ဒေါနတောင် အနှေးလမ်း နဲ့ အမြန်လမ်း

Tuesday, April 23, 2013


ကရင်ပြည်နယ်ရှိ ၅၅ မိုင်ရှည် ဒေါနတောင်ကျော် ကားလမ်း ကတ္တရာခင်းရာတွင် လမ်းကြိတ်စက် တစီးတိတိ အသုံးပြုနေကြောင်း သိရသည်။ 
(ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ) ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာ အပြီးခင်းရန် ပြည်ထောင်စုအစိုးရက ခွင့်ပြုငွေ ကျပ် ၅၇၈ သန်းချပေးခဲ့သော်လည်း စက်ယန္တယားအားကိုအသုံးပြုနိုင်ခြင်း အလွန်နည်းပါးခဲ့သဖြင့် သတ်မှတ် ကာလတွင် ပြီးမြောက်ခဲ့ခြင်းမရှိဟု မြန်မာအင်ဂျင်နီယာတချို့ကပြောသည်။

“လမ်းခင်းမယ့် ကျောက်တွေကို လမ်းဘေးမှာ ကားနဲ့ လိုက်ချပေးတာရှိတယ်။ ပြီးရင် လမ်းကြိတ်စက်တစီးနဲ့ပဲ လမ်းဖြစ်အောင်လုပ်ရတာ ဆိုတော့ ဘယ်လိုလုပ်ပြီးမှာလဲ” ဟု လမ်းဖောက်လုပ်မှုတွင်ပါဝင်သည့် ကော့ကရိတ်မြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာတဦးက ပြောသည်။

“သမရိုး ကျအတိုင်းပဲ လူအားကို အသုံးပြုပြီး ကျောက်သယ်၊ ကျောက်ခင်း၊ ကတ္တရာလောင်းတာကအစ ဆိုတော့ သတ် မှတ်ကာလမှာ မပြီးတာ” ဟု သူက ဆက်ပြောသည်။

မြ၀တီမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့က သင်္ကန်းညီနောင်မှ စတင်ကာ ၁၀ မိုင်ခန့်၊ ကော့ကရိတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့ကလည်း ကော့ကရိတ် ဒေါနတောင်ခြေမှစတင်၍ ၁၀ မိုင်ခန့်သာ ကတ္တရာခင်းနိုင်ခဲ့သည်။


ဒေါနတောင်ကျော်ကားလမ်း၏ အဓိကတောင်ပေါ်လမ်းပိုင်းကို ကတ္တရာ အပြီးသတ် မခင်းနိုင်ခဲ့ပေ။

အကျိုးဆက်အားဖြင့် နေ့စဉ်အစီးရေ ရာပေါင်းများစွာ ပြေးဆွဲနေသည့် ကုန်တင်ကားကြီး ကားငယ်များ၊ ခရီးသည်တင် ကားကြီးကားငယ်များသည်  မကြာမီရောက်ရှိမည့် မိုးတွင်းကာလတွင်  ယခင်အတိုင်း လမ်းခရီးဆိုးရွားမှု အခက်အခဲများနှင့်ကြုံတွေ့ ကြရတော့မည်ဟု မြန်မာကုန်သည်များကပြောသည်။

မြ၀တီ-ကော့ရိတ်ဒေါနတောင်ကျော်ကားလမ်းကို ဆယ်စုနှစ်ပေါင်းများစွာ လမ်းသားပြုပြင်ခြင်း၊ ကတ္တရာလမ်းအဖြစ် ဖောက်လုပ်နိုင်ခြင်း မရှိခဲ့သဖြင့် နွေရာသီတွင်ဖုန်ထူ၊ မိုးရာသီတွင်ဗွက်ထပြီး မော် တော်ယာဉ်များသွားလာရာတွင် အလွန်အန္တရာယ်များသည့် လမ်းကြောဖြစ်သည်။

ထိုလမ်းသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြော ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးလျှင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးဇုန် လမ်းကြောလည်း ဖြစ်သည်။

တောင်ကျော်လမ်းကို ကတ္တရာ အနှေးခင်းရခြင်းအကြောင်းရင်းမှာ မကြာမီ ပေါ်ပေါက်လာတော့မည့် တောင်ပတ်လမ်း ကြောင့်လည်း ဖြစ်ဖွယ်ရှိသည်။

ဒေါနတောင်ပတ်လမ်း

ထိုင်းနှင့်မြန်မာအစိုးရတို့ ၂၀၁၂ ဇန်န၀ါရီလ သဘောတူညီချက်အရ မြ၀တီ-ကော့ကရိတ်ဒေါနတောင်ပတ်ကားလမ်းကို ထိုင်းကုမဏီတို့အပြီးတည် ဆောက်ရန် သတ်မှတ်ထားသည့်ရက်မှာ လာမည့်နှစ်ဧပြီလ ၃၀ ရက်နေ့ ဖြစ်သည်။

ထိုင်းဘတ် ၁,၁၆၆ သန်း အကုန်အကျခံ တည်ဆောက်နေသည့် တောင်ပတ်ကားလမ်းသည်  အာရှ အဝေးပြေးကားလမ်းများ၏ စံချိန်စံညွှန်းများအတိုင်း ပေါ်ပေါက်လာဖွယ်ရှိပြီး ယခုအခါ  စက်ယန္တရားအင်အား အစီးရေ ၆၀ ကျော်ဖြင့်  ဖောက်လုပ်နေသည်။

တောင်ပတ်လမ်းသည် ထိုင်း-မြန်မာအာရှအဝေးပြေးလမ်းမကြီးအမှတ် (၁) (AH-1) လမ်းပိုင်းတွင်ပါဝင်ပြီး ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဖြတ်လမ်းမကြီးအတိုင်း အိန္ဒိယနယ်စပ်တမူးမြို့အထိ ချိတ်ဆက်သွားမည်ဖြစ်သည်။

မကြာမီ တောင်ကျော်ကားလမ်းအစား တောင်ပတ်ကားလမ်းသစ်ကြီးကိုအစားထိုး အသုံးပြုမည်ဖြစ်ကြောင်း၊  တောင်ကျော်လမ်းကို ခရီးသွားလုပ်ငန်းများအတွက် မွန်းမံကာ အသုံးပြုသွားမည့် အစီအစဉ်များရှိကြောင်း ကရင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်ဦးဇော်မင်းက ပြောသည်။

ပြည်တော်မြင့် ~


   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved