လက်ပံတောင်းအရေး အငြင်းပွားဖွယ်ကာလ နဲ့ သမ္မတရဲ့ ပြည်ပခရီး

Thursday, March 14, 2013

လက်ပံတောင်းအစီရင်ခံစာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့၊ မကျေနပ်မှုတွေ ပေါ်ပေါက်နေတဲ့ ကာလမှာ သမ္မတဦးသိန်းစိန် ပြည်ပကို ထွက်ခွာသွားပါတယ်။
ဒါဟာ ပြဿနာကို ရှောင်ထွက်သွားတာပဲ လို့ ဝေဖန်ချက်တချို့ ပေါ်ထွက်နေပါတယ်။


       သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြည်ပခရီး ထပ်မံ ထွက်ခွာစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဒီလိုအခြေအနေမှာ သမ္မတရုံးဆီက ထုတ်ပြန်ချက်တခု အခုလေးတင် ထွက်ပေါ်လာပါတယ်။

ကြိုတင်ညှိနှိုင်းထားတဲ့၊ နှစ်ဖက် ခေါင်းဆောင်များ အားလပ် အဆင်ပြေနိုင်တဲ့ နေ့ရက်များအတိုင်း သွားရောက်ရတာ ဖြစ်တယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းဒေသ ခရီးစဉ်အတွက်လည်း အရေးကြီးတဲ့လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးဖို့ ဦးသိန်းစိန် ကိုယ်တိုင် စိတ်ပူပန်စွာ ညွှန်ကြားထားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အပြည့်အစုံကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

 နိုင်ငံတော်သမ္မတကြီး၏ နယူးဇီလန်-သြစတြေးလျခရီးစဉ်
================================

ယခု ခရီးစဉ်နှင့်စပ်လျဉ်း၍ အနည်းငယ် ရှင်းလင်းခွင့် ပြုစေလိုပါသည်။

မူလကလည်း ယင်း(၂)နိုင်ငံခရီးစဉ်ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ နေ့ရက်အချိန် နှစ်ဖက်သဘောတူ သတ်မှတ်ခဲ့ပြီးမှ လက်ပံတောင်း ကိစ္စ ဖြစ်ပေါ်လာ၍ ယင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ဖြစ်ပါသည်။

ထိုသို့ ဖျက်သိမ်းပြီးနောက် ယခုနေ့ရက်ကို နှစ်ဦးနှစ်ဖက် ထပ်မံညှိနှိုင်းခဲ့ရခြင်း ဖြစ်ပါသည်။
နိုင်ငံ့ခေါင်းဆောင်များ၏ Official Visit ဟူသည်မှာ နှစ်ဖက် ခေါင်းဆောင်များ အားလပ်သည့်အချိန်၊ အဆင်ပြေနိုင်မည့် နေ့ရက်များကို ကြိုတင်ညှိနှိုင်းရသည့် အနေအထား ရှိပါသည်။

နှစ်ဦးနှစ်ဖက် သဘောတူလက်ခံပြီးမှ ပယ်ဖျက်ရသော အခြေအနေမှာ တစ်ကြိမ်တစ်ခါ ဆိုလျှင် မပြောသာသော်လည်း (၂)ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပါက International Relation တွင် နှစ်ဖက် Diplomacy အရ ထောက်ထားရသည်များ ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်အစီရင်ခံစာတင်သွင်းခဲ့ပြီး နောက် ကိုယ်တိုင်သွားရောက်မည်ကို သိရှိသောအခါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောကြားချက်များကို ခေါင်းဆောင်(၂)ဦး အသိဆုံးဖြစ်ပါသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် အရေးကြီးလှသော လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရန် သမ္မတကြီးကိုယ်တိုင် စိတ်ပူပန်စွာ ညွှန်ကြားထားခဲ့ခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် ဖြစ်ပေါ်နေသော အခြေ အနေများအရ မည်သို့ ခံစားချက်များ ဖြစ်ပေါ်နေသည်ကိုလည်း ထပ်တူ နားလည်ပါသည်။
ထို့ကြောင့်လည်း ဤသို့ ရှင်းလင်းရခြင်း ဖြစ်ကြောင်း နားလည်စေလိုပါသည်။

အားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါသည်။
 

2 comments :

  1. sour grain said... :

    Doe ma yone boo. La kha lal tet! Phone zay lal cha! Daw Su a khet, USDP a kwet?

  1. Anonymous said... :

    အမှန်ပါပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved