လူ့အခွင့်အရေး နှင့်ပတ်သက်သည့် ပညာပေးမှုကို တရားဝင်
သင်ရိုးညွန်းတမ်း ပြဋ္ဌာန်း သင်ကြား နိုင်ရန် ကြိုးစားနေသည် ဟု သိရသည်။
လူ့အခွင့်အရေးကို ကလေးများမှအစ သိစေရန် ပညာရေး ကဏ္ဍတွင်
သင်ရိုးညွန်တမ်း ရေး ဆွဲနေကြောင်း၊ အတန်းပညာအလိုက် လူအခွင့်အရေးကို
သိလာအောင် သင်ကြားပေးသွား မည်ဖြစ် ပြီး မြန်မာ ပြည်သူများ လူ့အခွင့်အရေး ကို
လွယ်ကူ သိစေလိုသည့် စိတ်ဖြင့် လူ့အခွင့်အရေး လက်စွဲ ဆိုသည့်စာအုပ်ကို
မဇ္ဈိမ မီဒီယာစာပေက ထုတ်ဝေသွားမည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာ)
မှ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ပြောသည်။
“လူ့အခွင့်အရေး ဆိုတဲ့ပညာတွေ လူမှုသိပ္ပံတို့က ပညာရေးကဏ္ဍမှာ မသင်လို့မရတဲ့ ဘာသာရပ်တွေပါ။ သင်ရင်လည်း အတန်းပညာ အသက်အရွယ်အလိုက် သင်ရိုးညွန်တမ်းတွေ ခွဲသင်သွားမှာပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ NLD ပါတီ ရေးဆွဲနေတဲ့မြန်မာ ပညာရေးမူဝါဒ အဖွဲ့နဲ့ လုပ်နေပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ပညာရေးတွင် သင်ကြားမည်ဆိုပါက မူလတန်းတွင် လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ် နှင့်မဟုတ်ဘဲ သဘောတရားကို ကလေးများ နားလည်သည့်ပုံစံ၊ အလယ်တန်းနှင့် အထက်တန်းတွင်လည်း အခြေခံ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းများကို ကလေးများ သဘောပေါက်ပြီး၊ ပြည်သူထဲတွင်ဖြစ်နေသည့် လူ့အခွင့်အရေး ရှုထောင့်မှ မြင်လာစေရန်၊ တက္ကသိုလ်တွင်လည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းများ စသဖြင့် ကဏ္ဍ အလိုက် ဆွေးနွေးတက်ရန် သင်ကြားပေးသွား မည်ဟု ၎င်းကဆိုသည်။
မဇ္ဈိမ မီဒီယာ စာပေမှ ထုတ်ဝေသူ ဦးစိုးမြင့်က “မဝေးတော့တဲ့ကာလမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သင်ရိုးညွန်းတမ်းတွေ မှာ ပါဝင်သင်ကြားမယ့်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်က ကျနော်တို့ မဇ္ဈိမ မီဒီယာစာပေကနေ ပထမဆုံး ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ဂုဏ်ယူ ၀မ်းမြောက်စွာ ထုတ်ခွင့်ရတဲ့အတွက် ၀မ်သာတယ်” ဟု လူ့အခွင့်အရေးလက်စွဲ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားတွင်ပြောသည်။
လက်ရှိအခြေအနေအရ တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနေကြောင်း၊ လယ်ယာ မြေသိမ်း ဆည်းခံရမှုများလည်း လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း၊ ဥပဒေပိုင်းတွင်လည်း မလိုအပ်ရင် မလိုအပ်သကဲ့သို့ အရေးယူဆောင်ရွက် မှုအပိုင်းကိစ္စများသည် လူ့အခွင့်အရေးအပိုင်းအတွက် စိုးရိမ် စရာ အချက်ဖြစ်နေသည်ဟု သိရသည်။
“တိုင်းရင်းသားတွေအတွက် ဘာသာ စကားနဲ့ထွက်ဖို့ရှိပါတယ်။ သူတို့ကြားမှာ သူတို့ဘာသာစကားနဲ့ ဖြန့်နိုင်ရင် ပိုကောင်းတာပေါ့။ လက်ရှိမြန်မာအခြေအနေကလည်း လူ့အခွင့်အရေး အပြည့်အ၀မရသေးဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံပြည်သူများသည့် လက်ရှိအချိန်ထိ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အကြောင်းကို မသိသေးကြောင်း၊ မသိရှိမှုကြောင့်လည်း ချိုးဖောက်မှုကို နည်းမျိုးစုံ ခံနေရသည်။
ထို့ကြောင့် လူ့အခွင့် အရေး ကို ကလေးငယ်များမှအစ သိရှိစေရန် အတွက် ပညာရေး ကဏ္ဍတွင် ထည့်တွင်း သင်ကြားမည် ဆိုပါက အလွန်ကောင်းမည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
“ပြီးတော့ ကျနော် အခုထွက်တဲ့ စာအုပ်မှာလည်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ အများကြီးရေးထားပါတယ်။ နောက်ထပ်လည်း လူ့အခွင့်အရေး စကားလုံးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရ တဲ့ သူတွေနဲ့ အမေးအဖြေတွေ၊ နောက် ၂၅ နှစ် ဖြတ်သန်းလာတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူရဲ့ အတွေ့ အကြုံ ကိုလည်း ရေးသားထုတ်ဝေအုံးမှာပါ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ပုံကို www.agrunion.com ကနေ ယူပါတယ်။
နန်းဆိုင်နွမ် ~

0 comments :
Post a Comment