တောင်ကြီးက ၀င်းမေတ္တာ စက်သုံးဆီဆိုင် မီးလောင်

Friday, March 29, 2013

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အထွက် အရှေ့ဘက်ရှိ ၀င်းမေတ္တာ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်ကျွမ်းမှု တစ်ခု ယမန်နေ့ ညနေပိုင်းက  ဖြစ်ပွားခဲ့သည်။ 

 ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)

ဖြစ်ပွားပုံမှာ ၀င်းမေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင် ဆီလာရောက်ဖြည့်နေသည့် ဆီဘောက်ဆာကား အား ဓာတ်ဆီ ဖြည့်ပေးနေစဉ် ဆီဖြည့်ပိုက်များပူလာကြောင်း ၊ သည့်အတွက် မီးသတ်ဆေးဗူးပြေးယူနေစဉ် ဆီဘောက်ဆာကားတွင်ဆီဖြည့်နေသည့် ဆီပိုက်မှာ မီးထလောင်ကျွမ်းပြီး ၊ဆီဘောက်ဆာကားမှာ လည်း မောင်းပြေး သွားကြောင်း၊ ယင်းကားသွားရာ လမ်းတလျှောက်ရှိ အပင်များမှာလည်း မီးလောင် ကျွမ်းခဲ့ကြောင်း ၀င်းမေတ္တာ စက်သုံးဆီအရောင်းဆိုင်မှ လုပ်သား ကိုဟန်ဝင်းကျော် ကပြောသည်။ 


ယင်းနောက် ၀င်းမေတ္တာ ဆီဆိုင်နောက်ဘက်ရှိ ဆီပေပါများ၊ ဆက်စပ်ပစ္စည်းများပါမီးကူးစက်လောင် ကျွမ်းကာ၊ အရှေ့ဘက် ခြံကပ်လျက်တည်ရှိသည့် 103 စက်သုံးဆီ အရောင်းဆိုင်ရှိ ဆီပေပါများပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မျက်မြင် မြို့ခံများကပြောသည်။ 

 လောင်စာဆီများ ဖြစ်သည့်အတွက် မီးမှာ အရှိန်အဟုန်ဖြင့်လောင်ကျွမ်းနေကြောင်း၊ မြို့နယ် မီးသတ် တပ်ဖွဲ့မှလည်း အချိန်မီရောက်ရှိလာခြင်းကြောင့် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မီးညွန့်ကျိုးသွားကြောင်း၊ ၆း၃၀ မိနစ်တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲဝင်တစ်ဦးကပြောသည်။ 

မီးလောင်ကျွမ်းမှုဖြစ်သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ ပြည်နယ်ရဲတပ်ဖွဲ့မှုး၊ စည်ပင်ညွန်မှုး၊ အစရှိသူတို့ချက်ခြင်းလာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ကို တွေ့မြင်ရသည်။ 

ယင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးထုတ်ပြန်ချက်မှာ သိန်း(၆၀) ဟုသက်ဆိုင်ရာမီးသတ်ဦးစီးဌာနကထုတ်ပြန် ထားကြောင်း၊ ယင်းထက်မက များစွာပိုနိုင်ကြောင်း ဆီတပေပါမည်မျှတန်ဖိုးရှိသည်ကို လူတိုင်းတွက် ချက်ကြည့်နိုင်ကြောင်း၊ သိန်း(၆၀)မကကြောင်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း လုပ်ကိုင် နေသည့်ဆိုင် များ ကရှင်းလင်းပြောဆိုသည်။ 


 တောင်ကြီးမြို့၊ အမှတ်(၁) ရဲစခန်းက ၀င်းမေတ္တာ ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝင်းအား ၈၀/၂၀၁၃ ၊ ပြစ်မှု ပုဒ်မ/၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ တောင်ကြီးမြို့ အတွင်း တွင်လည်း တရား မ၀င် ရောင်းချနေသည့် စက်သုံးဆီဆိုင်ကြီးများရှိနေသေးကြောင်း၊ မီးဘေးအတွက် စိုးရိမ်ရကြောင်း မြို့ခံ များကပြောသည်။ 


ဂျွန်ချစ်ငြိမ်း(တောင်ကြီး)~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved