစ်နေကြပေမယ့် တခြားဈေးကွက် တခြား ကဏ္ဍများမှာ ဘယ်လို ရှိပါသလဲ။

အစိုးရ ဖိတ်ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဘယ်လိုအခြေအနေ ရှိပါသလဲ - ဖိတ်ခေါ်နေပေမယ့်   မြန်မာနိုင်ငံရဲ့  မြေဈေးနှုန်း၊ လျှပ်စစ်မီးရရှိမှု အခြေအနေတွေကြောင့် ထင်သလောက် ၀င်မလာကြဘူးလို့ ပြည်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

    “နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေ အသီးသီး မြန်မာနိုင်ငံရဲ့ အခြေအနေကို လာရောက်လေ့လာကြတယ်။
ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ သူတို့ သိချင်တာက မြန်မာနိုင်ငံရဲ့ ဈေးကွက် အခြေအနေ၊ လျှပ်စစ်မီး ရရှိမှု အခြေ အနေတွေ မေးကြတယ်။
 ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်သေးလို့ ဒါကို စောင့်ကြတယ်ပေါ့။
ဥပဒေတွေ နည်း ဥပဒေတွေ ထွက်တော့လည်း ထူးထူးခြားခြား ရင်း နှီးမြှုပ်နှံမှုတွေ အများကြီး ၀င်မလာကြသေးဘူး။
စီးပွားရေး လုပ်ကိုင်သူတွေကတော့ သူ တို့ရဲ့ အကျိုးမြတ်တွေကို တွက်ကြမှာပေါ့။ အခုက လာရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာ နိုင်ငံက မြေဈေးတွေကြီးတာ၊ ငှားရမ်းခတွေ ဈေးတက် တာ တွေ ကြောင့် အရဲမစွန့်ရဲ ကြဘူးဖြစ်နေတယ်” လို့ စက်မှု လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ဆိုင်တယ်လို့ သိရပါတယ်။

    “စီမံကိန်း တစ်ခုခု လုပ်မယ်ဆိုရင် အဲဒီအကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒဖော်ထုတ်မှု၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်တတ်လို့ မြန်မာနိုင်ငံကို လာရင်းနှီးမြှုပ်နှံဖို့ လန့်နေကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ရော ဖိတ်ခေါ်သူတွေ အနေနဲ့ရော အခြေအနေတွေကို သေချာ လေ့လာပြီးမှ ဖိတ်ခေါ်ဖို့ လိုပါတယ်။
 ဒီလိုမျိုးတွေ မကြာခဏ ဖြစ်နေရင်တော့ နိုင်ငံအပေါ်လည်း ယုံကြည်မှု ပျက်ပြားနိုင်ပါတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
   
နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေကို ဖိတ်ခေါ်မှ  နိုင်ငံခြား ၀င်ငွေ ရရှိစေမှာ ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး နည်းပညာ တွေ တိုးတက်စေကြောင်း၊ 
နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှု ပတ်ဝန်းကျင်၊  သဘာဝပတ်ဝန်းကို မထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးကို ကြိုဆိုသင့်ကြောင်း ပြည်တွင်း စီးပွားရေး ပညာ ရှင် တစ်ဦးက ပြောပါတယ်။

 မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ပြုပြင်ပြောင်းလဲရေးက စလုံးရေစပဲ ရှိသေးတဲ့အတွက် မျှော်လင့်တဲ့နေရာရောက်ဖို့
တော်တော်လေး ကြိုးစားဖို့ လိုပါသေးတယ်လို့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး  Francis Maude က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

(ဝန်ကြီးပြောကြားချက်သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ irrawaddy.org/archives/27569 မှာ ဖတ်ပါ)

“ဘတ်ဂျက်စာရင်း ထင်သာမြင်သာ ရှိဖို့၊ ထိပ်တန်းအစိုးရအရာရှိများရဲ့ပိုင်ဆိုင်မှု ကြေညာဖို့” အစရှိတာတွေ လိုအပ်နေသေးတယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။
ရွက်စိမ်း ~
ဆက်စပ်



       ဧရာဝတီ Facebook / ဧရာဝတီ Twitter

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved