ဆီးဂိမ်းအတွက် ငွေဆောင်ကမ်းခြေမှာ ဘာတွေလုပ်နေသလဲ

Tuesday, March 26, 2013



ငွေဆောင်ကမ်းခြေမှာကျင်းပမယ့် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်  ငွေဆောင်ကမ်းခြေ ဘူးကွဲကြီးကျေးရွာမှာ အကောင်အထည်ဖော်နေတဲ့ ဒီစီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းများ တနှစ်ပြည့်မယ့် လာမယ့် မေလမှာ
ပြီးဆုံးဖို့ လျာထားသတ်မှတ်ထားကြောင်း စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းညိုက ဧရာဝတီကို ပြောပါတယ်။

“ဆီးဂိမ်းမှာ နိုင်ငံတကာက အားကစားသမားတွေ၊ အုပ်ချုပ်သူတွေလာကြမှာဆိုတော့ သူတို့တွေ အဆင့်မြင့်မြင့် တည်းခိုနိုင်ဖို့ ဟိုတယ်တွေရဲ့စံနှုန်းအတိုင်း အကောင်းဆုံး တည်ဆောက်ထားပါတယ်။
နိုင်ငံတကာပွဲလည်းဖြစ်တယ်၊ နိုင်ငံတော်ပွဲလည်း ဖြစ်နေတဲ့အတွက် အဆောက်အအုံတွေကို နိုင်ငံတကာအဆင့်မီ  လုပ်ဆောင်ထားပါတယ်” လို့ 
ဒေါ်သန်းသန်းညိုက ပြောပါတယ်။


စားသောက်ခန်း၊ အားကစားလေ့ကျင့်ခန်း၊ နားနေဆောင်၊ ထမင်းစားဆောင်၊ အစည်းအဝေးခန်းမ၊ လူနေအိပ်ခန်းတွဲများ၊ အင်တာနက်အသုံးပြုနိုင်မယ့်
မီဒီယာအခန်း စသဖြင့် လူပေါင်း ၂၀၀ ကျော် သက်တောင့်သက်သာ တည်းခိုနိုင်ဖို့ တည်ဆောက် ထားတယ်လို့ ဆိုပါတယ်။

၁ ထပ်ဆောင် - လုံး
၂ ထပ်ဆောင် - လုံး
ပင်မဆောင် - ဆောင်
အခန်းစုစုပေါင်း - ၇၀


ဆီးဂိမ်း ပြီးဆုံးသွားချိန်မှာ ဒီအဆောက်အအုံတွေကို  မြန်မာနိုင်ငံ ရွက်လှေအသင်းရဲ့ Boat Club (ရွက်လှေကလပ်) အဖြစ်  ဆက်လက် အသုံးပြုသွားမယ်လို့  သိရပါတယ်။

 အဆောက်အအုံနေရာတွေဟာ ပင်လယ်ကမ်းစပ်မို့လို့ ပင်လယ်လေ တဖြူးဖြူး တိုက်ခတ်နေပြီး အုန်းစိမ်းပင်တန်းတွေ၊ ဖြူလွှလွှသောင်ပြင်ကျယ်ကြီးနဲ့  ပင်လယ်ပြာကြီးအပြင် ငွေဆောင်ရဲ့  ချစ်သူများကျွန်းနဲ့ မနီးမဝေးမှာတည်ရှိတာကြောင့် “ကဗျာဆန်အောင် လှပတဲ့နေရာ” လို့တောင် တင်စားရလောက်အောင် သာယာလှပါတယ်။

 အာဆီယံနိုင်ငံတွေက လာရောက်ကြမယ့် ရွက်လှေအဖွဲ့တွေအနေနဲ့တော့ ဆီးဂိမ်း ပြိုင်ပွဲဝင်ရုံတင်မကဘဲ မြန်မာ့ကမ်းခြေ ငွေဆောင်အလှကိုပါ ရင်သပ်ရှုမော ခံစားကြရဖို့ ရှိနေပါတယ်။

 လက်ရှိမှာတော့ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာရွက်လှေအားကစားသမားတွေ ငွေဆောင်မှာ လာရောက် လေ့ကျင့်နေတာ ၄ ကြိမ်ရှိပြီ၊ တကြိမ်လေ့ကျင့်ရင် ၁ လခန့် ကြာမြင့်တယ်လို့ သိရပါတယ်။

 “ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ်ပင်လယ်ပြင်မှာ ယှဉ်ပြိုင်ရမှာမို့လို့ မြန်မာရွက်လှေအဖွဲ့ကို ရွှေတံဆိပ်ဆု ဆွတ်ခူးစေချင်ပါတယ်။ ဆီးဂိမ်းကျင်းပဖို့ အချိန် ၈ လကျော် ကျန်နေသေးတာမို့လို့ တကယ်ကြိုးစားပမ်းစား လေ့ကျင့်မယ်ဆိုရင် ရွှေတံဆိပ်ရနိုင်မယ်လို့ ထင်မိပါတယ်” လို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ရဲ့ နည်းပြဟောင်းတဦးက ပြောပါတယ်။


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကို လာမယ့် ဒီဇင်ဘာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါဟာ  မြန်မာနိုင်ငံက နှစ်ပေါင်း ၄၉ နှစ်အကြာမှာ အိမ်ရှင်အဖြစ် ပြန်လည် လက်ခံ ကျင်းပခဲ့တာပါ။

 ဆီးဂိမ်းကာလအတွင်း ရွက်လှေပြိုင်ပွဲလုပ်မယ့် ငွေဆောင်ကမ်းခြေမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ထူးထူးခြားခြား တိုးတက်လာနိုင်မလား?

 “ကျနော်တို့မြန်မာတွေက ဘောလုံးလောက်ပဲ အဓိက စိတ်ဝင်စားကြတာ ဆိုတော့ ငွေဆောင်မှာ ကျင်းပမယ့် ရွက်လှေပြိုင်ပွဲကို ပြည်တွင်းက လူတွေက တကူးတကနဲ့ လာပြီးအားပေးမယ်တော့ မထင်မိဘူးဗျ။
 ပြည်ပက ယှဉ်ပြိုင်သူတွေကလည်း နိုင်ငံတော်က စီစဉ်ပေးတဲ့နေရာမှာပဲ တည်းခိုကြမှာဆိုတော့ ဧည့်သည် ထူးထူးခြားခြား မြင့်တက်လာမယ်လို့ မထင်ပါဘူး” လို့  ငွေဆောင်ဟိုတယ်ဇုန် ကမ်းခြေလုပ်ငန်း ကော်မတီဥက္ကဌ ဦးသော်ဇင်ညွှန့်က ပြောပါတယ်။

 ငွေဆောင်ကမ်းခြေမှာ လက်ရှိလည်ပတ်နေတဲ့ ဟိုတယ် ၁၇ လုံး ရှိတယ်၊
နောက်ထပ်   ၅ လုံး ထပ်ဆောက်နေတာကြောင့် ခရီးသွားတွေ တိုးမြင့် ၀င်ရောက်လာရင်လည်း အခန်းတွေ လောက်ငှအောင် နေရာချထားပေးနိုင်ပါတယ်လို့  သူက ဆက်ပြောပါတယ်။

သန့်စင်ငြိမ်းချမ်း








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved