"လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး"

Saturday, March 30, 2013





 ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရခေါင်းဆောင် ဖြစ်သည်။

မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ၊ မူးယစ်ဆေးဝါး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတို့ကို မေးမြန်းထားသည်။
 
မေး ။ ။ 
ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။    ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သွားကြနိုင်မယ်လို့ ယုံကြည်လို့ လာတက်တာပါ။

မေး။  ။  ဒီပွဲ မတိုင်မီ ရှေ့တရက်ကလည်း ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။

ဖြေ။     ။  ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး  ပြောခဲ့တယ်၊ ပြေလည်ပါတယ်။

မေး။  ။  အစိုးရနဲ့  ငြိမ်းချမ်းရေးသဘောတူချက် တခုက  လက်နက် စွန့်၊ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ပေါ့ဗျာ..၊ အဲဒါကို ဘယ်လိုသဘောရပါသလဲ။ 

 ဖြေ။   ။ လက်နက်စွန့်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
 နိုင်ငံရေးပါတီ ထူထောင်ပြီး လုပ် ဆိုတာ  လွှတ်တော်ထဲမှာ နိုင်ငံရေး လုပ်ဖို့ဖြစ်တယ်၊ ဒီအတွက်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်၊ မိုးထဲလေထဲ   နာဂစ်မုန်တိုင်း ကာလမှာ ပေါ်လာတဲ့ ဖွဲ့စည်းပုံ၊ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ၊ အဲသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ လက်မခံဘူး။ 
 ဒီအခြေအနေမှာ လွှတ်တော် သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ 

အပစ်အခတ် ဆိုတာလည်း နိုင်ငံရေး ပြဿနာ တရပ်ပါ၊ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်၊  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမယ်။ ဒီနေရာမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့  အစားထိုးမှသာလျှင် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မယ်

မေး။  ။  ဘိန်းထုတ်လုပ်မှုမှာလည်း ကျနော်တို့ နိုင်ငံဟာ သည်နှစ်အတွက် မလျော့သွားဘဲ ထပ်တိုးနေတယ် လို့ ပြောနေကြတယ်။

ဖြေ။   ။ တည်မြဲတဲ့ အစိုးရ တရပ် မတည်ထောင်နိုင်ဘူး ဆိုရင် ကျနော်ထင်တယ် ဘိန်းကတော့ ပပျောက်မှာ မဟုတ်ဘူး။  
ဘိန်းကတော့ နှစ်ပေါင်း ရာချီ ရှိခဲ့တဲ့ပြဿနာပါ၊ အင်္ဂလိပ်ခေတ် ကတည်းက ရှိခဲ့တာပဲ၊ အထူးသဖြင့် ရှမ်းပြည်နယ်မှာပေါ့၊ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရခဲ့ဘူး၊ နယ်မြေက မအေးချမ်းဘူး။

မေး ။  ။ ငြိမ်းချမ်းရေး ရဖို့ ဘာ အဓိကလိုမလဲ။

ဖြေ။   ။ အခု လားရှိုးမှာ လုပ်နေတဲ့ ပွဲလိုပေါ့၊ တဦးနဲ့ တဦး ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်၊ အပေး အယူတော့ ရှိရမှာပေါ့...၊
ဗိုလ်ချုပ်အောင်ဆန်းပြောဖူးခဲ့တယ်လေ.... ခင်ဗျားတို့ ရှမ်းတွေက တိုင်းရင်းသားတွေ တဲ့။ အင်္ဂလိပ်ကျွန် မဖြစ်စေရသလို၊  ဗမာကျွန်လည်း မဖြစ်စေရဘူးဆိုတာကိုလေ..။
ဗိုလ်ချုပ်အောင်ဆန်းသေတော့ နောက်ပိုင်း ကျနော်တို့လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့က အချိန်ယူရမယ်။

ဓာတ်ပုံ -
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved