ပုသိမ်ရွှေမုဋ္ဌောဘုရားပေါ်က ငြိမ်းချမ်းရေးဆုတောင်း

Sunday, March 10, 2013


 လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့တဲ့ သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အစီအစဉ်ကို
ပုသိမ်အခြေစိုက် အမေ့ကြယ်ပွင့်လေးများအဖွဲ့နဲ့ နိုင်ငံရေးအင်အားစုတွေက ရွှေမုဋ္ဌောဘုရားမှာ ဒီကနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ကြပါတယ်။

ဘုရား အင်္ဂါထောင့်မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတွေ ကပ်လှူပူဇော်ပြီးတော့ လက်ပံတောင်းတောင်စီမံကိန်း လုံးဝ ရပ်ဆိုင်းပါစေကြောင်း၊ ကချင်ဒေသစစ်ပွဲတွေ လုံးဝ ရပ်ဆိုင်းပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

 “ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ဦးဇင်းတို့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စဟာ ၃ လကြာကြာ၊ ၃ နှစ်ကြာကြာ ဦးဇင်းတို့ ဘယ်တော့မှမေ့သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ပံတောင်းတောင် အကြမ်းဖက်မှု ၃ လပြည့်ဝမ်းနည်းခြင်း ပြုလုပ်ကြတာပါ” လို့ ၂၀၀၇ ရွှေဝါရောင်ဆရာတော် ဦးစန္ဒောဘာသ (ခေါ်) ဦးဇင်းနိုင်ကြီးက ဧရာဝတီကို မိန့်ပါတယ်။

“တိုင်းတပါးက လူမျိုးခြားတွေ အကျိုးရှိပြီး ကိုယ့်တိုင်းသူပြည်သားတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းစေချင်ပါတယ်။ မရပ်ဆိုင်းမချင်းလည်း ဆန္ဒဖော်ထုတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့   ဦးစန္ဒောဘာသက ဆက်လက် မိန့်ကြားပါတယ်။


“တနိုင်ငံလုံး စစ်ပွဲရပ်”
“လက်ပံတောင်းတောင် စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး”
“သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပမပျောက်ရေး”
“နိုင်ငံပိုင် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း အလိုမရှိ”
စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး  ဘုရားရင်ပြင်တော်ပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 “နိုင်ငံတော်အစိုးရနဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အထမြောက် အောင်မြင်ပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်။
 မြန်မာပြည်ကြီး ငြိမ်းချမ်းမှ ကျန်တဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်နိုင်မှာပါ” လို့ အမေ့ကြယ်ပွင့်လေးများအဖွဲ့ခေါင်းဆောင် ကိုကျော့မောင်က ပြောပါတယ်။

 လက်ရှိ ကချင်စစ်ပွဲအခြေအနေကတော့ အစိုးရနဲ့ KIO နှစ်ဖက် စစ်ပြေငြိမ်းရေး အမြန်အကောင်အထည်ဖော်ဖို့ သဘောတူထားတာကြောင့် တိုက်ပွဲကြီးတွေ ထပ်မဖြစ်တော့ဘူးလို့ သိရပါတယ်။

 အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး  ကော်မတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မနက်ဖန်  ထပ်မံ တွေ့ဆုံကြဖို့ ရှိပါတယ်။
ဒါကြောင့် ပုသိမ်က နိုင်ငံရေးတက်ကြွသူတွေ ဆုတောင်းသလို ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်မဖြစ်တော့ဘဲ အပြီးတိုင် ငြိမ်းချမ်းသွားမလား ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


သန့်စင်ငြိမ်းချမ်း ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved