NLD ဗဟိုအလုပ်အမှုဆောင်သစ် စာရင်း နဲ့ ဥက္ကဋ္ဌသစ်ရဲ့ မိန့်ခွန်း

Sunday, March 10, 2013

  
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချပ် NLD ပါတီ ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ်လ ၈၊ ၉၊ ၁၀ ရက် နေ့တို့မှာ ကျင်းပခဲ့ရာ ယနေ့ မတ်လ ၁၀ နေ့မှာ ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးနဲ့ အရံ ဗဟို အလုပ်အမှုဆောင် ၅ ဦးတို့ကို ရွေးချယ်ခဲ့ကြပါတယ်။
 ဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ 

၁။ ဒေါ်အောင်ဆန်းစုကြည် ( ဥက္ကဋ္ဌ )
၂။ ဦးဥာဏ်ဝင်း
၃။ ဦးဟံသာမြင့်
၎။ ဦးအုန်းကြိုင်

၅။ ဦးဝင်းမြင့်
၆။ ဦးထွန်းထွန်းဟိန်
၇။ ဒေါက်တာမေ၀င်းမြင့်
၈။ ဦးဝင်းထိန်

၉။ ဒေါက်တာ ဇော်မြင့်မောင်
၁၀။ ဒေါက်တာ အောင်မိုးညို
၁၁။ ဒေါ်ခင်ဌေးကြွယ်
၁၂။ နန်းခင်ထွေးမြင့်

၁၃။ ဦးကျော်ခင်
၁၄။ ဦးညီပု
၁၅။ ဒေါက်တာ မျိုးအောင်

ရံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁၆။ မန်းဂျော်နီ
၁၇။ ဒေါက်တာ သိန်းလွင်
၁၈။ ဦးအောင်စိုး
၁၉။ ဦးဇိုတွဲ
၂၀။ ဒေါ်ဖြူဖြူသင်း

ဒေါ်အောင်ဆန်းကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NlD ပါတီညီလာခံမှာ မတ်လ ၉ ရက်နေ့ က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ 

အဲဒီမိန့်ခွန်းအပြည့်အစုံကိုလည်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခဲ့တာဟာ ဒီနှစ်စက်တင်ဘာဆိုလို့ရှိရင် ၂၅ နှစ်ပြည့်ပါပြီ။ ၂၅ နှစ်ဆိုတာ နည်းတဲ့ အချိန်မဟုတ်ပါဘူး။ အဲ့သည့်ကြားထဲမှာ ကျွန်မတို့ အတွေ့အကြုံအမျိုးမျိုးကို 
ဖြတ်သန်းခဲ့ရပါတယ်။ ဒီလို ဖြတ်သန်းခဲ့ရတဲ့ နေရာမှာ အရေးကြီးတာကတော့ ကျွန်မတို့က သင်ခန်းစာတွေ ယူနိုင်ဖို့ပါပဲ။ 

ကျွန်မ ခဏခဏပြောတဲ့စကား ကျွန်မရဲ့ မျက်စိထဲမှာ လူတော်ရယ်၊ လူကောင်းရယ်၊ လူဆိုးရယ် လူညံ့ရယ် ဆိုပြီးတော့ မရှိပါဘူး။ သင်လို့ မရတဲ့သူနဲ့ သင်လို့ ရတဲ့သူ ဆိုပြီး ဒီ ၂  မျိုး ၂ စားပဲရှိပါတယ်။ 

သင်လို့ရတဲ့ သူဆိုတာ အချိန်မရွေးညံ့တဲ့ အခြေအနေကနေ တော်တဲ့ အခြေအနေကိုရောက်သွားနိုင်တဲ့ သူပါ။ ဆိုးတဲ့ အခြေအနေကနေ ကောင်းတဲ့ အခြေအနေကို ရောက်သွားနိုင်တဲ့သူ၊ ဒါကြောင့်မို့လို့ ကျွန်မ တို့ရဲ့ ၂၅ နှစ်တာ ကာလ အတွင်း အတွေ့အကြုံတွေဟာ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေကို အများကြီး သင်ယူနိုင် တဲ့ အခြေအနေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ 

သင်ယူနိုင်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်တယ် ဆိုပေမယ့် ကိုယ်တိုင်က သင်ယူနိုင်မှ ရမှာပါ။ ကျွန်မတို့ ရဲ့ ညီလာခံဆိုတာက ပထမဦးဆုံး ကျင်းပနိုင်တဲ့ ညီလာခံ ဖြစ်ပါတယ်။

နှစ်ပေါင်း၂၅ နှစ်အတွင်းမှာ ဆိုလို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုဦးစီးစနစ်ကို ကျင့်သုံးနေ တယ် ဆိုပြီး မကျေနပ်တဲ့ အဖွဲ့ဝင်ထဲက ပြောတာ၊  ပြင်ပမှာလည်း ဝေဖန်တာတွေ ကြားခဲ့ရတယ်။ 

ကျွန်မတို့ အနေနဲ့ လွတ်လွတ်လပ်လပ် ဖြေလျှော့နိုင်ခွင့် မရှိတဲ့အခါမျိုးမှာ တချို့ကိစ္စတွေကို ဗဟိုအလုပ်မှု 
ဆောင် အဖွဲ့ကပဲ ဆုံးဖြတ်ရပါတယ်။ တချို့ အချိန်အခါတွေမှာ ဆိုလို့ရှိရင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ က လွဲလို့ တစ်နိုင်ငံလုံးမှာလှုပ်ရှားနိုင်တဲ့ အဖွဲ့ဝင်တွေတောင်မှ မရှိ သလောက်ဖြစ်သွားတဲ့ အခြေအနေတွေ 
ပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် ကျွန်မတို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အားလုံးကို ဦးဆောင်ပြီးတော့ ဦးစီးပြီးတော့ လုပ်ကိုင် တယ်။ ဒါပေမယ့် အခု ဒီနေ့ ဆိုလို့ရှိရင် အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ 

ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေဟာ ရပ်/ကျေးကနေ စပြီးတော့ ရွေးချယ်ခဲ့တယ်။ ရပ်/ကျေး၊ မြို့နယ်၊ တိုင်းပြည် 
နယ် စသဖြင့် အခု ဗဟိုအထိရောက်လာပါပြီ။ 

အဲဒါက ဒီမိုကရေစီ နည်းကျကျနဲ့ ရွေးချယ်ခဲ့ပါပြီ။ ဒီလို ဒီမိုကရေစီ နည်းကျကျနဲ့ ရွေးချယ်ခဲ့တဲ့ နေရာမှာ မကျေနပ်မှုတွေ ရှိခဲ့သလို တခါတလေလည်း မတည်ငြိမ်မှုတွေ ရှိခဲ့ပါတယ်။ 

အဲဒါတွေဟာ ကျွန်မတို့အတွက် သင်ခန်းစာဖြစ်ရမှာပါ။ ဒီမိုကရေစီဆိုတာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ် ပါဘူး။ နိုင်ငံရေးနဲ့ ပက်သက်ပြီးလေ့လာတဲ့ ပညာရှင်ကြီးတွေ အမြဲပြောလေ့ ရှိပါတယ်။ 

ဒီမိုကရေစီ ဆိုတာ ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်ပါဘူးတဲ့။ ဒါပေမယ့်လည်း လူသားအများ အတွက် အကောင်းဆုံးဖြစ်မယ့် အခု လက်ရှိခေတ်အထိ အကောင်းဆုံး စနစ်ဖြစ်လို့ လက်ခံကြတာလို့ ဆိုပါတယ်။

အကောင်းဆုံးစနစ် ဖြစ်လို့ ကျွန်မတို့ လက်ခံထားတာပါ။ လုံးဝ အပစ်အနာအဆာကင်းတဲ့ စနစ်တော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာ ပြည်သူကို အကျိုးပေးဖို့ နိုင်ငံကို အကျိုးပေးဖို့ဆိုရင် ကျွန်မတို့ တချိန်လုံး ကိုယ့်ကိုယ်ကို ချင့်ချိန်ရမယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ်။ 

တကယ်ဘဲ တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက် အကောင်းဆုံး လုပ်နိုင်မလားဆိုတာလည်း ကျွန်မတို့ 
လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်မတို့ အရင်ကတည်း က ပြောခဲ့တဲ့ စကားရှိပါတယ်။ ထပ်တလဲလဲ ကျွန်မ ပြောခဲ့ရဖူးပါတယ်။

ဒီ ၂၅ နှစ် အတွင်းမှာ ဆိုလို့ရှိရင် မရှိသေးတဲ့ ကုလားထိုင်ကို လုနေလို့ရှိရင် ကုလားထိုင် ပေါ်လာရင် ဘယ့်နဲ့ လုပ်မလဲ ဆိုပြီးတော့ ခဏ ခဏ ပြောခဲ့ပါတယ်။

အခုတော့ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ထဲမှာ ကုလားထိုင်တွေ ပေါ်လာတဲ့အခါကျတော့ လုတာလေးတွေ ရှိတယ်ဆိုတာ ကျွန်မတို့ ၀န်ခံရမှာပါ။

အဲဒါတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ကြပါ။ ဘယ်သူတွေကို ဦးဆောင်မှု  နေရာမှာ ထားသင့်တယ် ဆိုတာကို သေသေချာချာစဉ်းစားကြပါ။ ဘယ်သူတွေကို တာဝန်ပေးသင့်လဲ ဆိုတာကို သေသေချာချာ စဉ်းစားကြပါ။ 

ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ ကျွန်မတို့ဟာ တာဝန်ယူတဲ့ စိတ်နဲ့ အလုပ်လုပ်ရမှာပါ။ နေရာယူတဲ့ စိတ်နဲ့ အလုပ်လုပ်ရမှာ မဟုတ်ပါဘူး။ အခုကျွန်မတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံ အဆင့် ဆင့်မှာလည်း တာဝန်ပေးတဲ့ စိတ်နဲ့ ကျွန်မတို့ရဲ့ တကယ့် ပါတီ လုပ်ငန်းတွေ ဆက်လုပ် သွား မယ်ဆိုပြီး 
ရွေးချယ်ခဲ့တယ်လို့ ကျွန်မမျှော်လင့်ပါတယ်။

နေရာ ပေးတဲ့ စိတ်နဲ့လည်း မဟုတ်ပဲနဲ့ ဂိုဃ်းဂန စိတ်နဲ့လည်းမဟုတ်ဘဲ လုပ်ခဲ့မယ်လို့ ကျွန်မတို့ မျှော်လင့် ပါတယ်။ 

လူတွေ ဆိုတာကတော့ ကိုယ့်ရဲ့ အဖွဲ့အစည်းနဲ့ ကိုယ် ခင်ရာမင်ရာ ရှိမယ်ဆိုတာကတော့ သဘာဝကျပါ တယ်။ ကိုယ်  ခင်ရာမင်ရာ ကိုယ်  သဘောကျရာ ကိုယ်  လေးစားရာကို အားပေးတယ်၊ မြှောက်စားချင် တယ်၊ တောက်ကြွားစေချင်တယ် ဆိုတာ နားလည်ပါတယ်။ 

ဒါ လူ့သဘာဝပါ။ ထူးထူးထွေထွေ မပြောလိုပါဘူး။ သို့သော်ငြားလည်း ကိုယ်နဲ့ ခင်နေရုံနဲ့ မပြီးပါဘူး။ ကျွန်မတို့ ဒီလို ရပ်တည်နိုင်တာ ရဲဘော်ရဲဘက်တွေကြောင့်ပါ။

ရဲဘော်၊ ရဲဘက်ဆိုတာ ကိုယ်နဲ့အတူတူ လက်တွဲပြီးတော့ အသင်းအဖွဲ့တစ်ခုထဲမှာလုပ်ခဲ့တဲ့ သူတွေမှ ရဲဘော်ရဲဘက် မဟုတ်ပါဘူး။ ကိုယ်နဲ့ စိတ်တူ သဘောတူ ကိုယ်နဲ့တူတဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် တတ်နိုင်တဲ့ နည်းနဲ့ ပံ့ပိုးပေးတဲ့ ပုဂ္ဂိုလ်များဆိုတာ ကိုယ့်ရဲ့ ရဲဘော် ရဲဘက်တွေပါ။

ဒီလို ရဲဘော်ရဲဘက်တွေ ကျွန်မတို့မှာ တစ် ကမ္ဘာလုံးမှာ ရှိနေပါတယ်။ အဲလို တစ်ကမ္ဘာလုံးမှာ ရှိခဲ့လို့လည်း ကျွန်မတို့ ဒီအချိန်မှာ ဒီအခြေအနေကို ရောက်ခဲ့တာပါ။ ဒါကြောင့် ကျွန်မတို့က ကျေးဇူး တရားနဲ့ သစ္စာ တရားကို အမြဲတမ်းဘဲ ဦးထိပ်ထားဖို့လိုပါတယ်။

ကျွန်မတို့ အပေါ်မှာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို ကျွန်မတို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။ 
ကျေးဇူးရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်များကိုလည်း ကျွန်မတို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။ ကျေးဇူးတရားပေါ်မှာ အခြေခံပြီးတော့ သစ္စတရားကို မွေးဖွါးရမှာ ဖြစ်ပါတယ်။

သစ္စာတရားဆိုတာ ပုဂ္ဂိုလ်ရေးခံစားမှုပေါ်အခြေခံလို့မရပါဘူး။ကျွန်မတို့ ရဲ့ရည်မှန်းချက်ပေါ်မှာ အခြေခံ ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင် ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို လုံးဝ သစ္စာရှိ ရမှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စ တည်ထောင်စဉ် အချိန်တုန်းက ဘယ်လို ကတိက၀တ်တွေ
ပြည်သူ ပြည်သားတွေကို ပေးခဲ့လည်းဆိုတာ ဘယ်တော့မှ မမေ့သင့်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်ဖို့ ဆိုပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပါ။ 

ပြည်သူလူထု အားလုံးကို လူ့အခွင့်အရေးများ ပြည့်ပြည့် ၀၀ ရနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူလူထုကို မတည်နိုင်တဲ့ ကတိက၀တ် ပေးခဲ့တဲ့ပါတီ မဟုတ်ပါဘူး။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီ ၀င်များဟာ ကျွန်မတို့ ပါတီအတွက် စည်းရုံးရေး လုပ်တဲ့အခါမှာ ကိုယ် မတည်နိုင်တဲ့ ကတိက၀တ်တွေ ပေးပြီး မလုပ်ပါနဲ့လို့ ထပ်တလဲလဲ မှာတာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီဟာဟာ ပြည်သူအပေါ်မှာ သစ္စာမဲ့ရာ ရောက်ပါတယ်။ ပြည်သူကို ကိုယ်မတည်နိုင်တဲ့ ကတိတွေ တည်မယ်၊ မတည်မယ်၊ မသေချာတဲ့ ကတိက၀တ်တွေ လွယ်လွယ်နဲ့ ထောက်ခံမှု ရချင် လို့ 
ပေးမယ် ဆိုလို့ရှိရင် ဒါဟာ ပြည်သူအပေါ်မှာ သစ္စာ မရှိရာရောက်ပါတယ်။

နိုင်ငံရေးလုပ်တဲ့ အခါမှာ အရေးအကြီးဆုံးက နိုင်ငံသူ နိုင်ငံသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဖြောင့်မတ်ဖို့ လိုပါတယ်။ အဲဒါဟာ အဓိက အရေးအကြီးဆုံး ဖြစ်ပါတယ်။ တချို့က ဒီဟာ ကို ခေတ်မရှိတဲ့ အမြင်လို့ ထင်ကြပါတယ်။

နိုင်ငံရေးမှာ အောင်မြင်ဖို့ ဆိုရင် စည်းရုံးရေးက အရေးကြီးတယ်။ စည်းရုံးရေး မှာဆိုရင် ထောက်ခံမှုက အရေးကြီးတယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထောက်ခံမှု ရရင်ပြီးရော ဆိုပြီး အမြင်တွေရှိပါတယ်။ 

ဒီလို အမြင်တွေကို ကျွန်မအနေနဲ့ လုံးဝအားမပေးနိုင်ပါဘူး ။ဒီ နိုင်ငံကို တကယ့်ကို သိက္ခာရှိတဲ့ 
တောင့် တင်း ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခု ဖြစ်စေချင်တယ်ဆိုရင် ကျွန်မတို့ အဖွဲ့ချုပ် အတွင်းမှာကိုက လုပ်နည်းလုပ်ပုံတွေ အတွေးအခေါ်တွေ မှန်ကန်ဖို့လိုပါတယ်။

ဒါကြောင့် ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပက်သက်လို့ပြောလို့ရှိရင် သိပ်ကြီးကြီး ကျယ်ကျယ် မပြောချင် ပါဘူး။

ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာတော့ ဖြောင့်မတ်ပါ။ သစ္စာရှိပါ။ ကျေးဇူးတရားဆိုတာ ဘယ်တော့မှ မမေ့ ပါနဲ့။ ကျွန်မတို့ ဒီအချက် ၃ ချက် အပေါ်မှာ အခြေခံပြီး အလုပ်လုပ်သွား မယ်ဆိုရင် ကျွန်မတို့ရဲ့ အခက် အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 

၂၅ နှစ်အတွင်းမှာ နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့လို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်း ဖို့ဆိုတာ အချိန်ပေးရပါမယ်။ အချိန်လည်းယူရမယ်။ ၀ိရိယလည်းစိုက်ထုတ်ရမယ်။ 

ဒီ လိုအပ်ချက်တွေကို ဖြည့်ဖို့ လုပ်နေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုတော့ လုံးဝ မျက်ချေ ပျက်လို့ မရပါဘူး။ ကိုယ့်ရဲ့လုပ်ပုံလုပ်နည်း မမှန်လို့ရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ပုံစံမျိုး မဟုတ်တော့ပဲနဲ့ တခြား ပုံစံတစ်ခုပြောင်းသွားတာကို ကျွန်မတို့တွေ့ရပါလိမ့်မယ်။

မှန်မှန်ကန်ကန် ဖြောင့်ဖြောင့် မတ်မတ်လုပ်မှ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင် က ကျွန်မတို့ မျှော်လင့် တိုင်း ဖြစ်မှာပါ။

အတိတ်ကို သုံးသပ်ရမယ်။ သင်ခန်းစာယူရမယ်။ ပစ္စုပ္ပန်ကိုတည့်တည့် ရှုရမယ်။ လေ့လာရမယ်။ အနာဂတ် ရည်မှန်းချက်တွေ အတွက် ဘယ်လို လုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အနာဂတ်ကို မှန်မှန်ကန်ကန် လျှောက်နိုင်ဖို့ ဆိုတာ အတိတ်နဲ့ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် သုံးသပ်လေ့လာ နိုင်မှ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လှည့်စားလို့မရပါဘူး။ ကိုယ့်မှာ အားနည်းချက်တွေ ရှိတယ်ဆိုရင်ရှိတာကို ကျွန်မတို့ ရင်ဆိုင်ရမယ်။

ဒီအားနည်းချက်ကို ပြုပြင်နိုင်ဖို့ကြိုးစားရမယ်။ အမှားတွေ ပြုကျင့်ခဲ့တယ်ဆိုရင် ဒီ အမှားတွေ ဖြစ်ခဲ့တယ် ဆိုတာကို ၀န်ခံနိုင်ရမယ်။ ဒီလို နောင် မဖြစ်နိုင်အောင် ကြိုးစားနိုင်ရမယ်။ ဒီ ညီလာခံမှာ အောက်ခြေ ကနေ ရွေးချယ်တင်မြှောက်လိုက်လို့ ကိုယ်စားလှယ် အပေါင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီ နိုင်ငံ ဒီမိုကရေစီ နိုင်ငံ ဖြစ်ရေးအတွက်နဲ့ ပြည်သူပြည်သားများ လူ့အခွင့်အရေး 
ပြည့်ပြည့် ၀၀ ရရေးအတွက် တတ်နိုင်တဲ့ နည်းတွေနဲ့ ထမ်းဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ 

ကျွန်မတို့ နိုင်ငံက ပြည်ထောင်စုဖြစ်တဲ့ အလျှောက် ညီညွတ်ရေးဆိုတာ အရမ်းအရေးကြီးပါတယ်။ 

ပြည်ထောင်စု ဆိုတာ Union လို့ အဓိပ္ပါယ်ရပြီး Union ဆိုတာ ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ထားတဲ့ အစုအဖွဲ့ ဖြစ်တယ်။ အဲလိုဖြစ်ဖို့ဆိုရင် ကျွန်မတို့အချင်းချင်းမှာ နားလည်မှု တည်ဆောက်ဖို့ လိုပါတယ်။ 
နောက် ညီလာခံအထိ ခေါင်းဆောင်ရမယ့် လူတွေကို ကျွန်မတို့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ 

အဲလို ရွေးချယ်တဲ့ နေရာမှာ ကျေးဇူးတရား သစ္စာတရားကို အခြေခံရမယ်။ အနာဂတ်ကို ကြည့် ပြီး သွေး သစ်တွေနဲ့ ပါတီကို အင်အားပိုပြီး တက်လာအောင်လုပ်ရမယ်။ သွေးသစ်တွေ ဆိုတော့ လူသစ်တွေပေါ့။ လူငယ်၊ လူလတ်၊ လူကြီးတွေပါမယ်။ လူသစ်တွေဆိုတော့ ဘယ်လိုပုံစံနဲ့ လှုပ်ရှားမယ် ဆိုတာ မသိသေး ပါဘူး။ 

ညီလာခံပြီးရင် စမ်းသပ်မှုကာလ တစ်ခုကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ စမ်းသပ်မှု ကာလဆိုတာ အမြဲတမ်း အခက်အခဲတွေရှိတတ်ပါတယ်။ စမ်းသပ်တဲ့အခါ ထင်သလို မဖြစ်လာတာတွေလည်း ရှိတတ်ပါတယ်။ 

ဘ၀မှာတော့ ပြဿနာတွေဟာ တစ်ခုပြီးတစ်ခု ကျွန်မတို့ ရင်ဆိုင်သွားရမှာဘဲ။ ရင်ဆိုင်တဲ့ အခါမှာ မှန်မှန် ကန်ကန် ဖြေရှင်းနိုင်ဖို့ပါပဲ။ ပြဿနာရှိတာက ကြောက်စရာ မဟုတ်ပါဘူး။ ဒီ ပြဿနာကို မမှန်ကန်တဲ့ နည်းနဲ့ မဖြေရှင်းဖို့ပဲ အရေးကြီးတာပါ။ 

ဒါကြောင့် ညီလာခံ ကိုယ်စားလှယ်တွေက အနာဂတ်အတွက် ဘယ်လိုခေါင်းဆောင်မှု ဖြစ် ချင်လဲဆိုတာ 
သေသေချာချာ စဉ်းစား၊ ဒီခေတ်နဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်မှု လည်း ဖြစ်ရမယ်။ 

နိုင်ငံနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်မှုလည်း ဖြစ်ရမယ်။ ကျွန်မတို့ အဖွဲ့နဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်မှုလည်း ဖြစ် ရမယ်။ အဲလို အဖက်ဖက်က ပြည့်စုံတဲ့ ခေါင်းဆောင်မျိုးကသာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အနာဂတ်မှာ နိုင်ငံကို အကျိုးပြုတဲ့ အဖွဲ့အစည်း တခု အနေနဲ့ တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်ပေးနိုင်မှာ 
ဖြစ်တယ်။

ကျွန်မတို့ အဓိက ရည်ရွယ်ချက်က တခုပဲရှိပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီ နိုင်ငံနဲ့ 
ပြည်သူတွေကို အကျိုးပြုနိုင်ရမယ်။  ဒီနိုင်ငံနဲ့ ပြည်သူတွေကို အကျိုး မပြုနိုင်ဘူးဆိုရင် ကျွန်မတို့ ထူထောင် ခဲ့တဲ့ ရည်ရွယ်ချက်ဟာ မဟုတ် မမှန် ဖြစ်သွားပါမယ်။

ဒီ ညီလာခံက ကိုယ့်ရဲ့ အသိုင်းအ၀န်း နေရာ ရရေးအတွက်လည်း မဟုတ်ဘူး။ ကိုယ်တိုင် နေရာရရေး အတွက်လည်း မဟုတ်ဘူး။ နိုင်ငံကို အကျိုး ပြုနိုင်တဲ့ အဖွဲ့အစည်း ဖြစ်ရေး အတွက် ဆိုတာ သေသေ ချာချာရွေးချယ်တဲ့ နေရာမှာ စိတ်ဆုံးဖြတ်ချက်တွေကိုချကြပါ။

ကိုယ်တစ်ယောက်တည်းအတွက်၊ကိုယ့် မိတ်ဆွေတွေအတွက် မစဉ်းစားပါနဲ့။ ကိုယ့်အသိုင်းအ၀န်းအတွက် မစဉ်းစားပါနဲ့။ နိုင်ငံရေး လုပ်တယ်ဆိုတာ နောက်ဆုံးမှာ တယောက်တည်းတောင်မှ ရပ်တည်နိုင်ရပါမယ်။ 

နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကို ခေါ်ချင်လို့ ရှိရင် ကိုယ့်မှာ ရည်မှန်းချက်တွေရှိရမယ်။ မူဝါဒတွေရှိရမယ်။ ခိုင်ခိုင်မာမာကိုင်စွဲထားတဲ့ ယုံကြည်ချက်တွေရှိရမယ်။ ယုံကြည်ချက်အတွက် အားလုံးကို စွန့်လွှတ်နိုင်တဲ့ သတ္တိရှိရမယ်။ အဲလို သတ္တိမရှိရင် ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ မခေါ်သင့်ပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved