နွေကျောင်းပိတ်ရက်မှာ ကလေးတွေကို ဘယ်ပို့မလဲ

Sunday, March 24, 2013




 နွေရာသီရောက်ပြီဆိုတာနဲ့ကျောင်းပိတ်ရက်သင်တန်းတွေ အပြိုင်အဆိုင် ထွက်ပေါ်လာပါပြီ။
ကျောင်းသားတွေကိုပစ်မှတ်ထားပြီး နွေရာသီသင်တန်းတွေကို ဖွင့်ကြတာဖြစ်ပါတယ်။
ဘာသာစကားသင်တန်းတွေမှာဆို အင်္ဂလိပ်နဲ့တရုတ်စာသင်တန်းတွေက အများဆုံးပါ။
နည်းပညာနဲ့ပတ်သက်တဲ့သင်တန်းမှာ အများဆုံး တွေ့ရမှာကတော့ ကွန်ပြူတာ အခြေခံသင်တန်း ဖြစ်ပါလိမ့်မယ်။ 

ကလေးတွေအတွက် နွေရာသီကွန်ပြူတာသင်တန်းဈေးနူန်းတွေက ၂ဝ,ဝဝဝ ကနေ ၄ဝ,ဝဝဝ ဝန်းကျင်ရှိပါတယ်။
သင်တန်းရက်တွေကတပတ်ကို ၂ရက်(စနေ၊ တနင်္ဂနွေ)နဲ့ကြားရက် တွေမှာ ဆို ၃ရက်လောက် သင်တန်းရက်သတ်မှတ်ပြီး သ့င်ကြားကြပါတယ်။




ကလေးတွေအတွက်ဘာသာစကားသင်တန်းကို မတ်လ၁၁ရက်နေ့ကစပြီး Success Language Academy က ဖွင့်လှစ်သင်ကြားနေပါတယ်။
တပတ်(၄)ရက်သင်ကြားပြီး သင်တန်းကြေးကတော့နာမည်ကြီး သင်တန်းဖြစ်တာကြောင့် ၅ဝ,ဝဝဝ ရှိပါတယ်။

“သင်တန်းတွေတော့ လူငယ်တွေတက်နေကြတာပဲ၊ ကျောင်းပိတ်ရက်အချိန်ကုန်ရုံတက်တာ ဆိုရင်တော့အကျိုးရှိမှာ မဟုတ်ဘူး၊
တချိုမိဘတွေကလည်း သူတို့ကလေးတွေကို နွေရာသီသင်တန်း ဘာဖြစ်ဖြစ် ထားလိုက်ကြတာပဲ။
တကယ်က ကိုယ့်ကလေး ဘာလုပ်ချင်တယ်ဆိုတာကို သိပြီး နွေရာသီကျောင်း ပိတ်ရက်မှာ လေ့လာနိုင်အောင် လုပ်ပေးတာ ပိုကောင်းတယ်။ 
အခုခေတ်ကလေးတွေရဲ့အချိန်တွေက သင်တန်းတွေ ကျူ ရှင်တွေနဲ့ပဲ အချိန်ကုန်နေရတာများတယ်။
ကလေးတွေကို ပိုပြီးလွတ်လပ်တဲ့ အချိန်လေးတခုတော့ နွေရာသီကျောင်းပိတ်ရက်မှာ ဖန်တီးပေးသင့်တယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။   
ရန်ကုန်နဲ့ အလှမ်းဝေးတဲ့မြို့များမှာ သင်တန်း နည်းနေသေးတယ်။
 နွေကျောင်းပိတ်ရက်မှာ မိသားစုလုပ်ငန်းမှာ ဝိုင်းကူပေးနေရတဲ့ ကလေးတွေလည်း ရှိနေပါတယ်။
အခမဲ့သင်တန်းတချို့ ရှိပေမဲ့လည်း အဲဒီလိုမျိုး ကလေးတွေက သင်တန်းတက်နိုင်တဲ့အခြေအနေ မရှိပါဘူး။

ရန်ကုန်မြို့မှာကတော့ ရွေးချယ်စရာ  သင်တန်းတွေ ရှိနေပါတယ်။
နွေရာသီကျောင်းပိတ်ရက်တွေမှာဆို သင်တန်းတွေက ပိုလို့တောင်စုံပါသေးတယ်။

အနုပညာနဲ့ပတ်သက်ပြီး အခမဲ့ ကလေးပန်းချီသင်တန်းကို ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမှာရှိတဲ့ New Zero သင်တန်းမှာ  မတ်၊ ဧပြီ၊ မေ၊ သုံးလ သင်ကြားပေးနေပါတယ်။


အဲဒီအခမဲ့ ပန်းချီ သင်တန်း ကိုဒီနှစ်မှာ ဂျပန် နိုင်ငံသားတဦးကလည်း ထောက်ပံ့ပါတယ်၊
New Zero ပန်းချီသင်တန်းမှာ ကလေး ၇ဝ လောက် တက်ရောက်နေပါတယ်၊
New Zero က ပန်းချီဆရာတွေ ဦးစီးပြီးတော့ မြောက်ဒဂုံမှာရှိတဲ့ Garden House မိဘမဲ့ကလေးကျောင်းမှာလည်း တပြိုင်တည်း သင်ကြား ပေး တာ ဖြစ်တယ်။ 

“အခုလိုအခမဲ့သင်တန်းတွေကို ပြုလုပ်လာတာ (၄) နှစ်ရှိပြီ။ ကလေးတွေကို သင်တဲ့ပုံစံကတော့ သူတို့နဲ့ဆော့ကစားရင်းနဲ့သင်သွားတာပါ။ 
အရင်နှစ်က သင်တန်းက ကလေးတွေကို ပြန်တွေ့တော့ သူတို့မှာ ထူးခြားလာတာက အရောင်တွေကို ပိုပြီး ချစ်မြတ်နိုးလာတာရယ်၊
ပန်းချီဆွဲရတာကို နှစ်သက်လာတာမျိုးတွေ့ရတယ်။ ဒါသင်တန်းကနေတွေ့ရတဲ့ကလေး တွေ ရဲ့ပြောင်းလဲမှုပဲ” လို့ သင်တန်းနည်းပြတဦးဖြစ်တဲ့ ပန်းချီဆရာမ နော်ရာက ပြောပါတယ် ။

ရွက်စိမ်း ~




 
ဧရာဝတီ Facebook / ဧရာဝတီ Twitter

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved