သင်္ကြန် မဏ္ဍပ်ဖိုး သတ်မှတ်ကြေးနဲ့ ကောက်လို့ လာရှိုး ဈေးသည်များ မကျေနပ်

Saturday, April 6, 2013



ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန် ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင်  အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံ ကောက်ခံနေကြောင်း လားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။

“မထည့်ဘူး မပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီး အတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလို မှတ်နေကြတာ” ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦး ကပြောကြားသည်။

ပျံကျဈေးရောင်းချနေသည့် ဈေးသည်များက ပြောရာတွင် မိမိတို့ ပျံကျ ဈေးသည်များအားလည်း ကောက်ခံကြောင်း၊ ပျံကျတဦးလျင်   ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိ ခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်းချခွင့် ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်များ ကပြောသည်။

ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက သုံးသပ်ပြောကြားရာတွင် ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေး အတင်းအကျပ် ကောက်ခံခွင့် မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ်ဝန်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း ပြောဆိုသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှ စတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောဆိုသည်။

စည်ပင်မှ  ၀န်ထမ်း တဦးက ပြောကြားရာတွင် ဈေးရောင်းချခွင့် မပေးခြင်း မဟုတ်ကြောင်း၊ စာကပ်ပေးထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်။

ခမ်းမြတ် (ရှမ်းပြည်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved