ရှစ်ထပ်ခွဲ နဲ့ ကိုးထပ် ပြဿနာ

Tuesday, March 12, 2013

 ရန်ကုန် တန်ဖိုးနည်းအိမ်ယာ အထပ်မြင့်တိုက်ခန်းများ တည်ဆောက်ပါက စည်ပင်သာယာဌာနက ၈ ထပ်ခွဲအထိ ဆောက်လုပ်ခွင့်ပြုသည်ဟု ဆိုသည်။ 

  ရန်ကုန်မြို့အထပ်မြင့်တိုက်ခန်းတခုတွင် တွေ့ရသော အမျိုးသမီးငယ်တဦး (ဓာတ်ပုံ - ဧရာဝတီ)

ထိုသို့ ကန့်သတ်ထားသော်လည်း ၉ ထပ် တိုက် အများအပြား ဆောက်လုပ်ခဲ့ကြပြီးဖြစ်သည်။ 

၉ ထပ် ဆောက် ခွင့်ရရန် ဆောင်ရွက်သည့် နည်းလမ်းက လုပ်ငန်းရှင်များထံတွင် ရှိနေသည်။ ပထမဆုံး ၈ ထပ်တိုက် ဆောက်မည်ဟု လျှောက်လွှာတင်သည်။ 

ထို့နောက် ၉ ထပ် ဆောက်သည်။ ၁ ထပ် တိုးချဲ့ဆောက်ခွင့်ကို နောက်မှ တောင်းသည်။ ထိုနည်းဖြင့် ၉ ထပ် တိုက်များ ဖြစ်လာသည်။ 

ယခု စည်ပင်၏ စည်းကမ်းချက် အပြောင်းအလဲကြောင့် ၉ ထပ် ဆောက်ခွင့် မရတော့ဟု ဆိုသည်။

 ဆောက်ပြီးပါကလည်း အပေါ်ဆုံးအလွှာကို နေထိုင်ခွင့် မချပေးတော့ဟု ဆိုသည်။ 

“စ ဆောက်တုန်းက ၈ ထပ်နဲ့ တင်လိုက်တယ်။ extension က တထပ်တောင်းတယ်။ အရင်က အဲ့ဒီလိုပဲ လုပ်ကြတာပါပဲ။ ခုမရတော့ဘူး ဆိုပြီး ပြဿနာဖြစ်တာပါ” ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။ 

 တော်ဝင်ကုမ္ပဏီ၏ မုဒိတာ တန်ဖိုးနည်းအိမ်ယာသည် စည်ပင်က သတ်မှတ်ထားသော စည်းကမ်းနှင့် မညီမှုကြောင့် ၉ လွှာ တိုက်ခန်း ၀ယ်ယူထားသူများ နေထိုင်ခွင့်မခဲ့ပေ။ 

ရှစ်ထပ်ခွဲ နဲ့ ကိုးထပ် ပြဿနာကြောင့် လုပ်ငန်းရှင်များ အခက်တွေ့သကဲ့သို့ အပေါ်ဆုံးအလွှာ ၀ယ်ယူ ရန် ငွေသွင်းထားသူများလည်း အခက်တွေ့နေကြသည်။ 

ထို့ကြောင့် တန်ဖိုးနည်းအိမ်ယာ အိမ်ခန်း မ၀ယ်ယူမီ စည်းကမ်းချက်များကို ကြည့်ရှုလေ့လာသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က အကြုံပြုသည်။ 

 “စည်ပင်မြေမှာဆောက်လို့ ကုမ္ပဏီနဲ့ စည်ပင်နဲ့ ချုပ်ထားတဲ့ စာချုပ်က စည်းကမ်းတွေကို ကြည့်ပြီးမှ ၀ယ်သင့်တယ်။ ၀ယ်ဖို့ စာချုပ် ချုပ်တဲ့အခါမှာလည်းစည်ပင်ကို သက်သေအဖြစ် လက်မှတ် ထိုးခိုင်းလို့ရ တယ်” ဟု ဦးမြင့်သွင်က ဆိုသည်။ 

တော်ဝင်က ငွေကြိုတင်ပေးထားသူတို့ကို ငွေပြန်အမ်းသည်ဟု သိရသည်။ 

 “၉ ထပ် ၀ယ်ထားတဲ့သူ အားလုံး မရတာပါ။ ပိုက်ဆံ ပြန်ပေးပါတယ်။ နစ်နာကြေးလည်း ပေးပါတယ်။ အခန်း လိုချင်တယ် ဆိုလည်း မုဒိတာ၂ မှာ အခန်းအစားပေးတယ်” ဟု တော်ဝင်ဥက္ကဋ္ဌ ဦးကိုကိုထွေးက ရှင်းပြသည်။ 

ထိုသို့ ၉ လွှာ တိုက်ခန်းကို ၀ယ်ယူထားသူ ၈၄ ယောက် ရှိကြောင်း၊ အယောက် ၈၀ ကို ကျေနပ်အောင် ဖြေ ရှင်းပေးခဲ့ပြီး ဖြစ်ကြောင်း ဦးကိုကိုထွေး၏ ပြောကြားချက်အရ သိရသည်။ 

၉ လွှာ ၀ယ်ယူရန် ငွေသွင်းခဲ့သူတဦးမှာ ဦးနေလင်း ဖြစ်သည်။ သူက အရစ်ကျငွေပေးချေမှုစနစ်ဖြင့် သိန်း တရာကျော် သွင်းခဲ့ကြောင်း၊ နစ်နာကြေးအပြင် ၂ နှစ်စာ ငွေသွင်းထားရသောကြောင့် ထို ၂ နှစ်စာ အတွက် ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်ကိုပါ ရလိုကြောင်း ပြောသည်။ 

“သူတို့ဘက်က နစ်နာကြေးကို ဘဏ်တိုးနဲ့ ပေးထားတယ်လို့ ပြောတယ်။ ဘဏ်တိုး လိုချင်ရင်ဘဏ်မှာ သွားထားမှာပေါ့။ အခန်းအစားပေးတယ် ဆိုတာကလည်း ကျနော်တို့ လိုချင်တဲ့နေရာမဟုတ်ပါဘူး” ဟုဦးနေလင်းကပြောသည်။ 

ရန်ကုန်တွင် တန်ဖိုးနည်းအိမ်ယာကို ပုဂ္ဂလိကကုမ္ပဏီများအပြင် အစိုးရကလည်း ဧရာဝဏ်၊ ရတနာ စသည့် အိမ်ရာစီမံကိန်းတို့ကို တည်ဆောက်လျက်ရှိသည်။ 

တန်ဖိုးနည်းအိမ်ယာသည် လူများစု လက်လှမ်းမီသော ဈေးနှုန်းများဖြစ်ရန် လိုအပ်နေသေးကြောင်း ဝေဖန်မှု များ လည်း ရှိနေသည်။ 

ချစ်ဆု ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved