ရာနဲ့ချီပြီး သီလရှင်ဝတ်ကြတဲ့ ရန်ကုန်ကဒုလ္လဘပွဲ

Tuesday, March 19, 2013



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မှာ သီလရှင်အပါး ၅ဝဝ ၀တ်ပွဲကို တွေ့ခဲ့ရပါတယ်။ 

အဲဒါကတော့ ဒီလ ၅ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ မြိုင်သီလရှင်စာသင်တိုက်/သီလရှင်ပညာရေးကျောင်းရဲ့ ပဉ္စမအကြိမ် ဒုလ္လဘသီလရှင်ဝတ်ပွဲမှာပါ။

ဒီစုပေါင်းသီလရှင်ဝတ်ပွဲမှာအသက် ၇နှစ် ကနေ ၅၀ အတွင်းအမျိုးသမီးတွေ ပါဝင်ပါတယ်။ အများစုကတော့  ၇ နှစ်ကနေ ၁၂ နှစ် အရွယ်တွေပါ။ 

သီလရှင်ဝတ်သူ အများစုဟာ ရွှေပြည်သာမြို့နယ်က ပါဝင်သလို  ပဲခူး၊  တိုက်ကြီး၊  မှော်ဘီ၊ ရွှေကျင် စတဲ့မြို့နယ်များကနေလာကြတာလည်း ပါပါတယ်။

နှစ်စဉ်ပြုလုပ်တဲ့ ဒုလ္လဘပွဲအတွက် သီလရှင်ဝတ်စုံတွေကို ပွဲမတိုင်ခင်ကတည်းက လာရောက်လှူဒါန်းကြသူများ ရှိပါတယ်။ 
ပွဲကာလ  ၉ ရက် အတွင်းမှာလည်း အာရုဏ်ဆွမ်း၊  နေ့ဆွမ်းကို အလှူရှင်အသီးသီးက လှူဒါန်းခဲ့ကြပါတယ်။

“ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်မှာ သာသနာ့ဘောင်ကို သွင်းခွင့်ရတဲ့ ဒီလိုပွဲမှာ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်” လို့ အလှူရှင်တဦးက သူ့ရဲ့ပီတိကို ပြောပါတယ်။

သီလရှင်ဝတ်ဖို့ ရောက်လာသူ အများအပြား ရှိပေမယ့် ကန့်သတ်ထားတဲ့အရေအတွက်ထက် လျော့နည်းပါတယ်လို့ ကျောင်းထိုင်သီလရှင်က မိန့်ပါတယ်။

“အပါး ၅၀၀ လက်ခံတယ်ဆိုပေမဲ့ (သီလရှင်ဝတ်သူ အရေအတွက်) ၃၀၀ လောက်ပဲ ရှိပါတယ်။  ဒီလိုမျိုး သီလရှင်ဝတ်ပွဲပြု လုပ်ရတဲ့ အတွက် ဆရာလေးတို့အနေနဲ့လည်း အရမ်းဝမ်းသာသလို၊  အခုလိုဖြစ်မြှောက်အောင် နှစ်စဉ်လှူ ဒါန်းခဲ့ကြတဲ့ အလှူ ရှင်တွေနဲ့ ဒီနှစ်မှာ ပါဝင်လှူဒါန်းခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တယ်” လို့ ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

မြိုင်သီလရှင်ပညာရေးကျောင်းမှာ သီလရှင်ဝတ်နဲ့ ကျောင်းတက်နေတာ အပါး ၁၅၀ ရှိတယ်၊   ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေး ၆၀ ရှိတယ်၊
 မြိုင်သီလရှင်ကျောင်းမှာ လာရောက်ပြီး ပညာသင်ကြားတဲ့နေတဲ့ ကျောင်းသူကျောင်းသားစုစုပေါင်းက သူငယ်တန်းကနေသတ္တမတန်းအထိ လူဦးရေ (၆၅၈) ဦးရှိကြောင်း သိရပါတယ်။ 

ဒီကျောင်းလေး ပုံမှန် လည်ပတ်ဖို့အတွက် ပြည်တွင်းကစေတနာရှင်တွေရဲ့ ကူညီလှူဒါန်းမှုတွေကို အားထားနေရတဲ့ အကြောင်း ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

  မြိုင်သီလရှင်စာသင်တိုက်နဲ့သီလရှင်ပညာရေးကျောင်းကို လှူဒါန်းချင်တယ်ဆိုရင် ဖုန်း ၀၉ ၇၃၀၆ ၂၈၁၇ ကို ဆက်သွယ်နိုင်ပါတယ်။

ရွက်စိမ်း ~
  













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved