ဦးသန့် အိမ်တော်ကို ပြတိုက်အဖြစ် ဖွင့်လှစ်ပြသ

Monday, April 8, 2013

ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသား ဦးသန့် နေထိုင်ခဲ့ရာ နေအိမ် ကို ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ယခင်က ဦးသန့် နေထိုင်ခဲ့သည့် နေအိမ် မျက်နှာစာမှာ ကျင်းပခဲ့ကြပါတယ်။ 

ဦးသန့် သက်ရှိထင်ရှား ရှိစဉ်က ရန်ကုန်တိုင်၊ ကမာရွတ်မြို့နယ် ပန်းဝါလမ်းက အမှတ် ၃၁၊ နေအိမ်မှာ နေ ထိုင်ခဲ့ပြီး ယခုအခါ အဆိုပါ နေအိမ်ကို ဦးသန့် ပြတိုက်အဖြစ် ခင်ကျင်း ပြသလိုက်ပြီဖြစ်ပါတယ်။ 

ဦးသန့်နေအိမ်ပြတိုင်အတွင်း တနေရာ၊ ဓာတ်ပုံ- ကြေးမုံသတင်းစာ

ဖွင့်လှစ်ပွဲ အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း အပါအ၀င် ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့်အပါအ၀င် နိုင်ငံခြား သံတမန်တွေ၊ ဦးသန့် အိမ်တော် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့် မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့ပါ ဧည့်သည်တွေတက်ရောက် အားပေးခဲ့ကြတယ်လို့ ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ကမ္ဘာ့အလယ် မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်ယူခဲ့သူ ကွယ်လွန်သူ ဦးသန့်ဟာ တတိယမြောက် ကမ္ဘာကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်က ၁၉၇၁ ခုနှစ်ထိ တာဝန်ယူခဲ့သူ၊ ကမ္ဘာကျော် တက္ကသိုလ်တွေက ဂုဏ်ထူးဆောင် ဘွဲ့ပေါင်း ၃၀ ကျော်ကို လက်ခံရရှိခဲ့သူ၊ လူသားတန်ဘိုးကို ငြိမ်း ချမ်း
သော နည်းလမ်းနဲ့ အသိအမှတ်ပြုကာ ပဋိပက္ခပြဿနာတွေကို ငြိမ်းအေးစေခဲ့သူ၊ ငြိမ်းချမ်းရေး ဖော်ဆောင် မှု ဆိုင်ရာမှာ ကမ္ဘာကပါ စံပြုထိုက်သူ တဦးလည်း ဖြစ်ပါတယ်။ 

ဒီအပြင် ဦးသန့်ဟာ နာမည်ကြီး ကျူးဘား ဒုံးပျံ ပြဿနာမှာ  ထိုစဉ်က အမေရိကန်ပြည်ထောင်စု သမ္မတ ကနေဒီနဲ့ ဆိုဗီယက် ယူနီယံ ၀န်ကြီးချုပ် ခရူးရှပ်ဖ်တို့ကြားမှာ အဓိက နေရာက ပြဿနာကို ကူညီဖြေရှင်း
ပေးခဲ့ပြီး အနုမြူစစ်ပွဲကြီးဖြစ်မယ့် ရန်က ရှောင်ရှားနိုင်အောင် စွမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဆိုပါကိစ္စဟာ လူအများ လေးစား အားကျရတဲ့ စံပြပုဂ္ဂိုလ်ကြီး ဦးသန့်ကို ကမ္ဘာက ပိုသိလာစေခဲ့တာပါ။

ဒါပေမယ့် ဦးသန့် ကွယ်လွန်ချိန်မှာ ရုပ်ကလပ်ကို မိသားစု ဆန္ဒအရ မြန်မာနိုင်ငံမှာ သဂြိုလ်ဖို့ ပြန်သယ်လာ ခဲ့ပေမယ့် ထိုစဉ်က အာဏာရှင် ဦးနေ၀င်းရဲ့ လုပ်ရပ်ကြောင့် တက္ကသိုလ်ကျောင်းသားတွေဟာ ဦးသန့် ရုပ်ကလပ်ကို အကြောင်းပြုပြီး ဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။

ဦးသန့်အရေးအခင်းမှာ ဆန္ဒပြ ကျောင်းသားတွေဟာ ကမ္ဘာက လေးစားခံရတဲ့ ဦးသန့်ရဲ့ ရုပ်ကလပ် ကို မြန်မာနိုင်ငံက ထိုက်တန်တဲ့နေရာမှာ ရှိစေချင်ခဲ့ကြတာပါ။ ဒါပေမယ့် အာဏာရှင် ဦးနေ၀င်း အစိုးရရဲ့ ရက်စက်စွာ ဖြေရှင်းမှုတွေ ရင်ဆိုင်ခဲ့ကြရတာပါ။

အခုတော့ ကမ္ဘာ့ ငြိမ်းချမ်းရေး လမ်းပြ၊ ဦသန့်ရဲ့ နေထိုင်ရာ အိမ်ဟာ အများသူ၊ ငါ လေ့လာလို့ရ မယ့် ပြတိုက်ကြီး ဖြစ်သွားပါပြီ။

ဦးသန့်ဟာ ဘယ်လိုလူလည်း ဆိုတာ အဆိုပါ ဦးသန့်နေအိမ်ပြတိုက်က သတင်းစကား တခုမဟုတ် တခုကို သွားရောက်လေ့လာသူတိုင်း ရကြမယ်လို့ ယူဆပါတယ်။


အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved