ရန်ကုန် အမြန်ယာဉ်

Sunday, April 28, 2013


    ရန်ကုန်၊ လှည်းတန်းတ၀ိုက်မှာညနေဆို ရုံးသွားရုံးပြန်တွေနဲ့ စည်ကားနေတာကတော့ ထုံးစံပါ။ 
လိုင်းကားတွေ၊ အငှားကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ အမြဲလို ပိတ်ဆို့နေတဲ့လမ်းကြောလည်းဖြစ်ပါတယ်။

မှော်ဘီ၊ တိုက်ကြီး သွားတဲ့ မြောက်ပိုင်းခရိုင်ယာဉ်လိုင်းက ဟိုင်းလတ်ကားလေးတွေကိုလည်း တွေ့ရပါတယ်။
မှော်ဘီ၊ တိုက်ကြီးကနေ ရန်ကုန်ကို အသွားအပြန်လုပ်သူတွေ အားထားရတဲ့ကားလိုင်းလည်းဖြစ်ပါတယ်။ 

ဒီကားတွေစီးရဖို့ကလည်း ညနေပိုင်းတွေမှာဆို တော်တော်လေး မလွယ်ပါဘူး၊
ပုံမှာတွေ့တဲ့အတိုင်းပါပဲ၊ အလုအယက် ပြေးလွှားပြီး နေရာရဖို့ကြိုးစားရပါသေးတယ်။

ဒီကားတွေကို အမြဲလိုစီးနေကျ ခရီးသည်တဦးက ...
“ကားတွေက အရမ်းမြန်တယ်၊ ညပိုင်းလဲရှိတော့ ရုံးနောက်ကျတဲ့လူတွေ၊ ညပိုင်း အလုပ်ဆင်းတဲ့သူတွေ အတွက် အဆင်ပြေတယ်။
ကားမောင်းတာ အရမ်း အမြန်မောင်းတာကြောင့် အန္တရာယ်ရှိမယ်မှန်း သိပေမယ့်။ အမြန်လိုတာကြောင့် စီးနေရတာပဲ” လို့ ပြောပါတယ်။


    ဒီကားတွေမှာ အမြဲလို ပါတတ်တဲ့ ခရီးသည်အများစုကတော့ သီရိမင်္ဂလာဈေးက ဈေးသည်တွေပါ။
“ကားကြီးတွေနဲ့ဆို အဆင်မပြေဘူး၊ အချိန်ကြာတယ်၊ အထုတ်အပိုးတွေ၊ ကုန်စည်တွေက အမိုးပေါ်မှာ တင်လို့ရတော့ ဒီကားတွေကိုပဲ စီးဖြစ်ပါတယ်”
လို့ ဈေးသည်အမျိုးသမီးကြီးတဦးက ပြောပါတယ်။

လှည်းတန်းမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းအမျိုးသမီးလေးတဦးက အခုလို ပြောပါတယ်။

     “ညနေပိုင်း ၇ နာရီလောက်မှပြန်ရတယ်၊ အင်းစိန်ကို ပြန်တဲ့အခါ ဒီဟိုင်းလတ်ကားတွေကိုပဲ စီးရတယ်၊
ရုံးဆင်းတဲ့အခါ အိမ်မြန်မြန်ပြန်ချင်တာပေါ့၊ ဒီကားတွေက မောင်းတာ အန္တရာယ်ရှိတဲ့ပုံ ဖြစ်ပေမဲ့လည်း စီးရတာပါပဲ” တဲ့။

ကားတွေ မိုင်ပိုမောင်းတာ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပါပဲ။
ဘာမှမဖြစ်သေးသရွေ့တော့ ဘာမှမဖြစ်ဘူးပေါ့လို့ ဆိုရမှာဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved