ပြည့်သူ့အဖွဲ့အစည်းလေးများ

Monday, April 22, 2013

စာရေးဆရာ ကိုတာ

ရန်ကုန်၊ဧပြီ၊၁၉

Civil Society ကို အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းလို့ ခေါ်ကြတာရှိပေမယ့် စာရေးဆရာ ကိုတာ ကတော့ ပြည်သူ့အဖွဲ့အစည်းလေးများလို့ ပြန်ဆိုပါတယ်။

သူ့ရဲ့ ပြည်သူ့အဖွဲ့အစည်းလေးများ စာအုပ်မှာ “နိုင်ငံတော်ဆိုတာက အကြီးကြီး။ မိသားစုဆိုတာက သူနဲ့နိုင်းလိုက်ရင် သေးသေးလေး။ဒီကြားထဲမှာ အခုအခံ ဘာမှမရှိရင် မိသားစုဆိုတာလေးကတော့ နိုင်ငံတော်ရဲ့အောက်မှာ ပိပြားနေမှာပဲ” လို့ ရေးထားပါတယ်။

အဲဒီအတွက် “မိသားစုတွေ (၀ါ) ပြည်သူတစ်ဦးချင်းတွေဟာ တဦးနဲ့တဦး ပေါင်းရ၊ စုရတယ်။ ကိုယ့်ရပ်ရွာ အကျိုးစီးပွား၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လယ်ကလေး၊ ယာကလေး၊ မြစ်ကလေး၊ ချောင်းကလေးများကို ကာကွယ်ဖို့ နည်းနည်းတော့ အသက်ရူချောင်။ အလွန် မပိပြားတော့ဘူးပေါ့ဗျာ။ ပြည်သူ့အဖွဲ့အစည်းတွေဟာ အဲသလို ခုသာခံသာရှိအောင် လုပ်ပေးလို့ အရေးကြီးတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ပြည်သူ့အဖွဲ့အစည်းတွေ အရေးကြီးတယ်” လို့ ဆရာကိုတာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်အလွန်ကာလမှာ နေရာဒေသအသီးသီး ပြည်သူ့အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှာ ရင်ဆိုင်ဖြေရှင်းဖို့ ကြုံနေရတဲ့အခက်အခဲတွေကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြမှ ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ စတင်ဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာအတွက် ယုံကြည်ချက်တူသူတွေ စုပေါင်းပြီး နာဂစ်ကာလမှ စတင်ပြီး ဒီကနေ့အထိ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်သူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသစ်က “ကျနော်တို့ နာဂစ်မှာစပြီး ကူညီမှုတွေကို သူငယ်ချင်းတွေနဲ့လုပ်ခဲ့တယ်။ အဲဒီတုန်းကတော့ အဖွဲ့ဖွဲ့ဖို့ ဘာဖို့ မစဉ်းစားခဲ့ဘူး၊ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်မယ်ဆိုပြီး လုပ်ခဲ့ကြတာ။ အဲဒီအချိန်မှာပဲ စိတ်အားထက်သန်တဲ့လူတွေ စုမိသွားတယ်ပဲ ပြောရမလား။ ကျနော်တို့ မြို့ရွာတွေမှာရှိတဲ့ လိုအပ်ချက်တွေကို ထပ်ပြီးကူချင်ကြတယ်။ ငွေစိုက်နိုင်သူက ငွေကြေးပေါ့။လုပ်အား စိုက်နိုင်သူတွေကလည်း အချိန်ပေးပြီး လုပ်ကြကိုင်ကြရင်း အဖွဲ့လေးတွေ ဖွဲ့ဖြစ်သွားတယ်” လို့ ပြောပါတယ်။

အခု ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း အဖွဲ့အစည်းတွေ ပိုပြီး အားကောင်းလာတယ်လို့ ပြောရပါမယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ခိုင်ခိုင်မာမာ ဖြစ်ဖို့အသင်းအဖွဲ့တွေရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့်နဲ့ စွမ်းရည်ပြည့်ဝမှုကလည်း အရေးကြီးတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီလိုအဖွဲ့အစည်းတွေကို ထောက်ပံ့ အကူအညီပေးနေတာ ဖြစ်ပါတယ်။

ငါးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးစိုးတင့်က “အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းမှ အခုအသွင်ကူးပြောင်းရေးကာလ Transition Period ကို မြန်မြန်ကျော်လွှားနိုင်မယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုး အရပ်ဘက် အဖွဲ့အစည်းတွေက ရှိပြီးသားပါ။ ဒါတွေကို ပိုပြီး အားကောင်းအောင် လုပ်ဖို့ပဲလိုတယ်” လို့ ပြောပါတယ်။

“တိုင်းပြည်က ဆင်းရဲတွင်းနက်နေတာ။ ကျနော်တို့အားလုံး အလုပ်လုပ်ရမယ့် အချိန်ကို ရောက်နေပြီဗျ၊ ဟိုပြောဒီပြော ဆရာလုပ်တာတွေလည်း ရပ်သင့်ပြီ။ ကိုယ်တိုင် ၀င်လုပ်ကြမှရမယ့် ကိစ္စတွေချည်းပဲ။ အရင်ကတော့ အားလုံးက အမိန့်အောက်မှာပဲ အလုပ်လုပ်နေကြရတာလေ။ အခု လွတ်လပ်လာတယ်။ အဲဒီ ရလာတဲ့ လွတ်လပ်ခွင့်လေးကို အသုံးချပြီး အကျိုးရှိတဲ့အလုပ်တွေကို အဖွဲ့အစည်းအလိုက်ဖြစ်ဖြစ် လူတဦးချင်းအလိုက်ပဲဖြစ်ဖြစ် ကောင်းကောင်း အလုပ်လုပ်ကြရင် တိုင်းပြည်က မြန်မြန်ပြန်ကောင်းလာမှာပါ” လို့ အလင်းမီးအိမ်အဖွဲ့မှ ကိုထွန်းထွန်းက ဆိုပါတယ်။

~ရွက်စိမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved