အုန်း ပန်းပု အနုပညာ

Sunday, March 10, 2013

 အုန်းသီးလေးကို ပိုက်ပြီး နွယ်ကြိုးပေါ် ပြေးတက်သွားတဲ့ မျောက်တကောင်ရဲ့ လှုပ်ရှားမှု ပုံသဏ္ဍန်ကို အုန်းသီးနဲ့ ထုလုပ်ထားတာပါ။ 

ဓာတ်ပုံ- အဲမလီ (ဧရာဝတီ) ~

သူ့ကို “မျောက်တက် “လို့ ခပ်လွယ်လွယ်ဘဲ မှည့်ခေါ်ထားပေမယ့် ၀ယ်ယူ အားပေးသူတွေ က 
တော့ မျောက် အုန်းသီးဖက် စီးပွားတက်လို့ ယုံကြည်လက်ခံထားပါတယ်။ 



အုန်းသီးနဲ့ လုပ်ထားတဲ့ တိရစ္ဆာန်မျိုးစုံတွေထဲက ဒီမျောက်တက်ပုံကို လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး လို့ ဆိုပါတယ်။ 

မြန်မာလူမျိုးတွေတင်မကဘဲ တရုတ် နဲ့ ကိုးရီယားကပါ ယူဝယ်အားပေးတယ်လို့ အုန်းသီး ပန်းပုထုလုပ်သူ ကိုအေးလွင်က ပြောပြပါတယ်။ 

ဒုတိယ အရောင်းရဆုံး ပုံကတော့ အုန်းသီးတလုံးတည်းနဲ့ ထုလုပ်ထားတဲ့ ဇီးကွက်နှစ်ကောင်ပါဘဲ။  
"ဇီးကွက် ၂ ကောင် လာဘ်ကိုဆောင်" လို့လည်း အတိတ်ကောင်း နိမိတ်ကောင်း ယူနိုင်တယ်လို့ ဆိုပါတယ်။ 



မြင်လိုက်ရင် ချစ်စရာကောင်းပြီး စိတ်ဝင်စားစရာဖြစ်နေတဲ့ ဒီလက်ရာတွေဟာ လက်တွေ့မှာ ရုပ်လုံးပေါ် လာ အောင် ထွင်းလုပ်ဖို့ မဆိုထားနဲ့ အုန်းခွံကို နွှာဖို့တောင် ခက်ခဲလွန်းတယ်လို့ အုန်းသီးပန်းပု လက်ရာကို စိတ်ဝင်းစားသူ တဦးက ပြောပြပါတယ်။ 

အုန်းသီးကနေ အကောင်မျိုးစုံကို ထုဆစ်ပုံပေါ်ထားပြီး တဖက်မှာ ပန်းအိုးအဖြစ်လည်း အသုံးပြုနိုင်သလို စားပွဲတင် နာရီအဖြစ်ပါ အသုံးပြုလို့ရအောင် ဖန်တီးပေးထားပါသေးတယ်။ 


ရောင်းတန်းဝင်တဲ့ သူ့ လက်ရာတွေကို ဗိုလ်ချုပ်ဈေးနဲ့ ရွှေတိဂုံဘုရား ဈေးတန်းတွေမှာ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ အုန်းသီးဈေးကိုဘဲ ကြည့်တဲ့ အရောင်းဆိုင်တွေက သူ့ရဲ့လက်ယာကို သတိမပြုဘဲ ဈေးကို မတရား နိမ်ပြီး ၀ယ်နေတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 

နှစ်ချို့နေတဲ့ အုန်းသီးခြောက်တွေကို တလုံး ၂၀၀နဲ့ ၀ယ်လို့ရပေမယ့် အုန်းသီးကနေ သတ္တ၀ါလေး တကောင် ဖြစ်လာအောင် ပြောင်းလဲပေးတဲ့ သူ့ရဲ့ လက်မှုပညာကိုလည်းလဲ တန်ဖိုးထားပေးဖို့ ပြော ပါတယ်။ 

ဒီအရုပ်လေးတွေကို ဆိုဒ်ကြီး ဆိုဒ်ငယ်ပေါ် မူတည်ပြီး ကျပ်ငွေ ၁၅၀၀ ၊ ၂၀၀၀ ၊ ၂၅၀၀ နဲ့ ဈေးဖြတ်ခံရပေ မယ့် ဆိုင်ပေါ်ရောက်သွားရင်တော့ ၅၀၀၀ ကနေ ၁၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ ကိုအေးလွင် က ပြောပြပါတယ်။ 



ဝယ်သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ပုံကို စိတ်တိုင်းကျ မှာယူနိုင်ပါတယ်တဲ့။ အရင်ကတော့ ရပ်ကွက် ၊ လမ်းတွေထဲ လှည့်လည်ပြီးရောင်းချပေမယ့် လောလောဆယ်တော့ ဆိုင်တွေမှာ ပစ္စည်းပျက်လို့ ပုံမှန်ပြန် သွင်းနိုင်အောင် အိမ်မှာဘဲ လုပ်နေပါတယ်လို့ ဆိုပါတယ်။ 



အသုံးမ၀င်တော့ဘူးလို့ ထင်ထားတဲ့ အုန်းသီး ခြောက်တွေကို စိတ်ဝင်စားစရာကောင်းအောင် တော ရိုင်း တိရိစ္ဆာန် အကောင်လေးတွေရဲ့ ဟန် ၊ မာန် တွေထည့်ပြီး ပီပြင်ပေါ်လွင်အောင် ထုဆစ်နိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှု ကို သိနိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။ 



သူ့လို လက်မှုပညာ ပါရမီရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေဦးမှာပါ။

 နိုင်ငံတော်အနေနဲ့ ဒီလို လက်မှုပညာရှင်လေးတွေကို ရွေးထုတ်ပြီး တနှစ်တခါ ပြိုင်ပွဲလေးတွေ ကျင်းပပေးမယ်ဆိုရင် သူတို့ရဲ့ အရည်အချင်း ပညာတွေကို ကမ္ဘာကမှာ အသိအမှတ် ပြုမိစေမယ်လို့ ကိုအေးလွင်က ဖွင့်ဟ ပါတယ်။ 

ကိုအေးလွင်ရဲ့ လိပ်စာကတော့- ဂျိုကာ မှတ်တိုင် ၊ ထ / ၁၆ ရပ်ကွက် ၊ အောင်မေတ္တာလမ်း ၊ ရွှေပြည်သာ 


အဲမလီ ~ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved