သင်္ကြန်ကာလ ကားစီးကြလျှင်

Friday, April 12, 2013

ထိုင်းနိုင်ငံရောက် ရွှေများ  သင်္ကြန်ကာလနေရပ်ပြန်စဉ် အများဆုံး အသုံးပြုကြသည့်လမ်းမှာ မြ၀တီလမ်း ဖြစ်ဖွယ်ရှိသည်။

ဤကာလမျိုးမှာ ကားသမားတို့  ခါတော်မီအခွင့်အရေးယူသည့်ကာလဖြစ်နေသည်။

ယမန်နေ့ကတွေ့ရသည့် မြ၀တီ-ကော့ကရိတ်ကားလမ်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မြ၀တီ-ဘားအံ မိုင် ၁၀၀ ခန့်  ခရီးအတွက်  ပုံမှန်ယာဉ်စီးခ ကျပ် ၅,၀၀၀ ဖြစ်သော်လည်း ထောင်သောင်းချီ ပြည်တော်ပြန်ကြသည့် သင်္ကြန်ကာလတွင် ယာဉ်စီးခက ၂ ဆ ဖြစ်သွားသည်။ 

ထိုင်းမှပြန်လာသည့် အမျိုးသမီးတဦးဖြစ်သူ နန်းအွာအွာက “ပုံမှန် ငါးထောင်ခရီးကိုတသောင်းပေးရတယ် ရွှေးစရာကားမရှိဘူး ကားသ မားတွေအကုန်လုံးညှိထားကြတယ်
ပစ္စည်းအိတ်ကြီးတွေကိုလည်း တလုံးငါးထောင်ကနေ တသောင်းအထိ တောင်းတယ်။ ... ဘာမှမတတ်နိုင်ကြဘူး။ သိသိကြီးနဲ့ကို ခံရတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“သိသိကြီး” နှင့် ခံလိုက်ရခြင်းမှာ တခုတည်း မကပေ။

လမ်းခရီးတွင်မှတ်ပုံတင်စစ်ဆေးကာ အကြောင်းအမျိုးမျိုးပြ ရမယ်ရှာသည့် စစ်ဆေးရေးဂိတ်သုံးခုရှိကြောင်း၊  ခရီးသည် တဦးလျှင် ကျပ် ငါးရာမှတထောင်ထိ တောင်းယူမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်ဟု နန်းအွာအွာက ဖြည့်စွက်ပြောကြကြားသည်။


ယာဉ်မောင်းတဦးက သင်္ကြန်ကာလတွင် စက်သုံးဆီများဈေးတက်သောကြောင့် ယာဉ်စီးခပိုယူရသည်ဟု ဆိုသည်။

အခြား ယာဉ်မောင်းတဦးကမူ သင်္ကြန်မတိုင်မီရက်များ၊ သင်္ကြန်ပြီးခါစ ရက်များတွင် ယာဉ်စီးခ အပြောင်းအလဲဖြစ်တတ်ကြောင်း၊ ထိုကာလ လွန်မြောက်မှ ယာဉ်စီးခ ပုံမှန်အခြေအနေသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြသည်။

မှောင်ခိုပစ္စည်းပေါများသော ဤလမ်းတွင် အကောက်အခွန်ဂိတ်၊ လုံခြုံရေးဂိတ်တို့ကို တွေ့နိုင်သည်။

ကားတို့ကို မဆိုစလောက်စစ်ဆေးသည် ဆိုသော်လည်း ယာဉ်အရေအတွက် ရာပေါင်းများစွာ ဖြစ်သောကြောင့်  ဒေါနတောင်ကျော်လမ်းရောက်သည့်အခါ ကားများကို တရွေ့ရွေ့သာ မောင်းကြရတော့သည်။


ခရီးသည် အပြည့်တင်ဆောင်ထားသည့်ကားများ ဘီးတလှိမ့်ချင်းလှိမ့်နေသည့် မြင်ကွင်းကို ဤနေရာတွင်သာ တွေ့နိုင်ဖွယ်ရှိသည်။ တခါတရံ ခပ်သွက်သွက် မောင်းနိုင်သည်။ တခါတရံ လုံးဝ ရပ်သွားသည်။

လမ်းကျဉ်းသည့်နေရာတွင် ယာဉ်တန်းက ၁ တန်း ဖြစ်ပြီး၊ လမ်းကျယ်တွင်မူ ယာဉ်တန်းက ၂ တန်း ၃ တန်း ဖြစ်သွားသည်။

ရှေ့သို့ မြန်မြန်ရွေ့သည့်ယာဉ်ကြောသို့ ပြောင်းရွှေ့ မောင်းနှင်စဉ် ယာဉ်တိုက်မှု၊ မတော်တဆမှုတို့ကို ရံဖန်ရံခါ ကြုံရနိုင်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုတခုတွင် ခရီးသည် ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

သာမညတောင်အနီးရှိ သာယာကုန်းရွာတွင် မြ၀တီမှလာသည့် ခရီးသည်တင်မှန်လုံကားငယ် တိမ်းမှောက်သဖြင့် ခရီးသည်တဦးသေဆုံး၊ ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုအမှုကြောင့် ဘားအံဆေးရုံတွင်ဆေးကုသမှုခံယူနေရသော လူနာများနှင့်ပတ်သက်၍ ၎င်းမော်တော်ယာဉ်လိုင်းက တစုံတရာ တာဝန်ယူမှုမရှိဟု ဒဏ်ရာရရှိသူ တဦးကပြောသည်။


[ခရီးသည်တချို့က ကားကြိုကားကြား သွားနိုင်သော ဆိုင်ကယ် ကယ်ရီကို အားကိုးကြသည်]

ဒေါနတောင်ကျော်ကားလမ်းတွင် ခရီးသည်တင်ယာဉ်လိုင်း အများအပြားရှိပြီး တချို့လိုင်းများက တရားမဝင် ပြေးဆွဲနေခြင်း ဖြစ်သည်။
အလုအယက် မောင်းနှင်မှုများကြောင့် ယဉ်မတော်တဆမှုများဖြစ်ပွားမှုကို မကြာခဏ တွေ့နိုင်သည်။

အဆိုပါလမ်းခရီးတွင် ယာဉ်စီးခအဆမတန်တောင်းခံမှုနှင့် အခြားလမ်းခရီးဆိုင်ရာ ဆက်စပ်ပြဿနာများကို မြ၀တီ-ကော့ကရိတ်နှင့် ဘားအံမြို့နယ် အာဏာပိုင်များက ထိရောက်သည့် ကိုင်တွယ် အရေးယူမှုမရှိသေးသည်မှာ ကာလ ရှည်ကြာခဲ့ပြီဟု ခရီးသွားများကပြောသည်။

ပြည်တော်မြင့် ~


 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved