ပြည်သူတွေ ပြင်ပြင် ရှင်ဘုရင်တွေ ပြောင်းပြောင်း

Wednesday, March 13, 2013

ပြည်သူတွေ ပြင်ပြင်၊ ရှင်ဘုရင်တွေ ပြောင်းပြောင်း (ဟံသာဝတီ ဦးဝင်းတင်) 


နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ 

သတင်းက ဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့ သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တဲ့ စကားဗျ။ 

ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍ ကို လျော့ချသွားတော့မယ် ဆိုပါကလား။ 

သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ 

ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာ လုပ်တာ များလားဗျာ။ 

` ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော် က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ 

တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိ စွာ လျော့ချနိုင်မှာပါတဲ့။ သမ္မတကြီးက အခြေခံ ဥပဒေကြီးပြောင်းဖို့တော့ အတော်ပြောတဲ့လူဗျာ။ 

ပြည်သူ့လွှတ်တော်ကြီးကို သဝဏ်လွှာတစ်စောင် ပေးပို့ဖူးတယ်။ လွှတ်တော်ဟာ လွတ်လပ်တဲ့ အဖွဲ့စည်း ပဲတဲ့။ အခြေခံဥပဒေကို ပြင်ပါလားတဲ့။ 

အဲဒီတုန်းက သူပြောတာက လွှတ်တော်ကြီး အခြေခံဥပဒေ ပြင်ပေါ့ဗျာတဲ့။ ဖင်လန်မှာပြောတဲ့ စကား မှာ 
တော့ အခြေခံ ဥပဒေပြင်ရေး မပါရေးချ မပါဗျ။ 

အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။ အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ရယ် လို့ ပြောင်း တတ်ပြီး ရေးသွင်းထားတာလေဗျာ။ 

ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကြီး ရေသွင်းထား တာလေဗျာ။ ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကြီးပြောတာကို ယုံတယ်။

ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှ ကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။ 

ယုံတယ်....မျှော်တယ်ဆိုတဲ့စကားတွေကိုပဲ ဂါထာမန္တန်ရွတ်သလို တတွတ်တွတ် ရွတ်နေမိတယ်။ ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငြီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။ 

သူမေးတာနဲ့ ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်- 
တောင်မျှော် လုပ်နေရတယ်လို့။ 

မင်းတို့ ဒီချုပ်ညီလာခံကြီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ် ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။ 

ဒီချုပ်ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ထုတ်ခဲ့တဲ့ကြေညာချက်ထဲက အခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးကလည်း အသံဟိန်းလာမှာပေါ့ကွလို့ ပြောတယ်။ 

ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကြီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံ 
ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေက အခုအချိန်လောက် ကတည်းက စ ကြရမှာပေါ့။ 

၂၀၁၅ လွန်အထိ ဘယ်စောင့်နေနိုင် လိမ့်မတုံး။ အခြေခံ ဥပေဒေပြင်ရေး လူထုရှင်းပွဲတွေ၊ ဟောပွဲတွေ၊ 
တောင်းပွဲတွေ ပေါင်းလန်အောင် လုပ်ကြရမှာပေါ့။ 

ဟုတ်တယ်ဗျ။ ဒီချုပ် ဗဟိုညီလာခံလိုမျိုးက အခြေခံဥပဒေပြင်ဆင်ရေး စီမံချက်တွေရေးဆွဲ၊ အောက်ခြေ ဒီချုပ်အဖွဲ့အစည်းတွေက လူထုကိုရှင်းလင်းနဲ့ပါတီ ပြည်သူ့ကြည်ဖြူ လက်တွဲကြမယ် ဆိုရင် ပြည်သူ့ လိုအင် ဆန္ဒကြီးအကောင်အထည်ပေါ်လာရမှာ မုချပေါ့ဗျာ။ ကျုပ်ကတော့ မေ့တေ့တေ့ပဲ။ 

ဟိုစကားပုံ ကြားဖူးရဲ့မဟုတ်လား။ 

ဘာတဲ့။ ပြည်သူပြင်ရင် အာဏာရှင်ပြောင်းဆိုတဲ့ စကားလေ။ 

ကိုင်း.....ကိုင်း.....သံပြိုင်ဟစ်လိုက်ကြစမ်း။ 


ပြည်သူတွေ ပြင်ပြင် 

ရှင်ဘုရင်တွေ ပြောင်းပြောင်း 

ကဲ....နောက်တစ်ကျော့.....။ 

ပြည်သူတွေ ပြင်ပြင် 

ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။ 

ဟံသာဝတီ ဦးဝင်းတင် 

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၁၀)။ ။

3 comments :

  1. AT said... :

    ရှင်ဘုရင်တွေလည်း ပြောင်းဖို့ မဖြစ်နိုင်သေးတာမို့ ပြည်သူတွေလည်း မပြင်ကြပါနဲ့။ ဖြေးဖြေးပေါ့။ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဖြေးဖြေး တည်ဆောက်ကြပါစို့။ ဆန္ဒစောရင် ဒုတ်စာ မိသွားမယ်။

  1. Anonymous said... :

    U win Tin ,you must go to hell

  1. Anonymous said... :

    ရှင်ဘုရင် ပြောင်းသင့်နေတာ ကြာပီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved