ကမ္ဘာကျော်ဟိုတယ်တွေ လာတော့မယ်

Thursday, March 7, 2013



 ကမ္ဘာကျော် ဟိုတယ်ပိုင်းဆိုင်ရာလုပ်ငန်းတွေ မြန်မာပြည် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြတာဟာ နိုင်ငံအတွက် အကျိုးရလဒ်တွေ ရရှိလာနိုင်တယ် လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။


မန္တလေးဘက်ရောက်ရင် လည်ပတ်စရာနေရာတခုဖြစ်တဲ့ ဦးပိန်တံတား (ဓာတ်ပုံ - လောအယ်စိုး)

နိုင်ငံခြားသား ၀င်ရောက်မှု များပြားလာတာကြောင့် ဟိုတယ်အခန်း မလုံလောက်မှု၊ အခန်းခ ဈေးနှုန်းတွေ ကြီးမြင့်မှုတို့ ကြုံတွေ့နေရတဲ့ အချိန်မှာ ဟိုတယ် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူတွေ စိတ်ဝင်စားလာရင် အဆင့်မြင့် ဟိုတယ်များကိုသာ ဆောက်ခွင့်ပြုမယ် လို့ သိရပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်တွေကို ကြယ်သုံးပွင့်နဲ့ အထက်ကို ခွင့်ပြု ထားတယ်။
ဘာကြောင့်လဲဆိုတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေက ငွေအင်အား  နည်းပါးတဲ့အတွက် အသေးစား၊ အလတ်စား ဟိုတယ်တွေလောက် ရင်းနှီးမြှုပ်နှံနိုင်တယ်” လို့ ဟိုတယ်/ခရီး ၀န်ကြီးဌာနအရာရှိတဦးက ပြောပါတယ်။

မီးခိုး မထွက်တဲ့ စက်ရုံလုပ်ငန်းလို့ တင်စားခံရတဲ့ ဟိုတယ်၊ခရီး ကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေချိန်မှာ  ကမ္ဘာကျော် ဟိုတယ်တွေကလည်း ၀င်ရောက်ဖို့ စိတ်ဝင်စားလာကြပါပြီ တဲ့။

“ကမ္ဘာကျော် ဟိုတယ် တ ခုဖြစ်တဲ့ Best Western ဟိုတယ်ကလည်း မြန်မာနိုင်ငံမှာ ဟိုတယ်လာ ဖွင့်ဖို့ကို ဆွေးနွေးတာတွေ ၊မြေနေရာ ရှာတာတွေ လုပ်နေပါတယ်။
သူတို့ လာဖွင့်ရင်တော့ ...  သူတို့ နောက်မှာ ပါလာမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ၊ customer တွေ ပါလာမှာ ဖြစ်လို့ မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးပွားလာနိုင်ပြီးတော့၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေလည်း ပွင့်လင်းလာမှာ  ဖြစ်ပါတယ်” လို့ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြင်သစ်အခြေစိုက် Accor ရဲ့ ဟိုတယ်လုပ်ငန်း တခုဖြစ်တဲ့ Novotel Hotel Group ကလည်း ဆောက်လုပ်နေတဲ့ မြန်မာနိုင်ငံသားပိုင် ဟိုတယ်များမှာ စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာတွေ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Novotel Hotel တွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“Novotel Hotel တို့လိုမျိုးက စီမံခန့်ခွဲမယ် ဆိုရင်တော့ သူတို့ ဆီက နည်းပညာတွေ ရလာမှာတော့ သေချာပါတယ်။ သူတို့တွေက စီမံခန့်ခွဲမှုပိုင်းမှာ နာမည်ကြီးတဲ့ အတွက် ဟိုတယ်လုပ်ငန်းမှာ အထောက်အကူ အများကြီး ပေးလိမ့်မယ်။
ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုမျိုးကို ကြိုဆိုသင့်ပါတယ်” လို့ ပြည်တွင်း ဟိုတယ်လုပ်ငန်းရှင် တဦးက  ပြောပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်မှာတော့ Hilton ဟိုတယ်ကလည်း ရန်ကုန်ကို လာဖို့ ပြင်နေပြီ ဆိုတဲ့အကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်ကို ကိုးကားပြီး အရင်တပတ်က ရေးထားပါတယ်။

Hilton ရောက်လာမယ့် နေရာအတိအကျကတော့ ဆူးလေဘုရားနားက Centre Point မိုးမျှော်တိုက် ဖြစ်ပါတယ်။
ရန်ကုန်ရဲ့ အမြင့်ဆုံးအဆောက်အအုံလို့ ယူဆရတဲ့ ဒီနေရာမှာ ဟိုတယ်ခန်း ၃ဝဝ ရနိုင်ပါလိမ့်မယ်။
Hilton က ထုတ်မပြောပေမယ့် မြန်မာအစိုးရ အရာရှိများကတော့  ရှေ့နှစ်ဆန်းပိုင်းဆိုရင် ဟိုတယ်ဖွင့်နိုင်ပါပြီလို့ ဆိုပါတယ်။

အစည်းအဝေး၊ အခမ်းအနား အစရှိတာတွေ ကျင်းပဖို့၊ တတ်နိုင်သူတွေ တည်းခိုဖို့ အဆင့်မြင့်ဟိုတယ်ကြီးတွေ လိုအပ်သလို သာမန်ခရီးသည်များ ရွေးချယ်တတ်တဲ့ သာမန်ဟိုတယ်တွေ၊ တည်းခိုခန်းတွေလည်း အများအပြား လိုအပ်နေပါတယ်။

ဆက်စပ်



ရွက်စိမ်း ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved