နော်ဝေ ရေအားလျှပ်စစ် သင်ခန်းစာမှသည် ......

Saturday, March 2, 2013


နော်ဝေနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေနိုင်ငံက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း 
ရေး အတွက်ပါ အလေးထား စဉ်းစား တည်ဆောက်လုပ်ကိုင်နေတဲ့ အော်စလို မြို့ မြောက်ဘက်က အက်စ်ကင်မ်မြို့ က Solbergfoss အမည်ရတဲ့ ရေအားလျှပ်စစ် စီမံကိန်းတခုကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။ 

နော်ဝေ ရေအားလျှစ်စစ် လုပ်ငန်းခွင် တခုကို သွားရောက်လေ့လာနေတဲ့ သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ

နှစ်ပေါင်း ၁၀၀ လောက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ နော်ဝေထံက 
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ သင်ခန်းစာတွေ ယူလိုတဲ့သဘော နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်
ပြထားပါတယ်။ 

နော်ဝေဟာ ကမ္ဘာ့ ပေါ်မှာ ရေအား လျှပ်စစ်ထုတ်လုပ်မှု ဆဋ္ဌမမြောက်အကြီးဆုံး လုပ်ကိုင်တဲ့ နိုင်ငံ လည်း ဖြစ်သလို ဥရောပတခွင်မှာလည်း အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ 

အဓိက အားဖြင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ရေအားလျှပ်စစ် ထုတ် လုပ်မှုကို  ဘယ်လို ဆောင်ရွက်နေတယ်ဆိုတဲ့ အတွေ့အကြုံတွေ နော်ဝေထံက ရယူနိုင်မှာဖြစ်ပါတယ်။ 

အဓိကအားဖြင့်တော့  မြန်မာနိုင်ငံမှာ တချိန်က စစ်အစိုးရများ လက်ထက်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်း စဉ်းစားမိခဲ့ပုံ မရတဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းများအပြင် အခြား တည်ဆောက်ဆဲ၊ တည်ဆောက်အံ့ ရေအား လျှပ်စစ် စီမံကိန်းတွေအတွက် အထောက်အကူ သင်ခန်းစာ 
တွေ များစွာ ရခဲ့မယ် ဆိုရင်တော့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း စတဲ့ နိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီး
တွေ ဆက်လက်ရှင်သန်ရေး အတွက် မျှော်လင့်ချက် တခုဖြစ်နေမလားပါပဲ။ 

မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး မလုံလောက်မှု၊ အမှောင်မှာနေသားကျလာပြီးဖြစ်တဲ့ နိုင်ငံသားတွေအတွက် အလင်းဆောင်စေမယ့် လျှစ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ သဘာဝ ပတ်ဝန်းကျင်၊ လူမှု ပတ်ဝန်းကျင်
တွေကို မထိခိုက်ပဲ  စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ နတ်၊ လူ သာဓု ခေါ်မယ့်ကိန်းဖြစ်ပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved