ပြန်ဖွင့်တော့မယ် ဘုရားသုံးဆူ နယ်စပ်ဂိတ်

Wednesday, March 20, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာကြောင့် စီးပွားရေး တိုးတက်ဖို့ အလားအလာတွေ လည်း ရှိလာ နေပါတယ်။


 တိုင်းပြည်စီးပွားရေးတိုးတက်စေဖို့၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်းအရှိန်အဟုန်မြင့်မားလာနေချိန် မှာ ထိုင်း-မြန်မာနယ်စပ် ဒေသတခုဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်မှာ ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ဖို့အတွက် စီစဉ်နေတယ် လို့ ယနေ့ထုတ် မြန်မာအလင်းသတင်းစာက ဆိုပါတယ်။ 

 အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး တိုးတက်စေရေး၊ ၂ နိုင်ငံ အပြန်အလှန် ကုန်စည် စီးဆင်းမှုတွေ အရှိန် ပိုရစေရေးတွေအတွက် အခုလို ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်မှာလို့ ဆိုတယ်။ (ဒီဂိတ်ကို မြန်မာဘက်က ပိတ်ထားတာ ကြာပါပြီ။ "အရပ်သား"အစိုးရတက်ပြီး ၂ နှစ်အကြာမှာ ပြန်ဖွင့်ဖို့ ပြင်နေတာပါ)

အခုလို တိုးချဲ့ဖွင့်လှစ်လိုက်မယ်ဆိုရင် မွန်ပြည်နယ်ကတဆင့် မြန်မာ- ထိုင်း ၂ နိုင်ငံ ကုန်သွယ်မှုတွေ သာမက၊ ခရီးသွားလာရေးတွေအတွက်လည်း ချောမွေ့လာမှာဖြစ်ပါတယ်။ 

ဒီဂိတ်ဟာ နောက်ဆုံး ဖွင့်လှစ်မယ့် ထိုင်း-မြန်မာ ၂ နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းတွေထဲက တခု ဖြစ်လာမှာပါ။ ယခု လက်ရှိ တရားဝင် ဖွင့်လှစ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတော့ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်တို့ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏက ၂၀၁၂ ခုနှစ်မှာ ဆိုရင် အမေရိကန်  
ဒေါ်လာ ၄.၅၇၆ ဘီလျံလောက်ထိ ရှိတယ်လို့ မြန်မာ့အလင်းကဆိုပါတယ်။

 မြန်မာနိုင်ငံအနေနဲ့အိမ်နီးချင်း  နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၂ ခု ဖွင့်လှစ်ပြီးဖြစ် ပါတယ်။ တရုတ် နယ်စပ်မှာ ၄ ခု၊ ထိုင်းနယ်စပ်မှာ ၄ ခု၊ အိန္ဒိယနယ်စပ်မှာ ၂ ခု၊ ဘင်္ဂလားဒေ့ရှ်မှာ ၂ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။ 

အိမ့်သံစဉ် ~~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved